သတင်း

ခမ်းပတ်ကို ထိုးစစ်ပြန်ဆင်သည့် စစ်ကောင်စီတပ်က သုံ့ပန်းများကို နှိပ်စက်သတ်ဖြတ်

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော ခမ်းပတ်မြို့ကို ဦးတည်လာသည့် စစ်ကောင်စီ စစ်ကြောင်းက ဒီဇင်ဘာ ၅ ရက်တွင် ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလပထမပတ်မှစပြီး ကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါးဖြင့် စစ်ကြောင်း ၃ ခု ခွဲပြီး ပြန်လည်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ထိုစစ်ကြောင်းများအနက် ကလေးမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းက ဒီဇင်ဘာ ၅ ရက် ညပိုင်းတွင် ခမ်းပတ်မြို့အနီး လုံခြုံရေးကင်းချထားသည့် ကာကွယ်ရေးအဖွဲ့ကို ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည့် ကာကွယ်ရေးအဖွဲ့ဝင် ၇ ဦးအနက် ၄ ဦး သေဆုံးပြီး ၂ ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်၊ နောက် ၁ ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသတွင်း လှုပ်ရှားနေသည့် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (အထက်ချင်းတွင်းဒေသ) (CNO/ CNDF UCR) အဖွဲ့ထံမှ သိရသည်။

သေဆုံးသူတို့မှာ CDF Tonzang မှ ၂ ဦး၊ Rawn Chin အဖွဲ့မှ ၁ ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ၁ ဦးတို့ ဖြစ်သည်။ CNDF တပ်ဖွဲ့ဝင် ၁ ဦးနှင့် ပကဖ ၁  ဦးမှာ လည်ပင်းနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၇ ယောက်စလုံး ဖမ်းပြီးတော့ ၆ ယောက်ကို ဓားနဲ့ လည်လှီးတယ်။ ခေါင်းနဲ့ ဗိုက်တွေလည်း ဓားနဲ့ ထိုးတယ်တဲ့၊ လွတ်လာတဲ့ ၂ ယောက်က ဒဏ်ရာတွေနဲ့ သတိမေ့ပြီးတော့ သူတို့ထွက်သွားတဲ့ချိန်မှာ ထွက်ပြေးလာကြတယ်” ဟု CNO/ CNDF (UCR) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီက ပြောသည်။

Myanmar Now က ကြည့်ရှုခွင့်ရခဲ့သည့် မှတ်တမ်းဓာတ်ပုံများအရ သတ်ဖြတ်ခံခဲ့ရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများတွင် လည်ပင်းပြတ်ရှဒဏ်ရာများ၊ လက်နှင့် ရင်ဘတ်တွင် ဓားဒဏ်ရာများတွေ့ရပြီး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးတွင် ဦးရေပြားခွာကာ နှိပ်စက်ထားသည့် ဒဏ်ရာများတွေ့ရသည်။

နှိပ်စက် သတ်ဖြတ်ခံထားရသည့် ကာကွယ်ရေးအဖွဲ့များ၏ ရုပ်အလောင်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)

စစ်သုံ့ပန်းကို နှိပ်စက်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ၏ လတ်တလော ထုတ်ပြန်ချက်များတွင်လည်း ခမ်းပတ်မြို့စစ်ရေးအခြေအနေကို ထည့်သွင်းထားခြင်း မရှိပေ။

ခမ်းပတ်မြို့သို့ ဦးတည်လာသည့် စစ်ကောင်စီစစ်ကြောင်းများကြောင့် ခမ်းပတ်မြို့မှ ထောင်နှင့်ချီသည့် ဒေသခံများ ဒီဇင်ဘာ ၆ ရက်မှ စပြီး အနီးဝန်းကျင်ရှိ ပိုမို လုံခြုံနိုင်မည့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

“တောင်ဘက်ကလူက မြောက်ဘက်ကို ပြေး။ မြောက်ဘက်ကလာတဲ့လူက တောင်ဘက်ကို ပြေး အဲ့ဒီလိုမျိုးဖြစ်နေတာ” ဟု တမူးခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ကလေး – တမူးလမ်းကြောင်းကို စစ်ကောင်စီက နယ်မြေပြန်လည်စိုးမိုးနိုင်ရန် ကြိုးပမ်းနေသည်။ ခမ်းပတ်မြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေချိန်တွင် တမူးမြို့အထွက်ရှိ ထန်းတပင်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အိမ်ခြေ ၂၅၀ ကျော်ရှိသည့် ထန်းတပင်ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးခဲ့ရပြီး ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

“ရွာသားတွေက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတယ်။ အိန္ဒိယနယ်စပ်ဘက် ပြေးရတယ်။ အခု မိုးရွာနေတာ။ မိုးထဲရေထဲမှာ မိုးကာလေးတွေနဲ့ မလုံမခြုံနေရတဲ့ အနေအထားရှိတယ်” ဟု ပြောသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး-တမူးလမ်းရှိ ခမ်းပတ်မြို့အပါအဝင် စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို နိုဝင်ဘာလဆန်းတွင် ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ကိုလည်း ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ထားရာ လတ်တလောတွင် အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်နေသည်။

Show More

Related Articles

Back to top button