သတင်း

တရုတ်ရာဇဝတ်ဂိုဏ်းများ၏ ပစ်မှတ်ထဲတွင် CDM များလည်း ပါဝင်

နယ်စပ်တွင် အခြေစိုက်ပြီး စစ်တပ်၏ Mytel အင်တာနက်ကိုသုံးကာ အွန်လိုင်းရာဇဝတ်မှု ကျူးလွန်နေသူတို့၏ လုပ်ငန်းများတွင် CDM များလည်း ငရဲကျခံနေရသည်။

တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်ရာဇဝတ်ဂ်ိုဏ်းများက လူကုန်ကူးခြင်းနှင့် ကျားဖြန့် ခေါ် ငွေကြေးလိမ်လည်ရန် အတင်းအကျပ်ခိုင်းစေခံရသူများထဲတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သော CDM လူငယ်များ ပါဝင်နေသည်။

ယနေ့ (အောက်တိုဘာ ၁၈) ရက်စွဲဖြင့်  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ၂၀၂၁ ခုနှစ် စစ်တပ် အာဏာ သိမ်းပြီးချိန်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်ရာဇဝတ်ဂိုဏ်းတို့၏ လူကုန်ကူးမှု၊ ကျွန်ပြုမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများအကြောင်းကို “ငရဲတွင်း၌ပိတ်မိခြင်း” အမည်ဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ရာတွင် ထိုအကြောင်း ဖော်ပြထားသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ များအပြင် ရန်ကုန်ကဲ့သို့ မြို့မှ CDM သူနာပြုဆရာမတစ်ဦးပါ အလုပ်အကိုင်ရှာဖွေရေး အွန်လိုင်းကြော်ငြာများကို ယုံစားမိပြီးနောက် လူကုန်ကူးခံရ၊ အတင်းအကျပ်ခိုင်းစေခံရပုံကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အထူးသဖြင့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ ကြီးစိုးရာ ကိုးကန့်ဒေသနှင့် UWSA ထိန်းချုပ်ရာ “ဝ “ ဒေသတို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တရုတ်ဂိုဏ်းများက လူကုန်ကူးခြင်း၊ လိင်ကျွန်အဖြစ် ခိုင်းစေခြင်း၊ ကျားဖြန့် ခေါ် အွန်လိုင်းမှ ငွေကြေးလိမ်လည်ခြင်း စသည့် အမှုများတွင် ပါဝင်ခဲ့ရာမှ ပြန်လည် လွတ်မြောက်လာသူတချို့၏ဖြစ်ရပ်များ ထိုအစီရင်ခံစာတွင် တွေ့ရသည်။ 

CDM လူငယ်များကို တရုတ်ဂိုဏ်းများက အလုပ်ရမည်ဟု မက်လုံးပေးကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များသို့ ချိန်းဆို၍ “ဝ” ဒေသသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။​

လူကုန်ကူးခံရသည့် အမျိုးသမီးများကို ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း၊ ပိတ်လှောင်ခြင်း၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းများ ကျူးလွန်ခဲ့ကြပြီး မိသားစုဝင်တချို့နှင့်အဆက်အသွယ်ရ၍ UWSA ပြင်ပဆက်ဆံရေးရုံးသို့ အကြောင်းကြားခဲ့ကြသော်လည်း ကျူးလွန်သူများမှာ သတင်းကြိုရကြောင်း လွတ်မြောက်လာသူများက ပြောထားကြသည်။

အစီရင်ခံစာ ထုတ်သည့်အဖွဲ့ကို အင်တာဗျူးတွေ့ဆုံဖြေကြားခဲ့သူများက “ဝ”ဒေသနှင့် ကိုးကန့်ဒေသ ဆိုင်ရာအာဏာပိုင်များသည် ယင်းကဲ့သို့ ဒုစရိုက်လုပ်ငန်းများကို ခွင့်ပြုထားသည့်အပြင် ထိုရာဇဝတ်ဂိုဏ်းသားများကိုပင် အကာအကွယ်ပေးနေကြသည်ဟု ဆိုသည်။

ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင်လည်း အမျိုးသမီးတစ်ဦးကို ခြိမ်းခြောက်ကာ အုပ်စုဖွဲ့ အဓမ္မပြုကျင့် ကြသည်ဟု ဖော်ပြထားသည်။

CDM များ လူကုန်ကူးခံရခြင်း 

၂၀၂၁ မှ ၂၀၁၃ အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနေ ကချင်တိုင်းရင်းသူ အထက်တန်းကျောင်းသူတစ်ဦး၊ တက္ကသိုလ် ကျောင်းသား နှစ်ဦး၊ CDM သူနာပြုဆရာမတစ်ဦးတို့ UWSA ထိန်းချုပ်ရာ ပန်ဆန်းနှင့် မိုင်းပေါက်မြို့တို့တွင် လူကုန်ကူးခံရကြရသည်။ 

လူကုန်ကူးခံရသည့် လူငယ်သုံးဦးအနက် အထက်တန်းကျောင်းသူအမျိုးသမီးငယ်သည် တရုတ်စကား ပြောဆိုတတ်သောသူများ လောက်ကိုင်မြို့ရှိ ဟိုတယ်တွင် အလုပ်ရမည်ဆိုသော WeChat ကြော်ငြာမှ တဆင့် လူကုန်ကူးခံရသလို ကျောင်းသား အမျိုးသားနှစ်ဦးသည် ပန်ဆန်းမြို့ရှိ အွန်လိုင်းဂိမ်းကုမ္ပဏီတွင် လစာသိန်း ၂၀ ရမည်ဆိုသော Facebook ပေါ်မှ ကြော်ငြာပို့စ်မှတဆင့် လူကုန်ကူးခံရခြင်း ဖြစ်သည်။

CDM သူနာပြုဆရာမသည်လည်း  ပန်ဆန်းမြို့တွင် သူနာပြုအလုပ်ကို တစ်လလျှင် တရုတ်ယွမ် ၂၀၀၀ ရမည်ဟူသော ကမ်းလှမ်းချက်ကို ယုံကြည်မိရာမှ လူကုန်ကူးခံရသည်။

ထိုသူများသည် CDM တွင် ပါဝင်ခဲ့သူများဖြစ်ပြီး စစ်ကောင်စီရန်ကြောင့် အလုပ်ရှာဖွေရန်ခက်ခဲခြင်း၊ အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာခြင်းကြောင့် ပစ်မှတ်ထား ခံရကာ တရုတ်ဂိုဏ်းများ၏ သားကောင်အဖြစ် ကျရောက်ခဲ့ကြောင်း ထိုအစီရင်ခံစာတွေ့ရှိချက်အရ သိရသည်။

ထိုတွေ့ရှိချက်များအပေါ် အခြေခံ၍ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က အချက် ၃ ချက် တိုက်တွန်းထား သည်။

ဗီယက်နမ်အစိုးရပိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် ၎င်းတို့၏ စီးပွားဖက်ဖြစ်သော Mytel ဆက်သွယ်ရေးကုမ္ပဏီ၏ကွန်ရက် အသုံးပြု၍ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ဒုစရိုက်မှုများ ကျူးလွန်နေမှုကို စုံစမ်းစစ်ဆေးရန်၊ ကိုးကန့်နှင့် ဝ ဒေသတို့ရှိ အာဏာပိုင်များအနေဖြင့် ရာဇဝတ်ဂိုဏ်းသားများအား အကာအကွယ် မပေးရန်၊ တရုတ်အစိုးရအနေဖြင့် ထိရောက်စွာ ကိုင်တွယ်ရန် တို့ကို ထိုအဖွဲ့က တိုက်တွန်းထားသည်။

“သူတို့ (စစ်ကောင်စီ) ပိုင်တဲ့ Mytel Network ကနေ ဒီလိုမျိုး အွန်လိုင်းရာဇဝတ်မှုတွေ ကျူးလွန်နေတာကို ကျွန်မတို့ တွေ့ရတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ အရေးယူမှုမရှိဘူး၊ တာဝန်ယူမှုတာဝန်ခံမှု မရှိဘူးဆိုတာ အရမ်းထင်ရှားနေတယ်။ အဲဒီအတွက် ကြောင့် သက်ဆိုင်ရာဒေသက တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့  ဒီလိုခံရတဲ့သူတွေကို ကူညီပေးဖို့၊ ကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုချင်တယ်” ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော ယိင်းလျန်းဟန်က Myanmar Now ကို ယနေ့ ပြောသည်။ 

“ကျူးလွန်သူအများစုက တရုတ်နိုင်ငံသားတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ တရုတ်အစိုးရအနေနဲ့ သူတို့နိုင်ငံသားတွေရဲ့ ကျူးလွန်မှု ၊ ရာဇဝတ်မှုနဲ့ပတ်သက်ပြီး တာဝန်ယူစေချင်တယ်” 

“ဝ”ဒေသတွင်    ယခင်က  တရုတ်ဆက်သွယ်ရေးကွန်ယက်များကိုသာ သုံးကြသော်လည်း  လွန်ခဲ့သော လေးနှစ်မှစ၍  အင်တာနက်အတွက် Mytel ကိုသာ သုံးလာကြသည်ဟု အစီရင်ခံစာက ဆိုသည်။

“Mytel ကို မြန်မာစစ်တပ်မှ တိုက်ရိုက်ထိန်းချုပ်ကိုင်တွယ်ပြီး စောင့်ကြပ်မှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်နေသော်လည်း “ဝ”ဒေသတွင် Mytel ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ အွန်လိုင်းမှ ရာဇဝတ်မှုများ ကျူးလွန်နေကြသည်ကို ထိထိရောက်ရောက်အရေးယူခြင်း မရှိသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်” ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့သည်  ပြည်ပရောက် ရှမ်းအမျိုးသားတော်လှန်ရေးအင်အားစုများ၊ ရှမ်းပြည်နယ်အတွင်းနှင့်ပြင်ပရှိ ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် ရှမ်းပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ၁၉၉၀ ခုနှစ် ဒီဇင်ဘာက ဖွဲ့စည်းခဲ့သောအဖွဲ့ဖြစ်သည်။ 

ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း  ရှမ်း၊  မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် ထုတ်ပြန်နေသည်။ 

တရုတ်အစိုးရ ဖိအား

မြန်မာပြည်မြောက်ပိုင်းတွင် အခြေစိုက်ပြီး အွန်လိုင်းရာဇဝတ်မှု ကျူးလွန်သည်ဟု ယူဆရသူများကို တရုတ်က လက်လွှဲဖမ်းဆီးလျက်ရှိရာ အောက်တိုဘာ ၁၄ ရက်နေ့တွင် ၂,၃၄၉ ဦး ထပ်မံ ဖမ်းဆီးနိုင်ခဲ့သည် ဟု တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက အောက်တိုဘာ ၁၇ တွင် သတင်းဖော်ပြခဲ့သည်။

မြန်မာနိုင်ငံဘက် တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် ဌာနများက ယူနန်ပြည်နယ်အာဏာပိုင်များထံ လက်လွှဲခဲ့သူ ၂,၃၄၉ ဦးထဲတွင် တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသူ ၁၁၁ ဦးလည်း ပါဝင်သည်ဟု အထက်ပါ ဆင်ဟွာသတင်းက ဆိုသည်။ 

“ကျားဖြန့်” ဟု အလွယ်ခေါ်ကြသည့် အင်တာနက် (သို့) တယ်လီဖုန်း စသည်တို့မှတစ်ဆင့် လောင်းကစား အပါအဝင် ငွေကြေးလိမ်လည်သည့် လုပ်ငန်းသည် တရုတ်အစိုးကို  ဘီလျံနှင့်ချီ ငွေကြေးဆုံးရှုံးမှု ဖြစ်စေခဲ့သည့်အပြင် တရုတ် နိုင်ငံသားအချင်းချင်း လူကုန်ကူးခြင်း၊ နှိပ်စက်ညှဉ်းပန်း အလုပ်ခိုင်းစေခြင်း၊ တရုတ်နိုင်ငံသားတို့ကို ဦးတည်၍ လိမ်လည်ခြင်း အစရှိသည့် ဖြစ်ရပ်များကြောင့် တရုတ်အစိုးရက နိုင်ငံတော်အဆင့်အဖြစ် သတ်မှတ်ကာ ဖြိုခွဲနေသည်။

တစ်ချိန်တည်းမှာပင် စစ်ကောင်စီနှင်ံ့ မြန်မာ-တရုတ်နယ်စပ်မှ တိုင်းရင်းသား လက်နက်ကိုင်တပ်များကို လည်း ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် အခြေစိုက်သည့် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းရန်နှင့် သံသယရှိသူများကို လွှဲပြောင်းပေးရန် ဆက်တိုက် ဖိအားပေးနေသည်။

အထက်ပါကိစ္စများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် “ဝ’” အဖွဲ့ (UWSA)၏ ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်းနှင့် မိုင်းလင်းခရိုင်မှူး ဟော်ချွင်ထင် တို့ကို “ကျားဖြန့်” ခေါ် အွန်လိုင်းမှ ငွေလိမ်သည့်ဂိုဏ်း၏ အရေးကြီးခေါင်းဆောင်များဟု သတ်မှတ်ကာ ၎င်းတို့ကို တရုတ်အစိုးရက အောက်တိုဘာ ၁၂ တွင် ဖမ်းဝရမ်း ထုတ်ခဲ့သည်။

ထိုနှစ်ဦး ဖမ်းမိရေးအတွက် တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်းအထိ (ကျပ် သိန်း ၄၅၀ မှ ကျပ်သိန်း ၂၀၀၀ ကျော်) ဆုကြေး ပေးမည်ဟု ပါရှိရာ ယမန်နေ့ကပင် ‘ဝ’ တပ်ဖွဲ့ UWSA က ၎င်းတို့၏ အရာရှိနှစ်ဦးကို တပ်ဖွဲ့မှ အလျင်အမြန် ထုတ်ပယ်ခဲ့သည်။

UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကလည်း ၎င်းတို့နှစ်ဦးကို တပ်ဖွဲ့မှ ထုတ်ပယ်သည် မှာ မှန်ကန်ကြောင်း Myanmar Now ကို အတည်ပြုခဲ့သော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

ယင်းမတိုင်မီကလည်း UWSA က ၎င်းတို့နယ်ထဲမှ ကျားဖြန့်ဂိုဏ်းဝင်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပေးခဲ့သည်။

မြန်မာ-တရုတ် နယ်စပ် ရှမ်းပြည်နယ် လောက်ကိုင်အခြေစိုက် ကိုးကန့်စီးပွားရေးသမား ၁၁ ဦး ကိုလည်း ကျားဖြန့်သံသယဖြင့် ယခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် တရုတ်ရဲတို့က တရုတ်နိုင်ငံတွင် ဖမ်းဆီးထားသည်။
စစ်ကောင်စီကလည်း တရုတ်ဖိအားကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် မင်္ဂလာမူဆယ် မြို့သစ် စီမံကိန်းနယ်မြေရှိ တရုတ်လူမျိုးများ ဖွင့်လှစ်ထားသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်နေ သော လောင်းကစားရုံကို ယမန်နှစ် ဇူလိုင်အတွင်းက ဝင်ရောက်စီးနင်းခဲ့သည်။  ထိုလောင်းကစားရုံ နှိမ်နင်းခံရပြီး မြို့အတွင်း ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button