ဆောင်းပါး

အာဏာရှင်မိသားစုကို အထိနာစေသည့် Mytel တိုင် ဖောက်ခွဲမှုစစ်ဆင်ရေး

၂၀၂၁ နှစ်ကုန်ရန် ရက်ပိုင်းအလို နံနက်ခင်းတစ်ခုတွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မြို့ပြင်တစ်နေရာတွင် ပေါက်ကွဲမှုကြီးဖြစ်ပွားပြီး ဆက်သွယ်ရေးတာဝါတိုင်တစ်ခု လဲကျသွားသည်။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တတိယအကြိမ်မြောက် ဖျက်ဆီးအပြီး လဲကျသွားသည့် ထိုတာဝါတိုင်မှာ မြို့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ မဲနောကျေးရွာတွင် တည်ရှိသည်။ 

ထိုနေရာသို့ စစ်ကောင်စီတပ်သားများ ရောက်မလာသဖြင့် တာဝါတိုင်အစိတ်အပိုင်းများကို တစ်နေကုန် ဖြတ်တောက်ပြီး ယူဆောင်ခဲ့သည်ဟု မြင်းမူအခြေစိုက် ဇာမဏီ (ZRF) အမည်ရ ပြောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက Myanmar Now ကို ပြောသည်။

“ထောက်တိုင်တွေ၊ ခြားတိုင်တွေကို ကျွန်တော်တို့အနေနဲ့ တစ်ဖက်ပိတ်ပြောင်းတွေလုပ်တယ်။ တိုင်ကရှိတဲ့ ပစ္စည်းတွေ အကုန်ဖြုတ်ယူပြီးတော့ လက်နက်ခဲယမ်းလုပ်တယ်” ဟု ပြောက်ကျားခေါင်းဆောင်က ပြောသည်။

ထိုတိုင်မှာ စစ်တပ်ပိုင် Mytel ၏ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုဖြစ်ပြီး PDF များက နိုင်ငံအနှံ့ အလားတူတိုင်များကို ရာနှင့်ချီ ဖျက်ဆီးဖြိုချနေကြရာ ထိုလှုပ်ရှားမှုသည် စစ်တပ်နှင့် အာဏာသိမ်းခေါင်းဆောင်မိသားစု၏ လုပ်ငန်းများကို ဆုံးရှုံးမှုကြီးမားစေသည့် စစ်ဆင်ရေးဖြစ်နေသည်။ 

Mytel တိုင် ၃၆၀  

ဆက်သွယ်ရေးတာဝါတိုင် ၄၀၉ တိုင် ဖျက်ဆီးခံလိုက်ရသည့်အနက် တိုင် ၃၆၀ သည် Mytel တိုင်များဖြစ်သည်ဟု စစ်ကောင်စီက ဒီဇင်ဘာလဆန်းတွင် သတင်းထုတ်ပြန်သည်။

PDF တို့ ပစ်မှတ်ထားသော တာဝါတိုင်များသည် တစ်တိုင်လျှင် အနည်းဆုံး ကျပ်သိန်း ၂,၀၀၀ နှင့်အထက် တန်ကြေးရှိကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါနေသူ Mytel အင်ဂျင်နီယာ ၇ ဦးထံမှ သိရသည်။

“တာဝါတိုင်တန်ဖိုးသီးသန့်ကတော့ (ကျပ်သိန်း) ၇၀၀ ကျော်ဝန်းကျင်ပေါ့။ ပစ္စည်းတန်ဖိုးက သက်သက်။ သုံးချောင်းထောက် တာဝါပစ္စည်းဆိုရင် ခန့်မှန်းတန်ဖိုးက သိန်း ၅၀၀ နဲ့ ၁၀၀၀ ကြားဝန်းကျင်နဲ့ ဆောက်လုပ်ခ သိန်း ၂၀၀ ဝန်းကျင်ရှိတယ်” ဟု Mytel အင်ဂျင်နီယာတစ်ဦးက တွက်ပြသည်။

“ရေဒီယိုလိုင်းအတွက်သုံးတဲ့ ပစ္စည်းတွေရှိသေးတယ်။ ဒါကြောင့်မို့လို့ တစ်တိုင်ကို (ကျပ်သိန်း)၂,၀၀၀ တော့ အနိမ့်ဆုံးတန်တယ်။ အခုကာလဈေးနဲ့ဆိုရင်တော့ အဲဒီထက် များဖို့ပဲရှိတယ်”

သူ၏ တွက်ချက်မှုအရဆိုလျှင် ပျက်သွားသည့် Mytel တိုင် ၃၆၀ အတွက် ကျပ် ၇၂ ဘီလျံ(ဒေါ်လာ သန်း ၄၀ ကျော်) အနည်းဆုံး ဆုံးရှုံးခဲ့ပြီးဖြစ်သည်။

Mytel မှလွဲ၍ အခြား မည်သည့်ဆက်သွယ်ရေးလိုင်းမျှ မရသဖြင့် ထိုဒေသရှိ ပြည်သူများသည် ဖုန်း၊ အင်တာနက် စသည့် ဆက်သွယ်ရေးလိုင်းများ ဆက်လက်သုံးစွဲ၍ မရနိုင်တော့ကြောင်း လုပ်သက် ၂ နှစ်ခွဲရှိ Mytel အင်ဂျင်နီယာက ပြောသည်။

Mytel ကွန်ရက်တစ်မျိုးတည်းသာ ရှိသည့် ဒေသများမှာ တိုင်းရင်းသားနယ်မြေအချို့သာဖြစ်ကြောင်း CDM အင်ဂျင်နီယာများထံမှ သိရသော်လည်း စာရင်းအတိအကျ မသိရသေးပေ။

ဥပမာအားဖြင့် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ နှစ်သောင်းကျော်ရှိသော ကရင်ပြည်နယ်ရှိ ရှမ်းရွာသစ်မြို့ဆိုလျှင် Mytel မှလွဲ၍ အခြားဖုန်းလိုင်းများ မရှိပေ။  

Mytel တာဝါတိုင်များ၏ ပိုင်ရှင်ဖြစ်သူမှာ ဒေါ်ခင်သီရိသက်မွန်၏ Pinnacle Asia ကုမ္ပဏီဖြစ်ကြောင်း Justice for Myanmar က စက်တင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

တော်လှန်ရေးတွင် စစ်အာဏာရှင်၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား တို့ကို မဖြစ်မနေတိုက်ဖျက်ရမည်ဟု စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA) ၏ တာဝန်ခံ ဗိုလ်ဘအိုက ပြောသည်။ 

“တာဝါတိုင်ပိုင်တာက သူ့သမီးလေ၊ ပြီးတော့ အာမခံပြီး လျော်ရမဲ့ကုမ္ပဏီကလည်း မင်းအောင်လှိုင်ရဲ့သားဆိုတော့ တာဝါတိုင်တစ်ခုကို ဖြိုတယ်ဆိုလို့ရှိရင် ဒါ ပစ်မှတ်သုံးခုကို ထိရောက်ပြီးသားလေ” ဟု ဗိုလ်ဘအိုက ပြောသည်။

“စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးတာပဲပေါ့။ ကျွန်တော်တို့ ပြောက်ကျားဗျူဟာအရဆိုရင် ဒါ အပျော့ကွက်ကို တိုက်တာပဲ”

အမှားအယွင်း

ခုခံတော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်အုပ်စု၏ စီးပွားရေးကို ထိခိုက်စေလိုသောကြောင့်သာ ဖောက်ခွဲရေး Mission များလုပ်ဆောင်ရသော်လည်း ထို Mytel တာဝါတိုင်များ၏ ကာလတန်ကြေးကိုမူ PDF များက မသိကြပေ။

ဖျက်ဆီးခံရသော တာဝါတိုင် ၄၀၉ တိုင်အနက် ၄၉ တိုင်သည် MPT, Telenor နှင့် Ooredoo တိုင်များ ဖြစ်သည်ဟု စစ်ကောင်စီက ဒီဇင်ဘာ ၂ တွင် ထုတ်ပြန်သည်။

Mytel တိုင်နှင့် ဆက်စပ်နေသဖြင့် ဖောက်ခွဲဖျက်ဆီးရာတွင် ပါဝင်သွားခြင်း ဖြစ်နိုင်ကြောင်း PDF တပ်ဖွဲ့များက တုံ့ပြန်ကြသည်။

ရုပ်သံမှတ်တမ်းတချို့အရ တိုင်တစ်ခုတွင် တပ်ဆင်ထားသည်မှာ Mytel စက် မဟုတ်ကြောင်း၊ အခြားအော်ပရေတာစက်များ တပ်ဆင်အငှားချထားသော တာဝါတိုင်ဖြစ်နိုင်ကြောင်း Mytel အင်ဂျင်နီယာတစ်ဦးက ပြောသည်။

“ကျွန်တော်တို့အခေါ် Tower Sharing ပေါ့။ သေချာတာက Mytel ကိုယ်ပိုင်တာဝါတိုင်မှာ တခြား ဘယ် Operator က ဒီအတိုင်း လာမတပ်ထားပါဘူး။ Mytel အနေနဲ့သာ ပြန်ငှားတာပါ” ဟု သူက ပြောသည်။

တိုင်ဖျက်ဆီးမှု မှတ်တမ်းရုပ်သံတစ်ခုတွင် PDF တပ်ဖွဲ့ဝင်တချို့ ဓားနှင့် ခုတ်နေသော ဆက်သွယ်ရေးကြိုးများတွင် Mytel နှင့် သက်ဆိုင်သော အစိတ်အပိုင်းများ “လုံးဝမတွေ့ရ” ကြောင်း၊ သာမန်လူများအနေဖြင့် မည်သည့်တယ်လီဖုန်းကုမ္ပဏီ၏ အစိတ်အပိုင်းဖြစ်သည်ကို မသိနိုင်ကြောင်း သူက ဆက်ပြောသည်။  

“သူတို့လုပ်တာ သိပ်အန္တရာယ်များတယ်။ စက်တွေမှာ သုံးထားတာက DC 48 Vtg ဗျ။ လိုင်းပူးရင် ဂွဆိုက် ၃၂ တောင် အရည်ပျော်တယ်” ဟု သူက ဆိုသည်။

“ကျွန်တော်တို့ သိတဲ့သူတောင် သိပ်သတိထားရတာ။ သူတို့ကိုလည်း မထိခိုက်စေချင်ဘူးဗျ”

ထိုသို့ဖောက်ခွဲဖျက်ဆီးခံရခြင်းကြောင့် ဒေသခံပြည်သူများ၏ သတင်းအချက်အလက်ရယူပိုင်ခွင့် ဆုံးရှုံးရကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ၌ ယခုနောက်ပိုင်း ဝေဝေဆာဆာဖော်ပြထားသည်။ 

တိုင်ဖျက်ဆီးသူတို့မှာ PDF အမည်ခံ အကြမ်းဖက်သမားများဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။

မြန်မာနိုင်ငံ၏ လေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းဖြစ်သည့် Mytel ၏ ပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းကို Viettel ကုမ္ပဏီ၊ ၂၈ ရာခိုင်နှုန်းကို မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) လက်အောက်ခံ Star High ကုမ္ပဏီ၊ ကျန် ၂၃ ရာခိုင်နှုန်းကို Myanmar National Telecom Holding(MNTH) က ပိုင်ဆိုင်ထားသည်။

Mytel သည် ဗီယက်နမ်စစ်တပ်ပိုင် Viettel Global Investment JSC ကုမ္ပဏီ၏ ပြည်ပတွင် တိုးချဲ့လုပ်ကိုင်သည့် ၁၀ ခုမြောက် ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ရာထူးမှ မဖြစ်မနေ နုတ်ထွက်ရန် ၆ လအလိုတွင် အာဏာသိမ်းကာ စစ်တပ်ကို ဆက်လက်ထိန်းချုပ်ရုံသာမက နိုင်ငံကိုပါ ထိန်းချုပ်လိုက်သည့်အချိန်မှစ၍ Mytel ကုမ္ပဏီသည် ပြည်သူများ၏ ဆန့်ကျင်သပိတ်မှောက်မှုခံလာရပြီး ပထမသုံးလအတွင်းမှာပင် ကျပ် ၄၅ ဘီလျံ ဆုံးရှုံးခဲ့သည်။

Mytel တွင် ဝန်ထမ်း ၁၅၀၀ ဝန်းကျင်ရှိပြီး တိုင်းနှင့် ပြည်နယ်များတွင် ရုံးခွဲ ၁၈ ခု၊ စီးပွားရေးစင်တာ ၁၀၈ ခုနှင့် ဆက်သွယ်ရေးပစ္စည်းထားသည့် သိုလှောင်ရုံ ၅၃ ရုံ ရှိသည်ဟုလည်း ကုမ္ပဏီ၏ ၂၀၁၈ စာရင်းများတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်မူ ကုမ္ပဏီကို စွန့်ခွာသွားသည့် CDM ဝန်ထမ်းများထဲမှ အများအပြား ဖမ်းဆီးခံရကြောင်း Mytel အင်ဂျင်နီယာများထံမှ သိရသည်။ 

လွတ်မြောက်နေသူများထဲမှ တချို့ကလည်း မည်သည့် Mytel တာဝါတိုင်က အရေးပါ၊ တန်ဖိုးကြီးကြောင်း PDF များထံ သတင်းပေးနေကြသည်။ အမည်မဖော်လိုသည့် အင်ဂျင်နီယာတစ်ဦးက သူကိုယ်တိုင်လည်း ဖောက်ခွဲရေးလုပ်ငန်းတွင် ပါဝင်နေသည်ဟု ပြောသည်။ 

“ဒီကာလမှာ သူတို့ကြောင့် ကျွန်တော်တို့တွေ အကုန်ခံစားကြရတယ်။ ဒါကြောင့်မို့ သူတို့လည်း နည်းနည်းလေး စိတ်ဆင်းဆင်းရဲရဲ ဆိုပြီး အဲဒီစိတ်နဲ့ လုပ်တာပါ”ဟု သူက ပြောသည်။

စစ်ကောင်စီက စက်တင်ဘာလဆန်းပိုင်းမှစ၍ တာဝါတိုင်များအနီး မိုင်းထောင်ခြင်း၊ လုံခြုံရေးကင်မရာတပ်ဆင်ခြင်း၊ လူအစောင့်ချခြင်း စသည့် နည်းလမ်းများဖြင့် ကာကွယ်ထားသော်လည်း ဆက်လက်ဖျက်ဆီးခံနေရဆဲဖြစ်သည်။

စစ်ခေါင်းဆောင်သားနှင့် ဆက်စပ်မှု

နိုင်ငံတစ်ဝန်း၌ တာဝါတိုင်ဖျက်ဆီးခံရသည့် ဒေသများမှာ လူထုတော်လှန်ရေးလှုပ်ရှားမှု ငြိမ်သက်နေသည့် ရခိုင်ပြည်နယ်မှလွဲ၍ ကျန်သည့် တိုင်းနှင့် ပြည်နယ်အားလုံး ပါဝင်သည်။ အများဆုံးဖျက်ဆီးခံရသည်မှာ စစ်ကောင်စီက လက်နက်အင်အား၊ လူအင်အား အပြည့်အစုံသုံးရုံမျှမက လေကြောင်းမှပါ အကြီးအကျယ်ထိုးစစ်ဆင်နေသည့် အထက်အညာဒေသ စစ်ကိုင်းတိုင်းဖြစ်သည်။

ထို့ကြောင့် စစ်ကိုင်းတိုင်းအတွင်း တာဝန်ကျသည့် ဗီယက်နမ်နိုင်ငံသား Mytel ဝန်ထမ်းများသည် စက်တင်ဘာလလယ်ကတည်းက နေရပ်ပြန်သွားကြသည်ဟု CDM အင်ဂျင်နီယာများထံမှ သိရသည်။

စစ်ကိုင်းတိုင်းအတွင်း ဖျက်ဆီးခံလိုက်ရသော Mytel တာဝါတိုင်အရေအတွက်မှာ ၁၅၃ တိုင်ဖြစ်ပြီး အခြား တိုင်းနှင့် ပြည်နယ်များဖြင့် နှိုင်းယှဉ်ပါက ပမာဏ သုံးဆခန့် ပိုများနေကြောင်း စစ်ကောင်စီထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

Base Transceiver Station (BTS) တာဝါတိုင်များမှာ Self-Supporting Towers (SST) ဟု ခေါ်သော တာဝါတိုင်အမျိုးအစားများဖြစ်ပြီး ထိုတိုင်များ၏ အမြင့်မှာ ၄၂၊ ၄၅၊ ၆၁ မီတာ ရှိတတ်ကြောင်း ၂၀၁၈ က Mytel ကုမ္ပဏီ၏ တာဝါတိုင်အရောင်းအဝယ်စာချုပ်တွင် တွေ့ရသည်။

တည်ဆောက်ရေးကုန်ကျစရိတ်မှာ သိန်း ၈၆၀ ကျော်၊ သိန်း ၉၀၀ နီးပါးနှင့် သိန်း ၁,၀၀၀ ကျော် ရှိသည်ဟု စာချုပ်တွင် ဖော်ပြထားသည်။

Mytel အတွက် Hardware, Software, Firmware, Documentation or System များကို MTG DC ကုမ္ပဏီလီမိတက်က ၂၀၁၈ ကတည်းက ရောင်းချပေးခဲ့သည်

ထိုစရိတ်တွင် တိုင်ဆောက်လုပ်ရန် ဝယ်ယူသည့် မြေကွက်၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန် အသုံးပြုရန် တပ်ဆင်ရသည့် စက်အပါအဝင် ရေဒီယိုလှိုင်းထုတ်လွှင့်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၏ တန်ဖိုးတို့ကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးကြောင်း Mytel အင်ဂျင်နီယာများထံမှ သိရသည်။

တိုင်တည်ဆောက်ရာတွင် Tower, Power, Transmission, Radio စသဖြင့် အပိုင်းလေးပိုင်းအတွက် တစ်လကြာသည်ဆိုသော်လည်း ပစ္စည်းအရောက် နောက်ကျပါက ထို့ထက် ပိုကြာမြင့်တတ်သည်ဟု အင်ဂျင်နီယာတစ်ဦးက ပြောသည်။

တည်ဆောက်ပြီးစီးပါက တာဝန်ယူပြုပြင်ပေးရန်အတွက် အလုံးစုံအာမခံကြေး ယူထားသူမှာလည်း စစ်ခေါင်းဆောင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံပိုင်သည့် အောင်မြင့်မိုရ်မင်းကုမ္ပဏီဖြစ်ကြောင်း Mytel CDM ဝန်ထမ်းများထံမှ သိရသော်လည်း Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

အောင်မြင့်မိုရ်မင်းကုမ္ပဏီသည် သယံဇာတတူးဖော်ရေးလုပ်ငန်းများ၊ အသက်အာမခံလုပ်ငန်းများမှအစ အိမ်ခြံမြေဈေးကွက်အဆုံး စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ခွင့်ရထားပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာသည့် ၂၀၁၁ နောက်ပိုင်းမှ တည်ထောင်ခဲ့သည့် ကုမ္ပဏီလည်းဖြစ်သည်။

ရန်ကုန်၊ ဒဂုံမြို့နယ်၊ တိရစ္ဆာန်ဥယျာဉ်လမ်းရှိ တပ်ပိုင်မြေတွင် အခြေစိုက်သော Mytel ကို စီမံလုပ်ကိုင်နေသည့် Telecom International Myanmar ကုမ္ပဏီ၏ အရာရှိများမှာ မြန်မာနိုင်ငံသား ၆ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၄ ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ဖော်ပြထားသည်။

တိုင်များတွင် အိမ်နီးချင်း တရုတ်နိုင်ငံထုတ်ပစ္စည်းများ သုံးသော်လည်း ထိုပစ္စည်းများကို ဗီယက်နမ်နိုင်ငံမှ ရောက်လာသည်ဟု CDM အင်ဂျင်နီယာများထံမှ သိရသည်။

ထိုပစ္စည်းများကို ၂၀၁၇ မှစ၍  သွင်းပေးနေသူမှာ ဗီယက်နိုင်ငံသား NGUYEN HAI NAM တစ်ဦးတည်းပိုင်သော ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်အခြေစိုက် MYGO Myanmar ကုမ္ပဏီဖြစ်ကြောင်း ထိုကုမ္ပဏီနှစ်ခုအကြား လုပ်ငန်းသဘောတူစာချုပ်တွင် တွေ့ရသည်။ 

Mytel အတွက် Hardware, Software, Firmware, Documentation or System များ တည်ဆောက်လွှဲပြောင်း ရောင်းချပေးရသည့် လှိုင်မြို့နယ်၊ MICT Park ဝင်းအတွင်းရှိ MTG DC ကုမ္ပဏီလီမိတက်ကို Mytel ကုမ္ပဏီ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် (CERO) ဦးဇော်မင်းဦး ပိုင်ဆိုင်သည်ဟု CDM အင်ဂျင်နီယာနှစ်ဦးက ပြောသည်။

Mytel ကုမ္ပဏီ၏ ရာထူးအကြီးဆုံးရထားသော ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် ၁၉ ဆင်းသည့် ဗိုလ်မှူးကြီးဟောင်း ဦးခင်မောင်စိုးဆိုသူဖြစ်သည်။

ဦးခင်မောင်စိုးထက် ရာထူးတစ်ဆင့်နိမ့်သည့် Mytel ဘဏ္ဍာရေးအရာရှိချုပ်(CFO) ရာထူးရရှိထားသူ ရေတပ်အရာရှိဟောင်း ဦးသိန်းအောင်သည် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်အနီး၌ပင် နိုဝင်ဘာလဆန်း၌ လုပ်ကြံခံခဲ့ရသည်။

စစ်ကောင်စီကမူ သတ်ဖြတ်သူတို့ကို ဖမ်းဆီးအရေးယူထားပြီဖြစ်ကြောင်း ကြေညာထားသည်။ Mytel က ထိုအမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိပေ။  

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတစ်ဦးက ပခုံးထမ်းလက်နက်တစ်ခုကို စမ်းသတ်ပစ်နေစဉ်

လက်နက်ဖြစ်လာသော တိုင်အပျက်အစီး

တာဝါတိုင်များ မီးရှို့ဖျက်ဆီးခံလာရပြီးနောက် Mytel ကုမ္ပဏီက တာဝါတိုင်ပတ်လည် မိုင်းထောင်ရေးအတွက် စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် နယ်ရုံးခွဲတာဝန်ခံတို့ကို စေခိုင်းထားသည်ဟု လုပ်ငန်းခွင်ဝင်နေဆဲ Mytel အင်ဂျင်နီယာတစ်ဦးနှင့် CDM အင်ဂျင်နီယာများထံမှ သိရသည်။

ထိုသူများအနက် စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်နှင့် အရာတော် စသည့်မြို့နယ် ၄ ခု၏ Mytel တာဝန်ခံ အသက် ၂၈ နှစ်အရွယ် ကိုနိုင်မင်းထွန်းဆိုသူသည် စစ်ကောင်စီကားနှင့်အတူ လိုက်ပါစဉ် မိုင်းခွဲခံရသဖြင့် ဘယ်လက်ကျိုးကာ ခြေသလုံး၊ ပေါင်၊ ဝမ်းဗိုက်၊ ဘယ်ပခုံးနှင့် ညာလက်တို့ ဒဏ်ရာရပြီး မုံရွာမြို့ရှိ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) စစ်ဆေးရုံ၌ ကုသနေရသည်။

၎င်း၏ ဒဏ်ရာများမှာ သက်သာလာပြီဖြစ်ပြီး တစ်ပတ်လျှင် တစ်ကြိမ်သာ ဆေးခန်းပြရသည့် အနေအထားရောက်လာပြီဟု ကိုနိုင်မင်းထွန်းက Myanmar Now ကို ဒီဇင်ဘာ ၁၃ တွင် ပြောသည်။

“Mytel ရုံးချုပ်ကတော့ ဒီတာဝါတိုင်တွေ လုံခြုံဖို့ဆိုပြီး ညွှန်ကြားထားတယ်ဗျ။ အခုနောက်ပိုင်းတော့ အဲလိုတွေ(ဗုံးခွဲတိုက်ခိုက်ခံရမှုများ) ဖြစ်သွားတဲ့အတွက် အခုနောက်ပိုင်းတော့ အဲလိုတွေမရှိတော့ပါဘူး”

ထိုသို့သော အခြေအနေများနှင့် ပတ်သက်၍ Mytel ကုမ္ပဏီက သတင်းထုတ်ပြန်ခြင်းမရှိပေ။

တာဝါတိုင်များကို ပြန်လည်ပြင်ဆင်ရန်၊ အချို့ကို အသစ်ပြန်လည်စိုက်ထူရန် လုပ်ငန်းပြန်လည်စတင်နေပြီးဖြစ်ကြောင်း CDM အင်ဂျင်နီယာတစ်ဦးက ပြောသည်။

“အခု တာဝါတိုင်တွေလဲတယ်၊ သူ့သမီးတွေ သူ့သားတွေ အကျိုးစီးပွားကို ထိခိုက်တယ်။ ဒါပေမဲ့ သူတို့က တာဝါတိုင်တွေ အသစ်ပြန်စဖို့ ပြင်ဆင်နေတာ တွေ့ရတယ်။ …  ကျွန်တော် လက်ရှိ ကိုယ်တိုင်တွေ့ကြုံနေရတာ”ဟု ၎င်းက ပြောသည်။

တာဝါတိုင်ဖျက်ဆီးသူတို့မှာ PDF အမည်ခံ အကြမ်းဖက်သမားများဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။

တိုင်ဖျက်ဆီးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့က ညွှန်ကြားခြင်းဖြစ်သည်ဟု စစ်ကောင်စီက မကြာခဏ သတင်းထုတ်ပြန်နေသည်။

PDF အဖွဲ့များကမူ ထိုစွပ်စွဲချက်ကို ငြင်းပယ်ထားသည်။  

ဤအတောအတွင်း ဖောက်ခွဲရေးမတိုင်ခင် တိုင်အောက်ခြေမှ ဘက်ထရီများ ဖြုတ်ယူကြသလို တိုင်ပြိုလဲပြီးလျှင်လည်း သံတိုင်အစိတ်အပိုင်းများကို ဖြတ်တောက်ယူဆောင်ကြသည်ဟု PDF များထံမှ သိရသည်။

ဘက်ထရီကို စခန်းများတွင် ဆိုလာပြားနှင့် ချိတ်ဆက်၍ ပြန်အသုံးပြုကြသည်၊ သံတိုင်အစိတ်အပိုင်းများမှာ လက်လုပ် RPG (ပခုံးထမ်းလောင်ချာ) နှင့် မိုင်းများ ပြုလုပ်ရန် အသုံးဝင်သည်ဟု ဆိုသည်။ 

ဒီဇင်ဘာလကုန်ပိုင်း မြင်းမူမြို့နယ်၊ မဲနောကျေးရွာ Mytel တာဝါတိုင်အစိတ်အပိုင်းများကို ဖြတ်တောက်ရာ နံနက် ၈ နာရီခန့်မှ ညနေ ၆ နာရီအထိ ကြာမြင့်ခဲ့ကြောင်း ထိုတိုင် ဖြိုချမှုအစီအစဉ်အတွက် အခြား PDF အဖွဲ့တစ်ခုနှင့်အတူ ပူးတွဲ ဆောင်ရွက်သည့် ဇာမဏီ (ZRF) ပြောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက Myanmar Now ကို ပြောသည်။

တိုင်မှ သံထည်များမှာ လက်နက် ရာနှင့်ချီ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။

“ကျွန်တော်တို့အတွက် တော်တော်လေး ဖူလုံတာပေါ့။ ရှေ့ဆက်ပြီး တော်တော်လေး ဖူလုံသွားတာပေါ့။ လက်လုပ် RPG ရော၊ ဗုံးရောဆိုရင် လက်နက် ၅၀၀ လောက်တော့ ထုတ်လို့ရတယ်” ဟု ပြောက်ကျားခေါင်းဆောင်က ပြောလိုက်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button