သတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းဝင်ဟု ယူဆရသူ ၂၄၀၀ ခန့်ကို တရုတ်သို့ လွှဲအပ်

အွန်လိုင်းရာဇဝတ်မှု ကျူးလွန်သည်ဟု ယူဆရသူ ၄၀၀၀ ကျော်ကို မြန်မာက တရုတ်ထံ ၃ လအတွင်း လွှဲပြောင်းပေးအပ်ခဲ့သည်၊ UWSA အရာရှိ ၂ ဦးကိုလည်း တရုတ်က အလိုရှိကြောင်း စာထုတ်ထားသည်။

မြန်မာပြည်မြောက်ပိုင်းတွင် အခြေစိုက်ပြီး အွန်လိုင်းရာဇဝတ်မှု (ကျားဖြန့်) ကျူးလွန်သည်ဟု ယူဆရသူများကို တရုတ်က လက်လွှဲဖမ်းဆီးလျက်ရှိရာ အောက်တိုဘာ ၁၄ ရက်နေ့က ၂,၃၄၉ ဦး ထပ်မံ ဖမ်းဆီးနိုင်ခဲ့သည်ဟု တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက အောက်တိုဘာ ၁၇ တွင် ထုတ်ပြန်သည်။

လက်ရှိအချိန်အထိ ကျားဖြန့်သံသယဖြင့် မြန်မာဘက်ခြမ်းမှ ၄,၆၆၆ ဦးကို တရုတ်က လက်လွှဲဖမ်းဆီးခဲ့ပြီး ဖြစ်ရာ ယခုအကြိမ်သည် အရေအတွက်အများဆုံး ရယူခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံဘက် တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် ဌာနများက ယူနန်ပြည်နယ်အာဏာပိုင်များထံသို့ လက်လွှဲခဲ့သူ ၂,၃၄၉ ဦးထဲတွင် တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသူ ၁၁၁ ဦးလည်း ပါဝင်သည်ဟု သတင်းက ဆိုသည်။

နယ်စပ်လောင်းကစားဂိုဏ်းဝင်များဟု သဲံသယရှိသူများကို ‘ဝ’ လက်နက်ကိုင်တပ် UWSA က တရုတ်ရဲများထံ ၂၀၂၃ စက်တင်ဘာ ၆ နှင့် ၇ ရက်များအတွင်းက လွှဲပြောင်းပေးနေစဉ် (ဓာတ်ပုံ – WSTV)

“ကျားဖြန့်” ဟု အလွယ်ခေါ်ကြသည့် အင်တာနက် (သို့) တယ်လီဖုန်း စသည်တို့မှတစ်ဆင့် လောင်းကစားအပါအဝင် ငွေကြေးလိမ်လည်သည့် လုပ်ငန်းသည် တရုတ်နိုင်ငံသားများကို လူကုန်ကူးခြင်း၊ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းအလုပ်ခိုင်းစေခြင်း၊ တရုတ်တို့ကို ဦးတည်လိမ်လည်ခြင်း အစရှိသည့် တိုင်ကြားမှုများကြောင့် တရုတ်အစိုးရက နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ကာ ဖြိုခွဲလျက်ရှိသည်။

ကျားဖြန့်ဂိုဏ်းများ၏ လက်ချက်ဖြင့် ၂၀၂၂ တစ်နှစ်တည်းတွင် တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း သုတေသနများကို ကိုးကားပြီး အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု USIP က မြန်မာနိုင်ငံဆိုင်ရာအရာရှိ Billy Ford က ဘီဘီစီ (မြန်မာပိုင်း) ကို ပြောကြားထားသည်။

တရုတ်အစိုးရက စစ်ကောင်စီနှင် မြန်မာ-တရုတ်နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်များကို ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများတွင် အခြေစိုက်သည့် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းရန်နှင့် သံသယရှိသူများကို လွှဲပြောင်းပေးရန် ဖိအားများ ဆက်တိုက်ပေးနေသည်။

မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ‘ဝ’ အဖွဲ့ (UWSA)၏ ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်းနှင့် မိုင်းလင်းခရိုင်မှူး ဟော်ချွင်ထင် တို့ကို “ကျားဖြန့်” ခေါ် အွန်လိုင်းမှ ငွေလိမ်သည့်ဂိုဏ်း၏ အရေးကြီးခေါင်းဆောင်များဟု တရုတ်ဘက်က သတ်မှတ်ထားသည်။

တရုတ်က ဆုကြေးဖြင့် ဖမ်းဝရမ်းထုတ်ထားသည့် ‘ဝ’ အဖွဲ့ (UWSA) ၏ အရာရှိနှစ်ဦး။

၎င်းတို့ကို ဖမ်းမိရေးသတင်းပေးပါက တရုတ်ယွမ်ငွေ တစ်သိန်းမှ ငါးသိန်းအထိ (ကျပ် သိန်း ၄၅၀ မှ ကျပ်သိန်း ၂၀၀၀ ကျော်) ဆုကြေးပေးမည်ဟု တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဌာနက အောက်တိုဘာ ၁၂ တွင် ကြေညာခဲ့သည်။ တရုတ်ဘက်က ဆုကြေးပါဖမ်းဝရမ်းထွက်လာခဲ့ပြီးနောက် ‘ဝ’ တပ်ဖွဲ့ UWSA က ၎င်းတို့၏ အရာရှိနှစ်ဦးကို တပ်ဖွဲ့မှ အလျင်အမြန် ထုတ်ပယ်ခဲ့သည်။

UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကလည်း ၎င်းတို့နှစ်ဦးကို တပ်ဖွဲ့မှ ထုတ်ပယ်သည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း အသေးစိတ်ကို ဖြေကြားခြင်းမရှိခဲ့ပါ။

UWSA ၏ တရုတ်ဘာသာဖြင့် ထုတ်ပြန်ချက်တွင် ၎င်းတို့နှစ်ဦးသည် တရုတ်နိုင်ငံ၏ ဥပဒေများကို ချိုးဖောက်ခြင်းကြောင့် ရာထူးများမှ ဖယ်ရှားသည်ဟု ပါရှိသည်။ ထုတ်ပယ်ခံ ‘ဝ’ တပ်ဖွဲ့ အရာရှိများ လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ရှိသည်ဆိုသည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပါ။

ယင်းမတိုင်မီကလည်း ‘ဝ’ တပ်ဖွဲ့ UWSA က တရုတ် လိုအပ်နေသူအများအပြားကို ဖမ်းပြီး နယ်စပ်ဖြတ်ကျော် ပို့ပေးလျက်ရှိရာ ပြီးခဲ့သည့် စက်တင်ဘာ ၆ နှင့် ၇ ရက်နေ့များတွင် ၎င်းတို့နယ်ထဲမှ ကျားဖြန့်ဂိုဏ်းဝင်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပေးခဲ့သည်။

ထို့အတူ မြန်မာ-တရုတ် နယ်စပ် ရှမ်းပြည်နယ် လောက်ကိုင်အခြေစိုက် ကိုးကန့်စီးပွားရေးသမား ၁၁ ဦးကိုလည်း ကျားဖြန့်သံသယဖြင့် အောက်တိုဘာ ၁ ရက်နေ့တွင် တရုတ်ရဲတို့က တရုတ်ပြည် လင်ချန်းပြည်နယ်တွင် ဖမ်းဆီးခဲ့သည်။ ဖမ်းခံရသူများထဲတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲဝင် လွှတ်တော်အမတ်လောင်း၊ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်တို့၏ အဆက်အနွယ်များ ပါရှိခဲ့သည်။

ကိုးကန့်သူဌေးများ ဖမ်းဆီးခံရပြီး သီတင်းတစ်ပတ်အကြာ အောက်တိုဘာ ၇ ရက်နေ့တွင် ကိုးကန့်၊ လောက်ကိုင်အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရန် စစ်ကောင်စီနှင့် ကိုးကန့်ပြည်သူ့စစ်များက သဘောတူခဲ့ရပြီး သံသယရှိသူ ၃၈၀ နီးပါးကို တရုတ်ထံ အပ်ခဲ့ရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က စစ်ခေါင်းဆောင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ကျီကျွမ်းတို့ နေပြည်တော်တွင် တွေ့ဆုံစဉ်အတွင်းကလည်း ကျားဖြန့်ဂိုဏ်းများ ဖြိုခွဲရန် တရုတ်ဘက်က စစ်ကောင်စီကို သတိပေးခဲ့သည်။

တရုတ်အစိုးရသတင်းဌာန၏ ထုတ်ပြန်ချက်တွင် ထောင်နှင့်ချီသည့် သံသယတရားခံများကို ဖမ်းဆီးရမိသည်မှာ မြန်မာပြည်တောင်ပိုင်းမှ ဖြစ်သည်ဟု ဖော်ပြထားသည်။ မြန်မာပြည်မြောက်ပိုင်းသည် တရုတ်နှင့် ဆက်ဆံရေးကောင်းမွန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အခြေစိုက်ရာဒေသဖြစ်သည်။

မြန်မာပြည်တောင်ပိုင်းရှိ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း လောင်းကစားလုပ်ငန်းများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်သည်ဟု နာမည်ကြီးသော တရုတ်ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းသည့်သတင်း ထွက်ပေါ်လာခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button