
မြို့လုံးကျွတ်စစ်ရှောင်နေရချိန်တွင် မကြာခဏ မီးရှို့ဖျက်ဆီးခံနေရသည့် ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့၌ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် မီးထပ်မံလောင်ကျွမ်းခဲ့ပြီး ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၉ လုံး ပျက်စီးသွားသည်။
ဈေးရပ်ကွက်ရှိ United Pentecostal Church (UPC) ဘုရားကျောင်းနှင့် နေအိမ် ၁၆လုံး၊ ဘုရားကျောင်းရပ်ကွက်မှ လူနေအိမ် ၂ လုံး မီးဘေးသင့်ခဲ့ရသည်ဟု ချင်းစစ်ရှောင်အရေးကူညီပေးနေသည့် Thantlang Placement Affairs Committee – IDPs help အဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဘုရားကျောင်းမှာ ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့၏ အသင်းတော်ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ၎င်း၏ Facebook တွင် ရေးသားထားသည်။
စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းရာ ထန်တလန်မြို့တွင် စက်တင်ဘာလလယ်ပိုင်းမှစ၍ ၁၀ ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဘုရားကျောင်း ၅ ကျောင်းနှင့် လူနေအိမ် ၄၉၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု အထက်ပါအဖွဲ့၏ စာရင်းများက ဆိုသည်။
အိမ်ခြေ ၂၀၀၀ ခန့်ရှိပြီး လူဦးရေ ၁၀၀၀၀ ဝန်းကျင်ခန့်နေထိုင်သည့် ထန်တလန်၌ ဒေသခံအားလုံး တိမ်းရှောင်နေရချိန်တွင် ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုများမှာ ၎င်းတို့လက်ချက်မဟုတ်ဟု စစ်ကောင်စီဘက်က ငြင်းလေ့ရှိသည်။
သို့သော် မီးလောင်မှုဖြစ်စဉ်များအတွင်း ပျက်စီးမှုအကြီးဆုံးဖြစ်ပြီး နေအိမ် ၁၆၆ လုံး ဆုံးရှုံးခဲ့ရသည့် အောက်တိုဘာ ၂၉ ရက်ဖြစ်စဉ်တွင် မီးဘေးသင့်နေအိမ်များကို နောက်ခံထား၍ ရိုက်ကူးထားသည့် စစ်သားတစ်ဦး၏ ဓာတ်ပုံ Facebook တွင် ပျံ့နှံ့သည်။
ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ၏ အချက်အလက်များအရ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်မများထဲမှ တပ်မ ၁၁ ၏ လက်အောက်ခံတပ်များရှိပြီး ဟားခါးမြို့အခြေစိုက် ခလရ ၂၆၉ နှင့် ၂၂၂ တို့ကိုလည်း တွေ့ရကာ အင်အား ၂၀၀ ခန့်ဖြင့် မြို့ကို အပေါ်စီးကနေမြင်ရသည့် တောင်ကုန်းတွင် တပ်စွဲထားကြသည်။
ချင်းပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာသည့် မေလမှစ၍ စစ်ကောင်စီတပ်များ အကျအဆုံးရှိလာပြီးနောက်တွင် မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများပါမချန် ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည်။
ဖေဖော်ဝါရီ ၁ တွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် ပစ်ခတ်သည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ နိုင်ငံအနှံ့ အရှိန်မြင့်နေသည်။
ခုခံမှုပြင်းထန်သည့် ဒေသများထဲတွင် ချင်းပြည်နယ်သည် ထိပ်ဆုံးမှ ပါဝင်နေပြီး စစ်ကောင်စီက သံချပ်ကာယာဉ်များ ပါဝင်သည့် စစ်အင်အား အလုံးအရင်းပို့လွှတ်ကာ စစ်ဆင်ရေးလုပ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)