တော်လှန်ရေးတပ်များ မုန်းဒေသကို ဆက်ထိန်းချုပ်ထားဆဲဖြစ်သည်၊ စစ်ကောင်စီတပ်သားများက ဆုံးရှုံးလိုက်ရသော တပ်စခန်းများသို့ လေကြောင်းမှ သွားရောက်ကာ ရိုက်ကူးထားသော ဓာတ်ပုံများကို အွန်လိုင်းတွင် တင်ကာ နယ်မြေပြန်စိုးမိုးသယောင် ဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၂) စစ်ဒေသခွဲမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဒီဇင်ဘာ ၂ ညပိုင်းတွင် ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ် မုန်းဒေသအခြေစိုက် စစ်တပ် တပ်ရင်းစခန်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် NUG လက်အောက်ခံ တော်လှန်ရေးအင်အားစုများက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ထို့နောက် နှစ်ရက်အကြာ (ဒီဇင်ဘာ ၄) ညနေ ၅နာရီခွဲခန့်တွင် မုန်းဒေသရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ -၅၉၉ ၊ ခမရ-၅၉၀ ၊ မြို့မရဲစခန်းနှင့် တံတားဂိတ်စခန်းများကို သိမ်းယူနိုင်ခဲ့ကြောင်း KNU က ထုတ်ပြန်ခဲ့သလို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း မုန်းမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များထံ စစ်ကောင်စီတပ်သားများ လက်နက်ချခဲ့ကြောင်း ထုတ်ပြန်ကြသည်။
“မုန်းဒေသရဲ့ နောက်ဆုံးအခြေအနေကို ပြောရမယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ ဆက်လက်ပြီးတော့ ထိန်းချုပ်ထားနိုင်တုန်းပဲ ရှိပါတယ်” ဟု အမှတ် (၂) စစ်ဒေသခွဲ ပြောရေးဆိုခွင့်ရှိသူ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
ထိုပြောဆိုချက်မတိုင်မီ ယမန်နေ့ညတွင် စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေးဌာနက မုန်းမြို့၊ နယ်မြေခံတပ်ရင်းကို လာရောက် တိုက်ခိုက်သည့် KNLA နှင့် PDF တို့ကို တိုက်ခိုက်ချေမှုန်းပြီး ပြန်လည် နေရာယူထားကြောင်း ထုတ်ပြန်ခဲ့သည်။
ခမရ ၅၉၀ နှင့် နယ်မြေခံတပ်ရင်းအတွင်း စစ်သားများ ရောက်ရှိနေသည့်ဓာတ်ပုံများနှင့်အတူ စစ်ကူဖြည့်၍ လေကြောင်း၊ လက်နက်ကြီး ပစ်ကူများရယူကာ ဒီဇင်ဘာ ၅ ရက် နံနက်တွင် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း၊ PDF များ ထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။
မုန်းမြို့ရှိ တပ်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဉ်ဖြင့် စစ်ကူချခဲ့သည်ဟု ရဲဘော်တင်ဦးက တုံ့ပြန်သည်။
“ကျွန်တော်တို့ တိုက်ခိုက်သိမ်းပိုက်ထားပြီးသား တပ်စခန်းတစ်ခုကို ကျွန်တော်တို့က ဒီအတိုင်း ထားခဲ့တာပဲ။ လေကြောင်းကနေ သူတို့ပစ်ကူတွေ တအားယူတယ်။ ပြီးတော့ လေယာဉ်နဲ့ စစ်ကူချပြီးတော့ ဓာတ်ပုံရိုက် ဝါဒဖြန့်တာပါပဲ”
လေကြောင်းမှ ရောက်လာသည်ဟု ဆိုသော စစ်ကောင်စီလက်နက်ကိုင်များ ထိုစခန်းတွင် ဆက်လက် တပ်စွဲထားခြင်း ရှိမရှိ မသိရသေးပေ။
တိုက်ပွဲစတင်သည့် ဒီဇင်ဘာ ၂ ညပိုင်းကတည်းက ဒီဇင်ဘာ ၄ ရက် ညနေအထိ လေကြောင်းမှ အကြိမ်ရေ ၅၀ ကျော်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် NUG လက်အောက်ခံ ရိုးမ (၂) စစ်ကြောင်းကလည်း ထုတ်ပြန်ထားသည်။
မုန်းမြို့တိုက်ပွဲများအတွင်း နှစ်ဖက်အထိအခိုက်အကျအဆုံးများ ရှိပြီး ၎င်းတို့စစ်ကြောင်းမှ ၃ ဦး သေဆုံးသလို ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့် အပါအဝင် လက်နက်ချသူများလည်း ရှိ ကြောင်း ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုတိုက်ခိုက်မှုများတွင် KNU တပ်မဟာ (၃) တပ်ရင်းများနှင့် ဒရုန်းတပ်ဖွဲ့၊ တပ်မဟာ (၁) နှင့် (၅) တို့မှ တပ်ရင်းများ၊ NUG ၏ ရိုးမစစ်ကြောင်း (၂) ၊ (၄) ၊ (၅) တို့အပြင် ကျောင်းသားတပ်မတော် (ABSDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် Federal Wing ဒရုန်းတပ်ဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် အဆိုပါ ခမရ တပ်ရင်း ၂ ခုမှ မိသားစုဝင်များကို စောင့်ရှောက်ထားပေးကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကလည်း ထုတ်ပြန်ထားသည်။
လတ်တလော မုန်းမြို့အခြေအနေများနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မုန်းဒေသရှိ စစ်စခန်းများ တိုက်ခိုက်ခံရကြောင်း၊ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တပ်မိသားစုဝင်တချို့ နေရာပြောင်းရွှေ့ပေးခဲ့ကြောင်း ပြောဆိုချက်များကို ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
“ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှာလည်း ကျွန်တော်တို့က စနစ်တကျ ပြန်လည်စုဖွဲ့ပြီးတော့ ကျွန်တော်ပြောခဲ့တဲ့ တပ်ရင်းတစ်ရင်းကို ပြန်လည်ဝင်ရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ မုန်းဆိုတာက မြို့သေးသေးလေးပါ။ တိုက်နယ်အဆင့်လို့ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ သူတို့အနေနဲ့က ဒီမုန်းဒေသမှာ နေရာသုံးနေရာလောက်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောထားသည်။
ကျောက်ကြီးမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်ထိစပ်သော နေရာတွင် တည်ရှိသည့် မုန်းမြို့သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၀၀၀၀ ကျော်ခန့် နေထိုင်သလို KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်တွင် ပါဝင်သည်။
မြို့၏အနောက်ဘက်တွင် စစ်တောင်းမြစ်၊ တောင်ဘက်ခြမ်းရှိ တုံးတောရွာတွင် ခမရ- ၅၉၉ နှင့် မြို့အရှေ့ဘက် ရေအိုးစဉ်ရွာတွင် ခမရ- ၅၉၀ တို့ အခြေစိုက်စခန်းများရှိသည်။