ဆောင်းပါး

တူမီးကိုင် ခုခံသူများကို ပစ်မှတ်ထားသည့် အနော်ရထာစစ်ဆင်ရေး စတင်နေပြီ

အောက်တိုဘာလလယ်တွင် ရာထောင်ချီသည့် စစ်သားများသည် လက်နက်အပြည့်အစုံနှင့် စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ်သို့ ချီတက်သွားကြသည်မှာ ရှေးဟောင်း အမဲပစ်သေနတ် တူမီးကိုင်ဒေသခံများကို နှိမ်နင်းရန် ဖြစ်သည်။  

တစ်ချိန်တည်းတွင် စစ်တပ်ယာဉ်တန်းရှည် ၂ ခုသည် ချင်းတောင်တန်းများပေါ်သို့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဘက်မှ တက်လာသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

“တောင်ပိုင်းက မတူပီဗျူဟာ၊ မြောက်ပိုင်းက ဟားခါးဗျူဟာရှိတယ်။ သူတို့က အဲဒီဗျူဟာကို အင်အားဖြည့်တင်းပြီးတော့ အဲဒီကနေ စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်နေတယ်” ဟု ဆလိုင်းထက်နီက Myanmar Now ကို အောက်တိုဘာလလယ်ပိုင်းတွင် ပြောသည်။ 

ထိုစစ်ကြောင်းနှစ်ခုသည် လှုပ်ရှားသွားလာနေသော ပြောက်ကျားတပ်သားများ၏ နယ်မြေသို့ ရောက်သည့်အခါ ဗုံးဖောက်ခွဲတိုက်ခိုက်မှု၊ ကြားဖြတ်တိုက်ခိုက်မှုတို့ကို ဆက်တိုက်ရင်ဆိုင်လာရသည်။

စစ်ကောင်စီတပ်သည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော်လည်း လူထုထောက်ခံမှု မရခြင်း၊ နယ်မြေကျွမ်းကျင်မှု အားနည်းခြင်း၊ စစ်ပန်း‌နေခြင်းတို့ကြောင့် လက်နက်ကိုင်အန်တုမှုကို ရှင်းလင်းနိုင်မည်မဟုတ်ဟု လေ့လာသူများက ဆိုသည်။

NUG ၏ တိုက်ပွဲခေါ်သံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့တော်လှန်ရေး စတင်ကြောင်း စက်တင်ဘာ ၇ တွင် ကြေညာခဲ့သည်။ ထိုကြေညာမှုသည် D-Day ခေါ် မဟာမိတ်တပ်အားလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြရန် အချက်ပေးခြင်းဖြစ်သည်ဟု အများအပြားက ယူဆကြသလို တိုက်ခိုက်မှုများ နှစ်ဆနီးပါး တိုးလာခဲ့ပြီး စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် လက်နက်ကိုင်တော်လှန်မှု အများဆုံးဖြစ်သည်။ 

ထိုဒေသနှစ်ခုကို စစ်ဆင်ရေးလုပ်ပြီး ကိုင်တွယ်ရန် ရဲတပ်ဖွဲ့၏ ရဲချုပ် ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်၊ နိုင်ငံမြောက်ပိုင်းမှ စစ်ဌာနချုပ်များကို ကြီးကြပ်ရသည့် စစ်ဆင်ရေးအထူးအဖွဲ့ (၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်တို့ကို တာဝန်ပေးထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 

“အနော်ရထာ” ဟု အမည်ပေးထားသော ထိုစစ်ဆင်ရေးလောက် စစ်ရေးနယ်မြေ ကျယ်ပြန့်မှုနှင့် အင်အားကြီးမားမှုမှာ လွတ်လပ်ရေးအလွန်ကာလတွင် မရှိခဲ့ပေ။ 

အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်သို့ အောက်တိုဘာမှစ၍ စစ်တပ်ယာဉ်တန်းနှစ်ခု ပို့ဆောင်ချိန်တွင် နယ်မြေ​ကပ်လျက်ဖြစ်သည့် စစ်ကိုင်းတိုင်းတွင်လည်း အင်အားတိုးချဲ့နေသည်။ 

ချင်းဒေသို့ စစ်ကြောင်းနှစ်ခု  

အောက်တိုဘာ ၁၂ တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတစ်ဆင့် တက်လာသော သံချပ်ကာယာဉ် ၂ စီးနှင့် စစ်ကား အစီး ၇၀ ကျော် ပါဝင်သည့်စစ်ကြောင်းသည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့သို့ ရောက်ရှိလာသည်။ 

ကလေးမြို့မှ ထွက်ခွာသွားသည့် စစ်ယာဉ်တန်းကို ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးမှ ဖြတ်သန်းသွားသည်ကို အောက်တိုဘာ ၁၂ တွင် တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- The Chin Journal)

ထိုမှတစ်ဆင့် မိုင် ၄၀ ကျော်အကွာရှိ မြို့တော်ဟားခါးသို့ ဆက်လက်ထွက်သွားခဲ့ရာ ဒေသခံကာကွယ်ရေးအဖွဲ့များက အဆက်မပြတ် ချုံခိုတိုက်ခိုက်သောကြောင့် ၎င်းယာဉ်တန်းသည် ခရီးသိပ်မတွင်ဘဲ တစ်ပတ်ကြာမှ ဟားခါးမြို့သို့ ရောက်ရှိသည်။

ထိုယာဉ်တန်းစစ်ကြောင်းသည် အောက်တိုဘာ ၂၃ ၌ ဟားခါးမြို့မှ ပြန်ထွက်ပြီး ၃ ရက်အကြာတွင် ဖလမ်းမြို့သို့ ပြန်ရောက်လာသည်။

စစ်ကြောင်းဖြတ်သန်းသွားသည့် ဖလမ်း – ဟားခါးလမ်းတစ်လျှောက် အသွားရော ​​အပြန်ပါ ကျေးရွာ ၄ ရွာမှ ခရစ်ယာန်ဘုရားကျောင်း ၂ ခု နှင့် အိမ်ခြေ ၄၀ နီးပါးကို စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဒေသခံများ ထွက်ပြေးနေရသည်။  

ထန်တလန်မြို့တွင်း တပ်စွဲထားသည့် စစ်တပ်က အောက်တိုဘာ ၂၉ မနက်ပိုင်းမှစ၍ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ခရစ်ယာန်ဘုရားကျောင်း ၂ ခုအပါအဝင် နေအိမ် ၁၆၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

မြို့လုံးကျွတ် စစ်ရှောင်နေရပြီး တိုက်ပွဲများ မကြာခဏဖြစ်နေသည့် ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့တွင် ရန်ကုန်တိုင်း(အင်းတိုင်) အခြေစိုက် တပ်မ ၁၁၊ ခြေလျင်တပ်ရင်း (ခလရ)၂၆၉၊ ၂၂၂ ပါဝင်သော တပ်ပေါင်းစုကို ခလရ ၂၆၉ မှ ဒုဗိုလ်မှူးကြီးသောင်းလှိုင်က ဦးစီးနေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်တောင်ပိုင်းတွင်လည်း မကွေးတိုင်း ပခုက္ကူ၊ ကျောက်ထုဘက်မှ လာသည့် သံချပ်ကာယာဉ် ၂ စီးနှင့် စစ်ကား အစီး ၈၀ ကျော်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်း အောက်တိုဘာ ၁၂ တွင် မင်းတပ်မြို့သို့ ရောက်ရှိလာပြီး နောက်တစ်ရက်တွင် မတူပီမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ 

လက်နက်၊ ရိက္ခာ သာမက သံချည်သံကွေးများ၊ ဘိလပ်မြေများပါ တင်ဆောင်လာသည့် ယာဉ်တန်းသည် မိုင် ၁၀၀ ကျော်ကွာဝေးသည့် မင်းတပ် – မတူပီလမ်းတစ်လျှောက် တစ်နေ့လျှင် ၁၀ မိုင်နီးပါးနှုန်းဖြင့် ခရီးဆက်နေသည်၊ မိုးတွင်းကာလ ရာသီဥတုဆိုးရွားနေသည့်အတွက် အစောပိုင်းရက်များတွင် ဒေသခံ ကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိပေ။ 

စစ်ကြောင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများ၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁၊ မကွေးအခြေစိုက် တပ်မ ၈၈၊ စစ်ကိုင်းအခြေစိုက် တပ်မ  ၃၃ တို့မှ တပ်ရင်းများမှ တပ်ဖွဲ့ဝင်အင်အား တစ်ထောင်နီးပါး ပါဝင်ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

မေလမှစ၍ စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မင်းတပ်မြို့တွင် ခရိုင်ထွေအုပ်ရုံး၊ မြို့နယ်မီးသတ်ရုံး၊ တိုင်းရင်းဆေးရုံတို့တွင် စစ်တပ်က တပ်စွဲနေရာယူထားကြောင်း၊ မြို့အခြေစိုက် ၂၇၄ တပ်ရင်းတွင်လည်း အထက်ပါ ယာဉ်တန်းမှအင်အားတချို့ ကျန်ရစ်ခဲ့ဖွယ်ရှိကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ယူဆနေသည်။ 

“D-Day ကြေညာပြီးနောက်ပိုင်းမှာ စကစက နယ်ဘက်ကို လုံးဝ ထိုးစစ်မဆင်တော့ဘူးဆိုတော့ ကျွန်တော်တို့က မြို့ပေါ်ကို သွားရောက်ပစ်ခတ်တယ်။ ကျွန်တော်တို့က စပြီး ထိုးစစ်ပြန်ဆင်တဲ့သဘော ရှိလာတာပေါ့။ နောက်ဘာဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့”ဟု ၎င်းက ပြောသည်။

အလားတူ ကန်ပက်လက်မြို့တွင်လည်း မကွေးအခြေစိုက် တပ်မ ၉၉ ၊ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ မှ တပ်များနှင့် ကန်ပက်လက်ဒေသခံ လက်နက်ကိုင်တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ မြို့ပေါ်တွင်လည်း အဆိုပါတပ်မနှစ်ခုမှ ပူးပေါင်းတပ်များ တပ်စွဲထားပြီး ရဲတပ်ရင်းတစ်ရင်းမှာလည်း မြို့ပေါ်ရှိ စာသင်ကျောင်းတစ်ခုတွင် ရှိနေသည်။

အဆိုပါတပ်များမှာ ဆောနှင့် ကန်ပက်လက်မြို့အကြား တပ်အပြောင်းအရွှေ့ မကြာခဏပြုလုပ်လေ့ရှိပြီး ထိုအချိန်တွင်လည်း ကြားဖြတ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ဆက်သွယ်ထားသည့် ယောဒေသ ဆောနှင့် ကျောက်ထုမြို့နယ် တို့တွင် တပ်မ ၉၉ နှင့် တပ်မ ၃၃ တို့က အင်အား ၁၅၀၀ ခန့်ဖြင့် စစ်ရေးလှုပ်ရှားနေသည်ဟု ဆော PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားချက်အရ ချင်းပြည်နယ်တွင် တပ်မ ၁၀၁၊ ၃၃၊ ၅၅၊ ၁၁၊ ၈၈၊ ၉၉ နှင့် ခလရ ၂၂၂၊ ဖလမ်းအခြေစိုက် ခလရ ၂၆၈၊ ဟားခါးအခြေစိုက် ခလရ ၂၆၆၊ တီးတိန်အခြေစိုက် ခလရ ၂၆၉၊ မတူပီအခြေစိုက် ခလရ ၃၀၄၊ ၁၄၀ နှင့် မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်တို့ ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နှင့် မြောက်ပိုင်း ဖလမ်းမြို့တို့တွင် တပ်တည်ပြီး ပြည်နယ်တစ်ခုလုံးကို စစ်ဆင်ရေးများ ပြုလုပ်နိုင်သည်ဟု မြို့နယ်အလိုက်ဒေသခံကာကွယ်ရေး ခေါင်းဆောင်များက သုံးသပ်နေသည်။

စစ်ကြောင်းနှစ်ကြောင်းဖြင့် လက်နက်၊ လူအင်အားတိုးချဲ့ထားသည့် ချင်းပြည်နယ်တွင် အောက်တိုဘာလကုန်ပိုင်းအထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်းမရှိခဲ့ပေ။ ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ကြားဖြတ်ချုံခိုတိုက်ခိုက်မှုကိုသာ တွေ့ရသည်။

ချင်းပြည်နယ်မြောက်ပိုင်းမှာ ထန်တလန်မြို့တွင် တပ်မ ၁၁၊ ခလရ ၂၆၉၊ နှင့် ၂၂၂ ၊ ချင်းတောင်ပိုင်းဖြစ်သော မင်းတပ်မှ မတူပီလမ်းကြောတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ၊ တပ်မ ၁၀၁၊ တပ်မ ၈၈၊ တပ်မ  ၃၃ တပ်ရင်းများ၊ ကန်ပက်လက်မြို့တွင် တပ်မ ၉၉ ၊ တပ်မ ၃၃ မှ တပ်များ၊ ယောဒေသ ဆော နှင့် ကျောက်ထုမြို့နယ်တို့တွင် တပ်မ ၉၉ နှင့် တပ်မ ၃၃  အခြေချ လှုပ်ရှားနေသည်။ 

ချင်းပြည်နယ်တွင် တပ်မနှင့် ခလရ နံပါတ်များအလိုက် တပ်ရင်းများ အစုလိုက်ချီတက်နေကြသော်လည်း စစ်ကိုင်းတိုင်းတွင်မူ တပ်မအလိုက်ချီတက်မှု နည်းပါးကာ နယ်မြေခံတပ်များနှင့် ပူးပေါင်း၍  မြို့တစ်မြို့တွင် အထိုင်ချ၍ တပ်ဖြန့်လှုပ်ရှားနေသောကြောင့် တပ်မအလိုက် သိရှိနိုင်ရန် ခက်ခဲသည်။ 

စစ်ကိုင်းတိုင်းစစ်မြေပြင်

ဧပြီလကတည်းက စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်မှုများစတင်ခဲ့သည့် စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအရှိန်အဟုန် မြင့်မားနေဆဲဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီထောက်တိုင်များ၊ သတင်းပေး(ဒလန်) ဟု ယူဆရသူများကို လုပ်ကြံသတ်ဖြတ်ခြင်းတို့ ခပ်စိပ်စိပ်ဖြစ်နေသည်။ 

အာဏာသိမ်းစစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေသည့် စစ်ကိုင်းတိုင်းအတွင်းမှ PDF အဖွဲ့ဝင်တချို့ကို အောက်တိုဘာ ၁၉ က တွေ့ရစဉ် (ဓာတ်ပုံ – မင်းကင်း PDF) 

စစ်ကောင်စီကို ခုခံမှုအားကောင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အခြေစိုက်ရာ နေရာများနှင့် နီးကပ်သည့် စစ်ကိုင်းတိုင်းအရှေ့မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ကောလင်း၊ ကသာ၊ ထီးချိုင့် စသည့်မြို့များတွင် တိုက်ပွဲများ အရှိန်မြင့်တက်နေပြီး စစ်ကောင်စီတပ်ကလည်း ထိုဒေသများတွင် အင်အားတိုးချဲ့နေသည်။ 

မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မ ၉၉ ၏ လက်အောက်ခံတပ်တချို့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ရောက်ရှိနေပြီး ထီးချိုင့် PDF အဖွဲ့နှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်။ အောက်တိုဘာ ၁၉ က ထီးချိုင့်မြို့မှ မိုင်အနည်းငယ်အကွာ ထီးချိုင့် – အင်းတော်လမ်းတွင် ဒိုင်နာကား ၂ စီး ကို ထီးချိုင့် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သားအယောက် ၂၀ ခန့် သေဆုံးခဲ့သည်။

ထီးချိုင့် PDF အဖွဲ့၏ ပြောဆိုချက်အရ ထီးချိုင့်မြို့ပေါ်ရှိ ဘောလုံးကွင်းကို စစ်တပ်က ယာယီအခြေစိုက်စခန်း ပြုလုပ်ထားပြီး အနီးအနားရှိ ဒေသခံတော်လှန်ရေးအဖွဲ့များကို ပစ်မှတ်ထားနေသည်ဟု ဆိုသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ စစ်ကိုင်းတိုင်းမြို့တော် မုံရွာတွင် စစ်ကောင်စီက ပြီးခဲ့သည့်လမှစ၍ အင်အားတိုးမြှင့်ချထားပြီး အနီးအနားမြို့နယ်များသို့ အင်အားဖြန့်ထားကြောင်း ဒေသခံများက ဆိုသည်။ 

နယ်မြေအခြေစိုက်တပ်ရင်း ၃ ခုရှိသည့် အရာတော်မြို့တွင် နမခလက်အောက်ခံတပ်များသာ တပ်စွဲလေ့ရှိသော်လည်း ယခုလဆန်းပိုင်းမှစ၍ ပဲခူးအခြေစိုက် တပ်မ ၇၇ နှင့် စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ တို့မှ တပ်အင်အားများ တိုးချထားသည်ဟု အရာတော်ဒေသခံကာကွယ်ရေးအင်အားစု (ARA) ထံမှ သိရသည်။ 

“စစ်ကိုင်းတပ်မ ၃၃ နဲ့ နမခ အခြေစိုက်တပ်တွေပေါ့။ အဲဒါတွေက လာတာများတယ်။ နယ်မြေခံတပ်ရင်း ၃ ရင်း ရှိတဲ့အတွက် နယ်မြေခံတပ်ရင်းတွေထဲမှာ အင်အားထပ်ဖြည့်ပြီး လှုပ်ရှားတာများတယ်” ဟု ARA အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဘအိုက ပြောသည်။ 

စစ်တပ်၏ ဝင်ငွေရလမ်းတစ်ခုဖြစ်သော၊ စစ်တပ်ကုမ္ပဏီနှင့် ပူးတွဲလုပ်ကိုင်နေသော တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီတူးဖော်ရေးလုပ်ကွက်တည်ရှိရာ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီဝင်းအတွင်း စစ်သား ရာနှင့်ချီပြီး တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။ 

“ဆားလင်းကြီးမှာ စစ်တပ်အင်အား ၉၀၀ လောက်တော့ ရှိတယ်။ ဝမ်ပေါင်တို့ ယန်စီတို့မှာက အင်အား ၃၀၀ လောက်စီ ရှိတယ်။ သုံးပုံနှစ်ပုံလောက်က ဝမ်ပေါင်နဲ့ ယန်စီမှာပဲ ထားတယ်”ဟု ဆားလင်းကြီးမြို့နယ် Special Task Force အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုဖိုးဇေက ပြောသည်။

“ဒီလအစပိုင်းလောက်က စပြီး လှုပ်ရှားတဲ့ အင်အားစုများလာတော့ ဆားလင်းကြီးတို့၊ ကဒက်တို့မှာ အင်အားတိုးချထားတယ်”

သွားလာရေးအချက်အချာကျသည့် ရေဦးမြို့နယ်တွင် အောက်တိုဘာလဆန်း၌ စစ်အင်အား တိုးချထားပြီးနောက် ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦးမြို့နယ်များသို့ အင်အားခွဲဝေချထားသည်ဟု အဆိုပါမြို့နယ်များမှ PDF များက ဆိုသည်။ 

ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပို့တပ်မှ အင်အား ၃၀ ခန့် တပ်စွဲထားပြီး၊ မြို့နယ်အထက်တန်းကျောင်းတွင် စစ်မှုထမ်းဟောင်း ၂၀ နီးပါး ပါဝင်သည့်အဖွဲ့က တပ်စွဲထားကြောင်း ဒေသခံများက ဆိုသည်။ 

ခြေမြန်တပ်မ ၉၉ ၏ လက်အောက်ခံတပ်အချို့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ရောက်ရှိနေပြီး အရာတော်မြို့တွင်လည်း နယ်မြေခံတပ်များနှင့်အတူ တပ်မ ၇၇ နှင့် တပ်မ ၃၃ တို့မှ အထိုင်ချထားသည်။

ဖေဖော်ဝါရီလကုန်ပိုင်းက ရန်ကုန်မြို့တွင် တွေ့ရသည့် စစ်ကောင်စီလက်အောက်ခံ ပဲခူးအခြေစိုက် တပ်မ ၇၇ မှ စစ်သားအချို့။ (ဓာတ်ပုံ − EPA/EFE) 

အရပ်ဝတ်လက်နက်ကိုင်များ

စစ်ကိုင်းတိုင်းရှိ PDF များ၏အဆိုအရ အောက်တိုဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်က ဒလန်များကို လက်နက်တပ်ဆင်ပေးပြီးနောက် ထိုအရပ်ဝတ်လက်နက်ကိုင်များနှင့်အတူ ကျေးရွာများကို စီးနင်းကာ PDF များကို ရှာဖွေနေသည်။

ခင်ဦးမြို့နယ်က အိမ်ခြေ ရာနှင့်ချီရှိသည့် ကျေးရွာ ၅ ခုတွင် ယခုလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် တပ်စွဲထားသည်ဟု ခင်ဦးမြို့နယ် ဒေသခံများထံမှ သိရသည်။  

အာဏာသိမ်းမှုထောက်ခံသူများနှင့် ဖွဲ့ထားသော ပျူစောထီးအဖွဲ့မှ အရပ်ဝတ်လက်နက်ကိုင် ၃၀ ခန့်လည်း ထိုစစ်သားများနှင့်အတူ ရှိနေသည်ဟု ခင်ဦးမြို့နယ် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“သူတို့ရဲ့စစ်ဆင်ရေးက တပ်ဖွဲ့ကြီးအလိုက် ကားတွေနဲ့ စီတန်းပြီး ချီတက်လာတဲ့ပုံစံမျိုးမဟုတ်ဘဲ အယောင်ဖျောက်ပြီး ပြည်သူပုံစံအသွင်ယူပြီး၊ PDF သဏ္ဌာန်အသွင်ယူပြီး အရပ်ဝတ်အရပ်စားနဲ့ပဲ ပျူစောထီးတွေမွေး၊ သင်တန်းပေးပြီးတော့၊ ပေါင်းပြီးတော့ ဝင်စီးတာပေါ့”ဟု ထိုသူက ပြောသည်။

ခင်ဦးဒေသခံများ၏ အဆိုအရ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အမည်စာရင်းကို ဒလန်တို့က စာရင်းပြုစုကာ စစ်တပ်ထံ ပေးခဲ့သည်ဟု သိရသည်။

“ရွာကိုလာပြီး ပျူတွေက စစ်ကောင်စီ နဲ့ပေါင်းပြီးတော့ မင်းတို့လက်နက်ပေးမယ်၊ သင်တန်းပေးမယ်ဆိုပြီး လာခဲ့ကြဆိုတော့ လုပ်ချင်တဲ့သူက နည်းသွားတယ်။ အဲ့ဒီတော့ စာရင်းပေးထားတဲ့သူတွေကို လိုက်ခေါ်တယ်။ လိုက်ခေါ်လို့ ထွက်ပြေးရင်၊ တွေ့ရင်ဖမ်းပြီး ရိုက်နှက်တယ်”ဟု အထက်ပါ ခင်ဦးမြို့ PDF က ပြောသည်။ 

ကနီမြို့နယ်တွင်လည်း စစ်သင်တန်းပေးထားပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ဒလန်များက လူသစ်စုဆောင်းနေကြောင်း ကနီ PDF က ပြောသည်။

နယ်မြေကျွမ်းကျင်သည့် PDF များကို တိုက်ခိုက်ရန်အတွက် ဒေသခံ ဒလန်များ၊ ပျူစောထီးများကို စစ်တပ်ဘက်က အသုံးပြုသော်လည်း အလုပ်ဖြစ်မည်မဟုတ်ဟု ကနီ PDF  ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

“သူတို့က အမိန့်ကြောင့်လုပ်တာ။ ကျွန်တော်တို့က အမိန့်ဆိုတာထက် စိတ်ဓာတ်ပေါ်မှာ မူတည်ပြီးတော့ လှုပ်ရှားနေတဲ့အတွက်ကြောင့် PDF တွေအချင်းချင်း အချိတ်အဆက်ကောင်းကောင်း၊ ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားနေတဲ့အတွက်ကြောင့် ကနီမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်က ဘယ်လိုပဲ စစ်ဆင်ရေးတွေ ဆင်နွှဲဆင်နွှဲ သိပ်ပြီးဂရုတော့ မစိုက်ဘူး” ဟု သူက မှတ်ချက်ပြုသည်။ 

လူသားဒိုင်းအသုံးပြုမှု ပိုများလာ 

PDF အဖွဲ့များသည် စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းထက် မြို့နယ်အလိုက်၊ ဒေသအလိုက် မဟာမိတ်များချိတ်ဆက်ပြီး မိုင်းဆွဲတိုက်ခိုက်ခြင်းကို အားပြုလုပ်ဆောင်နေကြသည်။

အောက်တိုဘာတွင် စစ်ကိုင်းတိုင်းအတွင်း နေ့စဉ်နီးပါး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာနေသည့် စစ်တပ်သည် သွားလာရွှေ့ပြောင်းရာတွင် အရပ်သားများကို “လူသားဒိုင်း” အဖြစ် အသုံးပြုမှု ပိုများလာသည်။ 

အရာတော်မြို့နယ်တွင် ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းတွင် လူသားဒိုင်းအဖြစ် အသုံးပြုခံခဲ့ရသူများအနက် ဦးမောင်မောင်လည်း အပါအဝင်ဖြစ်သည်။ အောက်တိုဘာ ၂၂ မနက်က သူ့ကို အင်အား ၆၀ နီးပါး ပါဝင်သည့်  စစ်ကြောင်းတစ်ခုက ခေါ်ဆောင်သွားပြီးနောက် နှစ်မိုင်နီးပါးခန့်အကွာ တပ်စွဲမည့် ကျေးရွာသို့ ရောက်မှ ပြန်လွှတ်ပေးခဲ့သည်။ 

“ပြေးရင်ပစ်မယ်၊ ခဏလိုက်ခဲ့ဦးဆိုပြီး စစ်ကြောင်းနဲ့ ခေါ်သွားတာ။ ကျွန်တော်က စစ်ကြောင်းအလယ်မှာ လိုက်ရတယ်။ ရှေ့ဆုံးမှာလည်း ကြိုးတုပ်ပြီး တခြားရွာက ခေါ်လာတဲ့ ၁၀ ယောက်ဝန်းကျင်လောက် ပါတယ်” ဟု ဦးမောင်မောင်က ပြောသည်။ 

အရာတော်မြို့နယ် ကျေးရွာတစ်ခုတွင် နွားကျောင်းနေသည့် အသက် ၁၆ နှစ်အရွယ် ကိုကျော်ကျော်လည်း အောက်တိုဘာ ၂၅ ညနေပိုင်းက လမ်းပြအဖြစ် အဓမ္မခေါ်ဆောင်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ 

စစ်သားအင်အား ၄၀ နီးပါး ပါဝင်သည့် အဆိုပါ စစ်ကြောင်းတွင် အခြားကျေးရွာများမှ လူလတ်ပိုင်း အမျိုးသား ၃ ဦး ပါဝင်ပြီး ၎င်းတို့သွားလိုရာ ကျေးရွာသို့ လယ်ကွင်းများကြားမှတစ်ဆင့် လမ်းပြခိုင်းခဲ့သည်ဟု ကိုကျော်ကျော်က ပြောသည်။ 

အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ပြီးနောက် သတင်းစီးဆင်းမှု ခက်ခဲသွားချိန်တွင် လူသားဒိုင်းအဖြစ် အသုံးပြုမှု ယခင်လများကထက် ပိုများလာကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် PDF အဖွဲ့အများစုက ဆိုသည်။ 

“လူသားဒိုင်း လုပ်လာရင် တော်လှန်ရေးအင်အားစုတွေက ဘာမှမလုပ်နိုင်ဘဲ လှည့်ပြန်ရတာ များတယ်။ အဓိက ပြည်သူတွေ စစ်တပ်နဲ့ ဝေးဝေးနေကြဖို့။ ခရီးသွားလာတာလေးတွေ နည်းနည်းဂရုစိုက်ပေးကြဖို့ပါ” ဟု အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဘအိုက ဆိုသည်။

စစ်ကောင်စီကို ခုခံမှုအားကောင်းနေသည့် စစ်ကိုင်းတိုင်းမှ မြို့နယ် ၁၀ ခု၊ ချင်းပြည်နယ်မှ ၈ မြို့နယ်အပါအဝင် မြို့နယ် ၂၅ ခုတွင် စက်တင်ဘာလလယ်မှစ၍ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည်။ 

ခင်ဦးမြို့နယ်မှ အိမ်ခြေရာနှင့်ချီသည့် ကျေးရွာ ၅ ခုတွင် တပ်စွဲထားသော စစ်တပ်သည် သက်ကြီးရွယ်အို၊ ကလေး၊ ဖျားနာသူ စသည့် အကြောင်းအမျိုးမျိုးကြောင့် မပြေးနိုင်ဘဲ ရွာထဲတွင် ကျန်ခဲ့သူများကို စာရင်းကောက်ယူကာ ဝင်ထွက်ခွင့်ကန့်သတ်ထားကြောင်း ဒေသခံများက ဆိုသည်။

“(စစ်ကောင်စီတပ်က) ပြည်သူလူထုကို လူသားဒိုင်းသဖွယ်လုပ်ပြီး ရွာမှာ တပ်စွဲချင်တာ”ဟု ခင်ဦးမြို့နယ် PDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်နိမိတ်တစ်လျှောက် မြင်းခြံ၊ ရေစကြို၊ မြောင်၊ ချောင်းဦးမြို့နယ် တစ်ကြောတွင်လည်း စုဖွဲ့ချိတ်ဆက်မှုအားကောင်းစွာဖြင့် ခုခံနေသည့် PDF များကြောင့် စစ်ကောင်စီတပ်များသည် အရပ်ဝတ်ဖြင့် လှုပ်ရှားမှုများပြီး သယ်ယူပို့ဆောင်ရေးတွင် ပြည်သူပိုင် ၁၀ ဘီးကား၊ ၁၂ ဘီးကား၊ လူမှုကူညီရေးအသင်းကားများကို အများဆုံး သုံးလာသည်ဟု ရေစကြိုမြို့နယ် PDF ခေါင်းဆောင်က ပြောသည်။ 

“ပြည်သူအယောင်ဆောင်ထားတော့ ကျွန်တော်တို့မှာ တိုက်ရခိုက်ရတာ ခက်ခဲတာပေါ့။ ကျွန်တော်တို့ မိုင်းဆွဲမယ်ဆိုရင်တောင် ပြည်သူလား၊ ဘာလား သေချာမှ ခွဲလို့ရတဲ့အခြေအနေ” ဟု သူက ပြောသည်။ 

“မှားယွင်းပြီး ပြည်သူတစ်ယောက် ထိသွားရင် ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ နောင်တရနေရမဲ့ကိစ္စ ဖြစ်နေမှာ” 

မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ထင်သလောက် ခရီးမပေါက်သည့် စစ်ကောင်စီတပ်များသည် ကုန်းလမ်းဖြင့်သာမက လေကြောင်းမှတစ်ဆင့် လက်နက်၊ လူအင်အား ဖြည့်တင်းလာသည်။ 

မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံနေရသည့် တန့်ဆည်မြို့နယ် မြောက်ဘက်ရှိ ကပေါင်းကျရွာတွင် အင်အား ၁၀၀ နီးပါးဖြင့် တပ်စွဲထားသည့်စစ်တပ်အဖွဲ့ထံ ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ ပို့ဆောင်ဖြည့်တင်းပေးခဲ့သည်။  

တန့်ဆည်မြို့နှင့် နယ်နိမိတ်ချင်းကပ်လျက်တည်ရှိသော ကျွန်းလှမြို့နယ်တွင် PDF စခန်းရှိနိုင်သော နေရာများကို အောက်တိုဘာ ၂၈ တွင် စစ်တပ်က ရဟတ်ယာဉ်အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။ 

စစ်ကိုင်းတိုင်း၌ ကနီမြို့နယ်ဝင်းမနားရဲစခန်းတိုက်ပွဲ၊ ချောင်းဦးမြို့နယ်တိုက်ပွဲတို့တွင် လေကြောင်းပစ်ကူပေးမှုအချို့ရှိသည်၊ ကျွန်းလှမြို့နယ် အနောက်ဘက်ကျေးရွာများကို တိုက်လေယာဉ် ၂ စင်း၊ ရဟတ်ယာဉ် ၄ စင်းဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ 

ထို့ပြင် စစ်သားများကိုလည်း ရဟတ်ယာဉ်ဖြင့် ချထားပေးခဲ့ပြီး ၎င်းတို့က လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်နေသည့်အတွက် ကျွန်းလှမြို့အနောက်ဘက်ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေ​ရသည်။ 

လက်ရှိ စစ်ရေးတင်းမာနေသည့် အနောက်ပိုင်းစစ်မြေပြင်တွင် တပ်အင်အား ၃၀,၀၀၀ ခန့် ချထားပြီးဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူ အန်တိုနီဒေးဗစ်က Asia Times ပါ ဆောင်းပါးတွင် သုံးသပ်ထားသည်။

“ပုန်ကန်မှု တန်ပြန်နှိမ်နင်းရေးကွန်ရက်တစ်ခု လိုအပ်နေချိန်တွင် တပ်များကို ဖြန့်ကြက်ထားမှုသည် PDF များ မိုင်းခွဲတိုက်ခိုက်နှောင့်ယှက်ရန်၊ အထိုင်တပ်စခန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ အတိုက်အခိုက်ခံရရန် အခွင့်ပေးသလိုလည်း ဖြစ်လာနိုင်သည်” ဟု သူက ဆိုသည်။

အနော်ရထာစစ်ဆင်ရေးက ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုး၊ လူထုအုံကြွတော်လှန်မှုအပေါ် ဆပွားသက်ရောက်မှုကို စစ်ကောင်စီက အသေအချာစဉ်းစားထားခြင်း ရှိမရှိ သံသယဖြစ်မိသည်ဟု သူက သုံးသပ်သည်။ 

နောက်တန်း မပြန်ရသည့်  တပ်မ ၈၈ 

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဗိုလ်ကြီးဇင်ယော်က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် ချထားသည့် စစ်အင်အားများအနက် တိုက်ခိုက်ရေးစစ်သည် ၅၀၀၀ နီးပါးနှင့် လက်ရုံးတပ်များ ပါဝင်နိုင်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကားပြီး ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းသို့ ပို့ဆောင်ထားသည့်တပ်များအနက် ကချင်ပြည်နယ်တွင် KIA နှင့် ရင်ဆိုင်ထိတွေ့နေရသည့် မကွေးအခြေစိုက် တပ်မ ၈၈ လည်း ပါဝင်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဗိုလ်ကြီးဇင်ယော်က တပ်တွင်းသတင်းများကို ကိုးကားပြီးပြောသည်။ 

“တပ်မ ၈၈ ဆိုရင် တောထဲကနေ အိမ်မပြန်ရဘူး။ တောထဲကနေ PDF နဲ့ ရင်ဆိုင်တာဆိုတော့ တောကြီးမျက်မည်းထဲတော့ မဟုတ်ဘူး။ ဆင်ခြေဖုံးတွေနဲ့ ရွာနီးချုပ်စပ်တွေမှာ နေရတာဆိုတော့၊ အစားအသောက်တော့ ငတ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အိမ်မပြန်ရတဲ့စိတ်ကတော့ အထွတ်အထိပ်ရောက်နေတယ်” ဟု သူက မှတ်ချက်ပြုသည်။ 

ပုံမှန်အားဖြင့် စစ်ဆင်ရေးတစ်ခု ပြီးဆုံးပါက နောက်တန်းပြန်ပြီး လက်နက်ခဲယမ်း၊ လူအင်အားဖြည့်ခြင်း၊ လေ့ကျင့်မှုများ လုပ်ဆောင်လေ့ရှိသော်လည်း တပ်မ ၈၈ ကို နောက်တန်းပြန်မပို့ဘဲ ရှေ့တန်းစစ်မြေပြင်တစ်ခု ထပ်မံရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။ 

တိုက်ခိုက်ရေးစစ်သည်များ အချိန်ကုန်လူပင်ပန်းသက်သာစေရန် ဒေသခံပစ်မှတ်ကို လေကြောင်းမှတစ်ဆင့် ရှာဖွေရယူခြင်းများ ပိုမိုလုပ်ဆောင်လာဖွယ်ရှိသည့်အတွက် ဒေသခံကာကွယ်ရေးအဖွဲ့များ သိုသိပ်ကျစ်လျစ်စွာနေထိုင်ရန်၊ အင်အားအလုံးအရင်းဖြင့် ခုခံတိုက်ခိုက်ခြင်းထက် ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ရန် ဗိုလ်ကြီးဇင်ယော်က အကြံပြုသည်။ 

မြေမျက်နှာသွင်ပြင်အနေအထားအရ တောင်တန်းထူထပ်သည့် ချင်းပြည်နယ်တွင် ဒေသခံအဖွဲ့များက အလွယ်တကူလှုပ်ရှားနိုင်သော်လည်း ပစ်မှတ်ကို ရှာဖွေတိုက်ခိုက်ရသည့် စစ်တပ်အတွက် ခက်ခဲမည်ဟု ချင်းပြည်နယ်တောင်ပိုင်းနှင့် ရင်းနှီးသည့် ဗိုလ်ကြီးဇင်ယော်က ပြောသည်။ 

“ချင်းတောင်ရဲ့ထူးခြားချက်က မြေပြင်မှာ မလွယ်ဘူး။ ဒေသခံတွေလောက်ပဲ အဆင်ပြေတယ်။ ရှေ့ကို ကျွံဝင်သွားတဲ့တပ်၊ ထိတွေ့မှုဖြစ်တဲ့တပ်ကို နောက်တစ်တပ်သည် စစ်ကူလိုက်နိုင်ဖို့လည်း ခက်ခဲတယ်။ ထောက်ပံ့ပို့ဆောင်ရေးလည်း ခက်ခဲတယ်” ဟု သူက ဆိုသည်။ 

“ ဖြစ်သွားရင် လူနာပို့ရတာကအစ မလိုအပ်ဘဲနဲ့ ဒဏ်ရာသေးသေးလေးကအစ အများကြီး ဖြတ်ပစ်လိုက်ရတာတွေရှိတယ်”

စစ်တပ်သည် အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် ထိစပ်နေသည့် နယ်နိမိတ်မျဉ်းအနီးမှအပ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း တပ်များဖြန့်ချထားပြီး ပြည်မနှင့် အဆက်အသွယ်ပြုနိုင်သည့် ဝင်ထွက်ပေါက်များကို အဓိကထား ထိန်းချုပ်ကာ ဒေသခံကာကွယ်ရေးအဖွဲ့များကို ချောင်ပိတ်ရန် စီစဉ်နေကြောင်း ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။ 

“ပြည်မထဲကို ပြန်ဝင်ရမဲ့ အပေါက်တွေအားလုံးသည် သူတို့ ချုပ်ကိုင်လိုက်ပြီးပြီ။ အဲ့ဒါကြောင့် EAO တွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာမယ်။ KIA နဲ့ AA (ရက္ခိုင့်တပ်တော်)က စကစကို ဝင်ပြီးတော့ ဟန်ချက်ပျက်သွားအောင် လုပ်ပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေတယ်” ဟု သူက ဆိုသည်။ 

စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ရည်ရွယ်ချက်တူသည့်အဖွဲ့တိုင်းနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည့် KIA သည် အာဏာရှင်ကို တော်လှန်လိုသည့်လူငယ်များကို စစ်သင်တန်းများ ပို့ချပေးနေသည်။ 

လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်သူများ ပစ်သတ်ခံရခြင်း၊ လိုက်လံဖမ်းဆီးခံရခြင်းတို့ကြောင့် လူငယ်အများအပြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေအသီးသီးသို့ ရောက်သွားခြင်းပင်။

ချင်းအမျိုးသားတပ်ဦး (CNF) တပ်ဖွဲ့ဝင်များကို ၂၀၂၁ ဇူလိုင် ၉ က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-Supplied) 

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက  ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံနယ်စပ် စခန်းများတွင် ၎င်းတို့ စစ်သင်တန်းပေးခဲ့သူ ၄၀၀၀ ကျော်ရှိကြောင်း ဇူလိုင်လတွင် Myanmar Now ကို ပြောသည်။ ၄၅ ရက်ကြာ အခြေခံစစ်သင်တန်း၊ ရက် ၂၀ ကြာ မြို့ပြပြောက်ကျားသင်တန်းတို့ ပါဝင်သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာအပြီး နှစ်လအကြာတွင် စုပေါင်းခေါင်းဆောင်မှုပေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ပါဝင်သည့် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောကြားထားသည်။ 

သို့သော်လည်း ထိုကော်မတီတွင် ပါဝင်သည့် အဖွဲ့အစည်းအမည်စာရင်းကို မသိရသေးပေ။

မြန်မာ့သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာသော မြို့ပြပြောက်ကျားတိုက်ပွဲသည် ပုံစံသစ်ဖြစ်နေပြီး စစ်ကောင်စီတပ်အတွက်လည်း အသစ်အဆန်းဖြစ်နေသည်ဟု မြန်မာ့အရေး လေ့လာတင်ဆက်နေသော သတင်းသမား  Bertil Lintner က ဧရာဝတီသတင်းဌာနတွင် နိုဝင်ဘာလဆန်းက ဆောင်းပါးရေးသားထားသည်။

“စိတ်ဓာတ်ရေးရာအရ နိမ့်ကျနေပြီးဖြစ်သောကြောင့် စစ်တပ်သည် စစ်မျက်နှာအများအပြားတွင် လက်ပန်းကျလာမည်ဖြစ်သည်” ဟု သူက ရေးထားသည်။

“လွန်ခဲ့သော တစ်နှစ်က လုံခြုံသည်ဟု ယူဆနိုင်သည့် လမ်းကြောင်းများတစ်လျှောက် ပုံမှန်လုပ်နေသော ချုံခိုတိုက်ခိုက်မှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီစစ်သားများသည် တိုက်ခိုက်ရန် စိတ်အားထက်သန်ခြင်း မရှိတော့ဘဲ တစ်နိုင်ငံလုံးတွင် ထိုအတိုင်းဖြစ်နေသည်”

CDM ဗိုလ်ကြီးဇင်ယော်ကလည်း စစ်ပန်းနေသော စစ်ကောင်စီတပ်သည် စစ်ဆင်ရေးနယ်မြေ ကျယ်ပြန့်လွန်းခြင်း၊ နယ်မြေကျွမ်းကျင်မှုနှင့် လူထုထောက်ခံမှု မရှိခြင်းတို့ကြောင့် ရေရှည်ရင်ဆိုင်ရနိုင်သည့် အခြေအနေဆိုးများရှိနေကြောင်း မှတ်ချက်ပြုသည်။

“စစ်ကိုင်းနဲ့ ချင်း၊ မကွေးကြားမှာတင် စကစအနေနဲ့ တော်တော်အချိန်ယူရမယ်။ သူတို့လိုချင်တဲ့ Mission ရောက်အောင်ဆိုရင် တော်တော်အရှိန်ယူရမယ်။ အဲ့ဒီမှာ စကစရဲ့တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ပျက်လိမ့်မယ်။ ကွပ်ကဲရတာတွေ ခက်သွားလိမ့်မယ်” ဟု သူက သုံးသပ်သည်။

ကနီမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံကလည်း အနော်ရထာစစ်ဆင်ရေးကြောင့် တိုက်ပွဲများ အဆက်မပြတ်ဖြစ်နိုင်သော်လည်း ခုခံစစ်ဆင်သူတို့ကို အောင်နိုင်မည်မဟုတ်ဟု မှတ်ချက်ပြုသည်။

“နောက်ဘုရားပွင့်တောင်မှ စစ်ကောင်စီသည် စစ်ကိုင်းတိုင်းရော၊ ချင်းပြည်နယ်ရော ရနိုင်မဲ့ အနေအထားမရှိဘူး။ PDF တွေ၊ ဒေသခံ တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိနေတဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုပဲ စစ်ဆင်ရေး ဆင်နွှဲဆင်နွှဲ၊ ကြီးစိုးနိုင်မဲ့ အနေအထားမရှိဘူး” ဟု သူက ပြောလိုက်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button