
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်လူမျိုးများ ဖွင့်လှစ်ထားသည့် လောင်းကစားရုံ နှိမ်နင်းခံရပြီးနောက် ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
မင်္ဂလာမူဆယ် မြို့သစ်စီမံကိန်းအတွင်းရှိ ထိုလောင်းကစားရုံကို ဦးဆောင်သူများမှာ တရုတ်အစိုးရဘက်က အလိုရှိနေသည့် ငွေလိမ်ဂိုဏ်းဖြစ်၍ ဖိအားပေး ဖမ်းဆီးခိုင်းသဖြင့် စစ်ကောင်စီက မလွှဲမရှောင်သာ နှိမ်နင်းခဲ့ခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံများက ဆိုသည်။
အဆိုပါ လောင်းကစားရုံမှာ စစ်ကောင်စီနှင့် အပေးအယူလုပ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများလည်း ပါဝင်ပတ်သက်နေကြောင်း၊ ဇူလိုင် ၃၁ ရက်တွင် ဝင်ရောက်စီးနင်းခံရပြီးနောက် နွေဦးတော်လှန်ရေးနှင့် ရောထွေးကာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာကြောင်း မူဆယ်မြို့ခံတစ်ဦးက ပြောသည်။
မူဆယ်မြို့နယ် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် ညပိုင်းတွင်လည်း ထပ်မံဖြစ်ပွားသည်ဟု အမည်မဖော်လိုသူ ထိုမြို့ခံ အမျိုးသားက ဆိုသည်။
“၉ နာရီခွဲလောက်မှာ မင်္ဂလာမူဆယ်ဘက်မှာရယ်၊ မူဆယ်မြို့မရဲစခန်းဘက်မှာရယ် ပေါက်ကွဲမှုတွေ ဖြစ်တယ်။ လက်နက်ငယ်နဲ့ လာပစ်တယ်။ သိသလောက်တော့ ထိခိုက်ဒဏ်ရာရတယ်လို့တော့ မကြားဘူးပေါ့။ နေရာတွေကတော့ အနှံပဲ။ ဟိုနား အသံကြား ဒီနား အသံကြားပေါ့” ဟု ၎င်းက ပြောသည်။
နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအနီး ရွှေလီမြစ်ဘေးရှိ မင်္ဂလာမူဆယ်စီမံကိန်းတွင် ဗုံးနှစ်လုံးပေါက်ကွဲကြောင်း၊ မူဆယ်မြို့မရဲစခန်းကို နာရီဝက်ကြာ လာရောက်ပစ်ခတ်မှုလည်း ဖြစ်ပွားသည်ဟု သိရသည်။
မည်သည်အဖွဲ့၏ လက်ချက်ဖြစ်သည်ကို မသိရသေးကြောင်း ထိုသူက ဆိုသည့်နည်းတူ ထိုပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယနေ့မွန်းလွဲပိုင်းတွင် မူဆယ်မြို့မဈေးအနီး မီးပွိုင့်တွင် ရပ်ထားသောကားပေါ်မှ အမျိုးသားနှစ်ဦးကို နောက်မှ လိုက်လာသည့် ကားပေါ်မှ သေနတ်သမားက ပစ်ခတ်သွားကြောင်း၊ အပစ်ခံရသူများကို ဆေးရုံပို့လိုက်ရပြီး အသေးစိတ်အခြေအနေကို မသိရကြောင်း အထက်ပါမြို့ခံက ပြောသည်။
ယမန်နေ့ မွန်းလွဲပိုင်းကလည်း မြို့မဈေးမီးပွိုင့်အနီး၌ပင် ပေါက်ကွဲမှုတစ်ခုဖြစ်ကာ လူတစ်ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
ဆိုင်ကယ်စီးလူငယ်နှစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲနှစ်ဦးနှင့် ပြည်သူ့စစ် ၃ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန်တည်ရှိရာ မူဆယ်မြို့သည် အချက်အချာကျပြီး နယ်စပ်ကုန်သွယ်ရေးဖြင့် အစဉ်သဖြင့် စည်ပင်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ကုန်သွယ်ရေးလမ်းကြောင်းများ ဖွင့်လိုက်ပိတ်လိုက်ဖြစ်ကာ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှုနှင့် လောင်းကစားရုံများ ထူပြောလာသည်ဟု မြို့ခံများက ဆိုသည်။
ဇူလိုင် ၃၁ ရက် ညပိုင်းက စီးနင်းခံရသည့် လောင်းကစားရုံမှာ မင်္ဂလာမူဆယ်မြို့သစ်ရှိ ကိုးထပ်တိုက်အဆောက်အအုံတွင် ဖွင့်လှစ်ထားပြီး လုပ်ငန်းလည်ပတ်သည်မှာ တစ်နှစ်ခန့်သာ ရှိသေးကြောင်း၊ တရုတ်လူမျိုးများကို ပစ်မှတ်ထား၍ အွန်လိုင်းမှ ငွေလိမ်သော လုပ်ငန်းဖြစ်ကြောင်း သိရသည်။
ထိုလောင်းကစားရုံလုပ်ငန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များက နက်နက်ရှိုင်းရှိုင်း ပါဝင်သတ်သက်နေသည်ဟု ယူဆရပြီး လူတစ်ထောင်ကျော်ရှိသော်လည်း ဝင်ရောက်ဖမ်းဆီးချိန်တွင် အနည်းငယ်သာ အဖမ်းခံရကြောင်းလည်း မူဆယ်မြို့ခံ နောက်တစ်ဦးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)