စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ဘက်သို့ဝင်ရောက်လာသည့် စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ခုကို ယမန်နေ့ (ဇန်နဝါရီ ၅)တွင် တိုက်ခိုက်ရာ စစ်တပ်ဘက်က အကျဆုံးများခဲ့ပြီး ၃ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု ဒေသတွင်းတော်လှန်ရေးတပ်များက ဆိုသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များကို လက်လွှတ်ထားရသည့် စစ်တပ်က မြစ်အနောက်ဘက်ကမ်း ဝက်လက်မြို့နယ်၊ ရှိန်းမကား ရဲစခန်းကို စစ်ကူပို့ခဲ့ရာ တော်လှန်ရေးအင်အားစုက ထိုစစ်ကူများကို ကြားဖြတ်တိုက်ခိုက်လိုက်ခြင်း ဖြစ်ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း Eagle Guerilla တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ပြောသည်။
“ဘာလို့ အင်အားဖြည့်မလဲဆိုရင် မြစ်ကြောင်းတလျှောက်မှာ ရှိန်းမကားပြုတ် သွားပြီဆိုရင် သူတို့က မြစ်ကြောင်းပိုင်းကို မပိုင်တဲ့အပြင် (တော်လှန်ရေးတပ်တွေက) စစ်ကိုင်းဘက်ထိအောင် ခြိမ်းခြောက်မှုတွေ လုပ်လို့ရသွားပြီ။ အဲ့ဒီအတွက် ရှိန်းမကား ကို အခိုင်အမာလုပ်ဖို့အတွက်လာတာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်များသည် ဝက်လက်မြို့တောင်ဘက်ကပ်လျက်ရှိ စစ်ကိုင်းမြို့ အခြေစိုက် တပ်မ (၃၃) နှင့် မြို့မြောက်ဘက်ရှိ ရွှေဘိုမြို့အခြေစိုက် အမှတ် (၈) လေ့ကျင့်ရေးတပ်တို့မှ သီးခြားစီ ထွက်လာကြပြီး ဝက်လက်မြို့အရှေ့ခြမ်းသို့ တပြိုင်နက်နီးပါးဝင်လာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
မြို့တောင်ဘက်ခြမ်းမှ ဝင်လာသည့် စစ်တပ်သည် အုန်းနှဲဘုတ်ရွာဘုရား၊ သုဿန်နှင့် ရွာထဲရှိ တိုက်အိမ်များတွင် ဖြန့်ခွဲနေရာယူထားချိန်တွင် တော်လှန်ရေးအင်အားစုက ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်းတွင် စီးနင်းတိုက်ခိုက်သည်၊ နာရီနှင့်ချီကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ကလေကြောင်းပစ်ကူ ၄ ကြိမ် ပေးခဲ့သည်ဟု ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းမှ တပ်ရင်းပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးက ပြောသည်။
အမှတ် (၁၈) တပ်ရင်းက တိုက်ပွဲသတင်းနှင့် ဓာတ်ပုံများ ယနေ့ထုတ်ပြန်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး အရှင်ဖမ်းဆီးရမိပြီး သေနတ် ၅လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
နယ်မြေကျွမ်းကျင်သည့် တော်လှန်ရေးအင်အားစု၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က အထိနာခဲ့ပြီး ဆယ်နှင့်ချီသေဆုံးသွားကြသည်၊ ထွက်ပြေးသည့် တပ်ဖွဲ့ဝင် ၄၀ နီးပါးကိုလည်း လိုက်လံပိတ်ဆို့ ဖမ်းဆီးနေဆဲဖြစ်သည်ဟု ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးက ပြောသည်။
“ရှိန်းမကားဘက်ကို ဦးတည်ပြီး လက်ကျန် အဖွဲ့တွေက ထွက်ပြေးနေတယ်။ ကျွန်တော်တို့ ဝိုင်းပတ်ပိတ်ဆို့ထား ပါတယ်။ သူတို့ ရှိန်းမကားကို မရောက်သေးပါဘူး”ဟု ကိုနေမျိုးက ဆိုသည်။
ဇန်နဝါရီ ၃ရက်နေ့က ရွှေဘိုနယ်မှထွက်လာသည့် စစ်ကြောင်းကို ဝက်လက်မြို့နယ် မှတ်ထိရွာနှင့် မင်းကုန်းကြားတွင် ဇန်နဝါရီ ၅ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ရာ တနေကုန် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေကြောင်းမှ ၄ကြိမ် လာရောက် ပစ်ကူခဲ့သည်ဟု ဆိုသည်။
မိုင် ၃၀ ဝန်းကျင်ခန့်အကွာ ရွှေဘိုမြို့ပေါ်မှ မှတ်ထိနှင့် မင်းကုန်းဝန်းကျင်သို့ လက်နက်ကြီး ဖြင့် လေးကြိမ်တိုင် ပစ်ကူပေးခဲ့သည်ဟုလည်း ဆိုသည်။
ဝက်လက်မြို့မှထွက်လာသည့် အင်အား ၃၀ ခန့်ပါ စစ်ကူစစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ဖြတ်တောက်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။
ထိုတိုက်ပွဲနှင့် ပတ်သက်ပြီး စစ််တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
မင်းကုန်းနှင့်မှတ်ထိရွာကြားဖြစ်သည့် တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ အုန်းနှဲဘုတ်ရွာတိုက်ပွဲတွင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး အင်အားစုထံက သိရသည်။
ဝက်လက်မြို့နယ်တွင် တော်လှန်ရေးအင်အားစုက ကျေးရွာအများစုကို ထိန်းချုပ်စိုးမိုးထားပြီး စစ်တပ်က မြို့ပေါ်ရဲစခန်း၊ ရှိန်းမကားရွာ၊ စိုင်နိုင်ကွေ့ရွာ စသည့် စခန်းအချို့တွင်သာ တပ်စွဲထားသည်။
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ ငြိမ်သက်သွားချိန်တွင် စစ်တပ်က နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးတိုင်း ဘက်သို့ ပိုမို အာရုံစိုက်လာသည်ဟု တော်လှန်ရေးအင်အားစုက သုံးသပ်သည်။
ထို့ပြင် ရှမ်းမန်းစစ်ဆင်ရေးတွင် ဦးဆောင်ခဲ့သည့် MDY PDF ခေါ် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ကလည်း စစ်ကိုင်းတိုင်းတွင် တပ်မဟာအသစ် တစ်ခုဖွဲ့စည်း ပြီး စစ်ရေးအရှိန်မြှင့်သွားမည်ဟု ပြီးခဲ့သည့်လကုန်ပိုင်းက ထုတ်ပြန်ခဲ့သည်။
မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူးနှင့် သပိတ်ကျင်းကို ၂၀၂၄ နှစ်ကုန်ပိုင်းက စတင်သည့် ရှမ်းမန်း စစ်ဆင်ရေး အတွင်း တော်လှန်ရေး အင်အားစုက သိမ်းပိုက် ထားပြီး မတ္တရာမြို့နယ်တွင် လည်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။
တော်လှန်ရေးအင်အားစု စစ်ရေးအရှိန်မြှင့်ရန် ကြိုးပမ်းနေသည့် စစ်ကိုင်းတိုင်းတွင် စစ်တပ်ကလည်း တကျော့ပြန် စစ်ကြောင်းများထိုးနေပြီး နယ်မြေစိုးမိုးနိုင်ရေး ကြိုးပမ်းနေသည်။
စစ်ကိုင်းတိုင်းအတွင်း လက်လွှတ်ထားရသည့် နယ်များကို အာဏာသိမ်းတပ်က ပြန်လိုချင်ဟန်ရှိသည်ဟု ဗိုလ်ကောက်ရိုးက ခန့်မှန်းသည်။
“ကျွန်တော်တို့သတိထားမိတာက MDY PDF က စစ်ကိုင်းဘက်ကို တပ်မဟာဖွဲ့မယ် ကြေညာလိုက်တဲ့ အခါမှာ စစ်ကိုင်းတိုင်းထဲကို xx တွေက ပြန်ပြီးတော့ လိုချင်တဲ့အနေအထားမျိုးပေါ့” ဟု ဗိုလ်ကောက်ရိုးက ဆိုသည်။
လက်နက်ကိုင်တော်လှန်ရေးပင်မမျက်နှာစာတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းတွင် တော်လှန်ရေး အင်အားစုက ခမ်းပတ်၊ ရွှေပြည်အေး၊ မြို့သစ်၊ ပင်လည်ဘူးမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်မြို့နယ်များရှိ ကျေးလက်ဒေသများတွင် နယ်မြေစိုးမိုးမှုအားကောင်းသည်။
လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကာလတွင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်း ရွာစဉ်လှည့် လုယက်မီးရှို့ခဲ့သော်လည်း နောက်ပိုင်းတွင် ခံစစ်ကို ပိုမိို ဦးစားပေးလာကာ ထိုသို့ ဖျက်ဆီးမှု သိသိသာသာ နည်းပါးသွားသည်။
စစ်တပ်ကမူ ၎င်းတို့၏ တပ်များ လုယက်မီးရှို့မှု မကျူးလွန်ကြောင်း ယခင်က ရံဖန်ရံခါ ငြင်းခဲ့ဖူးသည်။
ဖြည့်စွက်ချက် (ဇန်နဝါရီ ၇၊၂၀၂၅)
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်တွင် အင်အား ၇၀ ကျော်ပါသည့် စစ်ကြောင်းကို မှတ်ထိနှင့်မင်းကုန်းရွာကြားတွင် ကြားဖြတ်တိုက်ခိုက်သည့်တိုက်ပွဲမှ သေနတ် ၄၅ လက်နှင့်ခဲယမ်းများအပါအဝင် သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။