သတင်း

စစ်ကိုင်းတပ်မဟာဖွဲ့စည်းပြီး နှစ်သစ်တွင် စစ်ရေးအရှိန်မြှင့်မည်ဟု MDY- PDF ကြေညာ

၂၀၂၅ တွင် စစ်ရေးဗဟိုချက်သည် နိုင်ငံအလယ်ပိုင်းဖြစ်လာမည်ဟု MDY-PDF ပြောခွင့်ရအရာရှိကဆိုပြီး စစ်ကိုင်း၊မကွေးနှင့် မန္တလေး ဒေသများတွင်တိုင်ပွဲများပိုမိုပြင်းထန်လာနိုင်သည်ဟုဆိုသည်။

နိုင်ငံအလယ်ပိုင်းဒေသမန္တလေးနှင့် စစ်ကိုင်းတိုင်း၌ ၂၀၂၅ ခုနှစ်အတွင်း စစ်ရေး အရှိန်မြှင့်လုပ်ဆောင်ရန် စစ်ကိုင်းတိုင်း တပ်မဟာအသစ်ကို ဖွဲ့စည်းသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF က ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်သည်။ 

၂၀၂၅ စစ်ဆင်ရေးများအတွက် ချိတ်ဆက်စဉ်းစားရာတွင် ၎င်းတို့ထိန်းချုပ်စိုးမိုးနယ်မြေများ နှင့် ထိစပ်သော စစ်ကိုင်းတိုင်းကိုပါ ထည့်သွင်းလာရသည့်အတွက် ယခုလို စစ်ကိုင်းတပ်မဟာအသစ်ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု MDY-PDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က Myanmar Now ကို ပြောသည်။ 

“ ကျ‌နော်တို့ စစ်ဆင်ရေးအရှိန်မြှင့်ဆောင်ရွက်လာရင် သေချာပေါက် တိုက်ပွဲဖြစ်လာမယ့် နယ်မြေဒေသ တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းပြောလို့ရတဲ့ မကွေး၊ စစ်ကိုင်း ၊ မန္တလေး ဒီဒေသတွေဟာ တိုက်ပွဲပြင်း ထန်လာနိုင်တယ်” ဟု သူက ပြောသည်။  

ပြီးခဲ့သည့် ၂၀၂၄ အတွင်း၌ မြန်မာနိုင်ငံ၏ အထက်ပိုင်းဒေသများ ဖြစ်သော ရှမ်းပြည်နယ် နှင့် ကချင် ပြည်နယ် ဒေသအများစုကို တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့များက ထိန်းချုပ်စိုးမိုးထားနိုင်ခဲ့ပြီး ဖြစ်ရာ ၂၀၂၅ တွင် စစ်ရေးဗဟိုချက်သည် နိုင်ငံအလယ်ပိုင်းဖြစ်လာမည်ဟု သူက ဆိုသည်။ 

MDY-PDF ၏ စစ်ကိုင်းတပ်မဟာတွင် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်သည် တော်များကို လာရောက်ပူးပေါင်းကြရန်လည်း ကြိုဆိုဖိတ်ခေါ်ထားပြီး စစ်ကိုင်းတိုင်းရှိ အခြားသော တော်လှန်ရေးတပ်ဖွဲ့များ နှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိနေသည်ဟုလည်း MDY-PDF က ထုတ်ပြန်ထားသည်။ 

MDY-PDF ၏ စစ်ကိုင်းတိုင်းတပ်မဟာအသစ်ဖွဲ့စည်းမည်ကို ကြိုဆိုကြောင်း၊ ထိုကိစ္စရပ်အတွက်လည်း အခြားသော အဖွဲ့အစည်းများနှင့် ညှိနှိုင်းသုံးသပ်ထားပြီးမှ ထုတ်ပြန်ခြင်း ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဆန်နီက မှတ်ချက်ပြုသည်။ 

“ ဒါဟာ စစ်ကောင်စီကို တိုက်ပွဲဝင်ဖို့အတွက် အင်အားချဲ့ထွင်တဲ့အပေါ်ကို ကျွန်တော်တို့ ကြိုဆိုရမယ်။ အဲဒီဒေသတွင်းမှာ တချို့အချင်းချင်းကြားမှာရှိနေတဲ့ စိန်ခေါ်မှုတွေ၊ ပွတ်တိုက်မှုတွေကိုလည်း မိတ်ဖက်ပဋိပက္ခအသွင်နဲ့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းပြီးတော့မှ လက်တွဲအလုပ်လုပ်နေကြပါတယ် ” ဟု သူက ဆိုသည်။ 

မြေပြင်တွင်လည်း MDY-PDF နှင့် ABSDF တပ်ရင်းတပ်ဖွဲ့များကြား ချိတ်ဆက်ဆောင်ရွက် ဆွေးနွေးမှု များလည်း ရှိသည်ဟု ရဲဘော်ဆန်နီက ပြောသည်။ 

“  ဒီ ၂၀၂၅ မှာက မြေပြန့်ဒေသမှာ ဒီထက်ပိုမိုကြီးမားကျယ်ပြန်တဲ့ တိုက်ပွဲတွေ ရှိလာလိမ့်မယ်။ ပြင်းထန်မှုတွေရှိလာလိမ့်မယ်။ တချိန်တည်းမှာဘဲ စစ်ကောင်စီဘက်က အပြင်းအထန်ခုခံဆောင် ရွက်မှုတွေလည်း ပိုပြီးတော့လုပ်လာလိမ့်မယ်” ဟု ABSDF ၏ ပြောရေး ဆိုခွင့်ရှိသူ ရဲဘော်ဆန်နီ က မှတ်ချက်ပြုသည်။ 
ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကလည်း နိုင်ငံအလယ်ပိုင်း အညာဒေသသို့ အခြေချ၍ စစ်ရေးလှုပ်ရှားသွားမည်ဟု ယမန်နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။ 

၂၀၂၄၊ ဩဂုတ်လအတွင်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီခလရ (၁၄၈) တပ်စခန်း ကို MDY PDF က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) MDY-PDF သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေး နှင့်အတူ ရှမ်း-မန်း စစ်ဆင်ရေးကို အကောင်အထည်ဖော် ခဲ့ကာ မန္တလေးတိုင်းရှိ မတ္တရာ၊ စဉ့်ကူး နှင့် သပိတ်ကျင်း မြို့နယ်တို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့သည်။ 

ထို့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်လည်း ပူးပေါင်းကာ မန္တလေး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ထိစပ်နေသော ဒေသများတွင်လည်း စစ်ဆင်ရေးများ အကောင်အထည်ဖော် လျက်ရှိနေသည်။

ရှမ်း-မန်း စစ်ဆင်ရေးကို MDY-PDF သည် စစ်ကိုင်းမှ ရွှေဘိုခရိုင်တပ်ရင်းများ၊ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး တို့မှ တပ်ဖွဲ့များအပါအဝင် ၂၁ ဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ 

လက်ရှိအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကို တပ်ရင်းအမှတ် ၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅၊ ၁၂၀၆နှင့် ၁၂၀၇ ဟူ၍ တပ်ရင်း ခုနှစ်ရင်းဖြင့် စုဖွဲ့ထားပြီး တပ်ဖွဲ့ဝင်အင်အားကို ထုတ်ပြန်ထားခြင်းမရှိပေ။ 

Show More

Related Articles

Back to top button