သတင်း

ကြားနေအဖွဲ့အဖြစ် ဆက်ရပ်တည်မည်ဟု ‘ဝ’ တပ်ဖွဲ့ပြော

တိုက်ပွဲအတွင်း စစ်ကောင်စီ ဆုံးရှုံးသွားသည့် ဟိုပန်၊ ပန်လုံဒေသတို့ကို ရရှိထိန်းချုပ်ထားသည့် UWSA က စစ်ပွဲတွင် ကြားနေအဖွဲ့အဖြစ် ရပ်တည်ကြောင်း ထပ်မံ ကြေညာသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ကို တိုက်ခိုက်တော့မည်ဟူသော ကောလာဟလ ထွက်နေချိန်တွင် ထိုမြို့ကို တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း၊ ကြားနေအဖွဲ့အဖြစ် ဆက်ရပ်တည်ဖြစ်ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဇန်နဝါရီ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် ကျိုင်းတုံမြို့သည် စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာဖြစ်ပြီး ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်ရေးတွင် အရေးပါသည့်မြို့တစ်မြို့ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်အရှေ့မြောက်ဘက်ရှိ ဟိုပန်နှင့် ပန်လုံမြို့တို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်လိုက်ပြီး အင်အားအကြီးဆုံး တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ဝတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ ထိုဖြစ်ရပ်အပြီး ကျိုင်းတုံကို ဝတပ်ဖွဲ့ တိုက်ခိုက်မည်ဟူသော မှန်းဆချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်ဘာသာဖြင့် ရေးထားသည့် ဝတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ကျိုင်းတုံကို တိုက်ရန်မရှိကြောင်း၊ မြန်မာနိုင်ငံစစ်ပွဲနှင့် ပဋိပက္ခများတွင် ဘက်မလိုက်မူဝါဒကို ဆက်လက်ကိုင်စွဲထားကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာမှုအကူအညီ ပေးသွားမည်ဟု ဖော်ပြထားသလို၊ ညီနောင်သုံးဖွဲ့နှင့် စစ်တပ်တို့ကြား အပစ်ရပ်ထားသည့် သဘောတူညီချက်ကို နှစ်ဖက်လက်နက်ကိုင်အဖွဲ့များက လိုက်နာမည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြထားသည်။

ကျိုင်းတုံမြို့ကို တိုက်မည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ်ကြောင်းလည်း UWSA ပြောခွင့်ရ ဦးညီရန်းက Myanmar Now ကို ပြောသည်။

 “ဝ” တပ်ဖွဲ့သည် ၎င်း၏ မဟာမိတ်များနှင့် စစ်ကောင်စီ တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီး အပစ်ရပ်ထားကာ စစ်ရေးအကဲဆတ်နေချိန်တွင် ထိုသို့ ထုတ်ပြန်ခြင်းမှာ သူ၏အနေအထား ပြောင်းလဲမည်မဟုတ်ကြောင်း အသိပေးလိုသဖြင့် ကြေညာချက် ထုတ်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

“ဆိုလိုတာကတော့ လက်ရှိဖြစ်နေတဲ့ ရှမ်းမြောက်က တိုက်ပွဲတွေထဲမှာ သူဟာ ကြားနေတဲ့ အဖွဲ့အစည်းဖြစ်တယ်၊ တိုက်ရိုက်ပါဝင်မှာ မဟုတ်ဘူး ဆိုတဲ့အကြောင်းကို ထပ်မံ အတည်ပြုလိုတဲ့သဘောအနေနဲ့ ထုတ်ပြန်တယ်လို့ ယူဆပါတယ်” ဟု ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ ရှမ်းပြည်နယ်စစ်ဒေသတွင် တာဝန်ယူခဲ့ဖူးသူ ဦးသန်းစိုးနိုင်က Myanmar Now ကို ပြောသည်။

လက်ရှိစစ်ရေးပဋိပက္ခတွင် ပါဝင်မည်မဟုတ်ဟု နိုဝင်ဘာ ၁ ရက်နေ့တွင် ကြေညာထားပြီးဖြစ်သည်။

သို့သော်လည်း ၎င်းတို့ ထိန်းချုပ်ထားသည့် လေပိုင်နက်နှင့် မြေပြင်ဧရိယာများကို ကျူးကျော်လာပါက လက်တုံ့ပြန်မည်ဟု ပါရှိသည်။

UWSA သည် စစ်ရေးပြအခမ်းအနားများတွင် FN-6 ခေါ် လေယာဉ်ပစ်လက်နက်များကို ထုတ်ပြထားပြီးဖြစ်သည်။

ဟိုပန်နှင့် ပန်လုံ

ဝတပ်ဖွဲ့လွှဲပြောင်းယူခဲ့သည့် ဟိုပန်နှင့် ပန်လုံတို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်လာသည့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှ မြို့များဖြစ်ပြီး ၂၀၂၄ ဇန်နဝါရီ ၅ ရက်နေ့အထိ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်ခဲ့သည်။

ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းတွင် ဟိုပန်မြို့ထဲရှိ စစ်ကောင်စီတပ်များ ကိုးကန့်တပ် (MNDAA) တပ်များထံ အညံ့ခံခဲ့ပြီးနောက် UWSA ‘ဝ’ တပ်များသည် မြို့အတွင်းသို့ ဝင်ရောက်လာပြီး မြို့ကို ထိန်းချုပ်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ နှင့် ၁၁ ရက်နေ့များတွင် ‘ဝ’ ခေါင်းဆောင်များသည် ဟိုပန်၊ ပန်လုံဒေသသို့ သွားရောက်ပြီး လွှဲပြောင်းလက်ခံခြင်းလုပ်ငန်းများကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း ဝတပ်ဖွဲ့ပိုင် Wa State TV သတင်းက ရေးသားထားသည်။

ဟိုပန်သည် ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် ကွမ်းလုံမြို့၏ အရှေ့ဘက် ၁၁ မိုင်ခန့်အကွာနှင့် ချင်းရွှေဟော်မြို့၏ အနောက်ဘက် ၉ မိုင်ခန့်အကွာတွင် ရှိသည်။ ဟိုပန်နှင့် ပန်လုံတို့သည် မိုင် ၂၀ ခန့် ကွာဝေးသည်။

UWSA သည် ခေတ်မီလက်နက်များ တပ်ဆင်ထားသည့် အမြဲတမ်းစစ်သည်အင်အား ၃ သောင်းခန့်ရှိသည်ဟု သုတေသနအဖွဲ့များက ခန့်မှန်းထားသည်။

စစ်ကောင်စီနှင့် UWSA ‘ဝ’ တပ်ဖွဲ့တို့အကြား တိုက်ရိုက်စစ်ပွဲများမရှိသော်လည်း ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေသည့် တိုင်းရင်းသားတပ်များသည် ‘ဝ’ တပ်ဖွဲ့၏ မဟာမိတ်များဖြစ်ကြသည်။

စစ်ဆင်ရေး ကနဦးကာလတွင် ညီနောင် ၃ ဖွဲ့၏ စစ်ကြောင်းများ ဝဒေသကို ဖြတ်သန်းသွားလာခဲ့သည်ဟု စစ်ကောင်စီက ထောက်ပြခဲ့ဖူးသည်။

Show More

Related Articles

Back to top button