သတင်း

မြင်းခြံနှင့် နွားထိုးကြီးတွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ၈ ခု ဖောက်ခွဲခံရ

တာဝါတိုင် ၂ ခု ပြိုလဲသွားပြီး ကျန် ၆ ခု၏ ဆက်သွယ်ရေးစနစ်ဆိုင်ရာ ပစ္စည်းများ ပျက်စီးသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အတွင်းရှိ စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ ဆက်သွယ်ရေးတာဝါတိုင် ၈ ခုကို ဒေသအခြေစိုက် တော်လှန်ရေးတပ်များက နိုဝင်ဘာ ၂၆ ရက်နေ့တွင် ဖျက်ဆီးခဲ့သည်ဟု သိရှိရသည်။

မြင်းခြံမြို့နယ်အတွင်းရှိ သင်ပြွန်း၊ ကန်နီရွာ၊ ထိမ်ပန်းနှင့် ရွာသစ်ရွာတို့အကြား၊ နွားထိုးကြီးမြို့နယ် ကူကုန်း၊ ဘဟက်တော၊ သာပေါင်း၊ ကန်ကြီးနှင့် ကျောက်တန်းကျေးရွာတို့ရှိ Mytel ဆက်သွယ်ရေးတာဝါတိုင်များ ဖျက်ဆီးခံရခြင်းဖြစ်သည်။

တာဝါတိုင် ၂ ခု ပြိုလဲသွားပြီး ကျန် ၆ ခု၏ ဆက်သွယ်ရေးစနစ်ဆိုင်ရာ ပစ္စည်းများပျက်စီးသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့် အထိမ်းအမှတ်အဖြစ် Mytel တာဝါတိုင်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ တပ်ရင်း ၄ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“အခြား (တော်လှန်ရေး) လုပ်ငန်းစဉ်တွေနဲ့ တိုက်ဆိုင်တဲ့အတွက် ၂၆ ရက်နေ့ အကြိုပေါ့။ တန်ဆောင်တိုင်ကို အမှီပြုပြီး စာဆိုကတော့ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ပေါ့။ ကျွန်တော်တို့ကတော့ မြိုင်မြိုင်ဆိုင်ဆိုင် အဘတာဝါတိုင်ဆိုပြီး ဒီလုပ်ငန်းတွေကို လုပ်ခဲ့တာပါ”။

တာဝါတိုင်များ တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် အခြေစိုက်ရာ စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကာ စစ်ကောင်စီက သုံးရက်ကြာ (နိုဝင်ဘာ ၂၉) သည်အထိ လာရောက် စစ်ဆေးနိုင်ခြင်းမရှိဟု ၎င်းက ဆက်ပြောသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း နိုဝင်ဘာ ၂၆ ရက်တွင် ဖျက်ဆီးခံရသည့် Mytel တာဝါတိုင်တစ်ခု။ ဓာတ်ပုံ – ပေးပို့

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ Mytel ကို စစ်တပ်က အဓိက ထိန်းချုပ်ထားပြီး Telecom International Myanmar ကုမ္ပဏီအမည်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးနေသည်။

ထိုကုမ္ပဏီ၏ ရှယ်ယာများကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ပြည်တွင်းအများပိုင်ကုမ္ပဏီများဖြင့် ပူးပေါင်းထားသည့် MNTH ကုမ္ပဏီက ၂၃ ရာခိုင်နှုန်းနှင့် ဗီယက်နမ်စစ်တပ်ပိုင် Viettel Global Investment JSC က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထုတ်ကုန်များကို ပြည်သူလူထုက သပိတ်မှောက်ရာတွင် Mytel ဆက်သွယ်ရေးကွန်ရက်ကို မသုံးစွဲရန်လည်း ပါဝင်သည်။

အာဏာသိမ်းပြီး သုံးလအတွင်း သုံးစွဲသူ နှစ်သန်းခန့် လျော့ကျသွားကာ Mytel ကုမ္ပဏီသည် ဝင်ငွေ ဒေါ်လာ ၂၅ သန်းနီးပါး ထိခိုက်ခဲ့ကြောင်း စစ်တပ်၏ ဝင်ငွေရလမ်းများကို စောင့်ကြည့်နေသော အရပ်ဘက်အဖွဲ့ Justice For Myanmar က ၂၀၂၁ နိုဝင်ဘာလအတွင်း ထုတ်ပြန်ဖူးသည်။

Mytel တာဝါတိုင်ကို အသုံးပြု၍ လက်နက်များထုတ်လုပ်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးသမားများကို ၂၀၂၂ အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

လက်လုပ်မိုင်း၊ အမြောက်၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုရန် တော်လှန်ရေးအင်အားစုများက စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်များကို ဖောက်ခွဲဖျက်စီးလေ့ရှိသည်။

လူထုက သပိတ်မှောက်ထားသော်လည်း Mytel သည် စစ်ကောင်စီလက်ထက်တွင် လုပ်ပိုင်ခွင့်အသစ်များရနေပြီး အောင်ဘာလေထီကို အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင်လည်း နည်းပညာဝန်ဆောင်မှုပေးနေသည်။

အာဏာသိမ်းစစ်တပ်သည် ဆက်သွယ်ရေးလုပ်ငန်းအပါဝင် သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကဏ္ဍစုံတွင် စီးပွားရေး လုပ်ကိုင်နေသည်။ စစ်တပ်၏ စီးပွားရေးလုပ်ငန်းအင်ပါယာကြီးနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အမေရိကန်နှင့် အနောက်နိုင်ငံများက ပစ်မှတ်ထားပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းထားသည်။

Show More

Related Articles

Back to top button