သတင်း

အင်းတော်မြို့နယ်မှ CDM ကျောင်းဆရာကို စစ်ခုံရုံးက ထောင်တစ်သက်ချမှတ်

စစ်ကိုင်းတိုင်းအတွင်းမှ အာဏာဖီဆန်ထားသော ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် ထောင်ဒဏ်တစ်သက် ချသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် စာသင်ကျောင်းတစ်ကျောင်းတွင် စာသင်ကြားပေးနေသည့် စေတနာ့ဝန်ထမ်းကျောင်းဆရာ ဦးဟိဏ်းမင်းသူ (ခ) အာနိုးကို အင်းတော်မြို့နယ် စစ်ခုံရုံးက အောက်တိုဘာ ၂၀ ရက်တွင် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သည်ဟု သိရသည်။

အင်းတော်မြို့တောင်ဘက် ၂ မိုင်အကွာ ကျော်ရွာအလယ်တန်းကျောင်းမှ ဦးဟိဏ်းမင်းသူသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးအစီအစဉ်တွင် ပါဝင်ခဲ့ကြောင်း၊ ဇွန်လ ၅ ရက်က အင်းတော်မြို့နေအိမ်တွင် အဖမ်းခံရခြင်းဖြစ်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက သူ့ကို ငါးလကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် NUG အစိုးရအတွက် မြို့နယ်အတွင်း စည်ပင်ခွန် ကောက်ခံပေးခြင်း၊ NUG စာသင်ကျောင်းတွင် ကျောင်းဆရာဖြစ်ခြင်း၊ ကာကွယ်ရေးအဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ပေးပို့ရန် ပျက်ကွက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၂(ခ) တို့အရ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသည်ဟု စစ်ကောင်စီ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ဖော်ပြထားသည်။ စစ်ကိုင်းတိုင်းအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးအမိန့်ချခံရသူ အရေအတွက် ၂၈၃ ဦး ရှိသည်ဟုလည်း ဖော်ပြထားသည်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်များတွင် ဖော်ပြထားသည့် ဦးဟိဏ်းမင်းသူ၏ ဓာတ်ပုံ။

အာဏာဖီဆန်ထားသည့် ဆရာဆရာမများ ဖမ်းဆီးထောင်ချခံနေရသည့် ဖိနှိပ်မှုများမှာ စစ်ကောင်စီရှိနေသမျှ ကြုံနေရဦးမည်ဟု NUG ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက မှတ်ချက်ပေးသည်။

“အကြမ်းဖက်စစ်အုပ်စုကတော့ သူတို့အာဏာတည်မြဲရေးအတွက် လူတွေကို နည်းမျိုးစုံနဲ့ စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေကျပါ။ စစ်အာဏာရှင်စနစ်ကျဆုံးမှ အခုလို မတရားအနိုင်ကျင့်တဲ့ ကိစ္စရပ်တွေကို အဆုံးသတ်နိုင်မှာပါ” ဟု ဒုဝန်ကြီးက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး သုံးနှစ်နီးပါးအတွင်း ဖမ်းဆီးခံထားရသည့် CDM ကျောင်းဆရာ၊ ဆရာမပေါင်း ၃၈၀ ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ယခုလတွင် ထုတ်ပြန်သည့် မှတ်တမ်းများတွင် ဖော်ပြသည်။

စစ်ကာင်စီက ပညာရေးဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို ရည်ရွယ်ပြီး ဆရာဆရာမများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေကြောင်း အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) အတွင်းရေးမှူး အဖွဲ့ဝင် ဆရာအောင်မြတ်မိုးက မှတ်ချက်ပေးသည်။

“လက်ရှိအချိန်ထိ အားကောင်းနေတဲ့ ပညာရေးနဲ့ ကျန်းမာရေး CDM ယန္တရားကို အာနည်းသွားအောင် လုပ်တာပဲ ဖြစ်မယ်။ ပြီးတော့ ဖုန်းဆက်ပြီး Non CDM လုပ်ဖို့ တစ်ယောက်ချင်း စည်းရုံးတာတွေ ရှိတယ်။ ခုလို (တစ်သက်တစ်ကျွန်း) အမိန့်ချတာကတော့ ခြိမ်းခြောက်မှုတစ်ခုပေါ့၊ နင်တို့ ဒါတွေဆက်လုပ်နေရင် ဒီလိုဖြစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုပေါ့” ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ နှစ် ဒီဇင်ဘာလကလည်း ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှ CDM တွင် ပါဝင်ထားသည့် အသက် ၂၅ နှစ်အရွယ် မူလတန်းပြကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီက လူသတ်မှု၊ အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မနှစ်ခုဖြင့် ၂၀၂၂ ဒီဇင်ဘာ ၃၀ တွင် သေဒဏ်ချမှတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button