(ဒဏ်ရာရ၊ သေဆုံးမှုများနှင့် ပတ်သက်သည့် စိတ်မချမ်းမြေ့ဖွယ် အချက်အလက်များ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)
စစ်လေယာဉ်ဗုံးကြဲစဉ် ဂျိမ်းခနဲ ကျယ်လောင်စွာထွက်ပေါ်လာသည့် အသံနှင့်အတူ အသက် ၅၄ နှစ်အရွယ် ဦးစိုး ခေတ္တ သတိလစ် လဲကျသွားသည်၊ သတိရလာပြီး သူ့ကိုယ်သူ ငုံ့ကြည့် စမ်းသပ်လိုက်သောအခါ သူဒဏ်ရာမရသော်လည်း သူ့ခန္ဓာကိုယ်တွင် အခြားသူတို့၏ အသားစများ၊ သွေးများ၊ ဖုန်များ ပေကျံနေသည်ကို တွေ့ရသည်။
ဧပြီ ၁၁ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာရှိ အများအတွက် ထမင်းစားဝိုင်းများတွင် မကြာသေးခင်ကအထိ ပျော်ပျော်ပါးပါး စားသောက်နေကြသော ကလေးငယ်များ၊ မိခင်များလည်း မီးခိုးလုံးများကြားတွင် သွေးအိုင်ထဲ လဲကျနေကြသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများ တကွဲတပြား လွင့်စဉ် ပြန့်ကျဲနေသည်ကိုလည်း သူတွေ့ရသည်။
ပဇီကြီးနှင့် ခပ်လှမ်းလှမ်းမှ ရွာတစ်ရွာတွင် နေထိုင်သည့် ဦးစိုးသည် မကြာသေးမီကမှ ပြုံးပြနှုတ်ဆက်ထားသော မိတ်ဆွေများ ပေါက်ကွဲမှုကြီးအပြီး တုံးလုံးလဲကျ သေဆုံးသွားကြချိန် သူတစ်ဦးတည်းသာ အသက်ဘေးမှ လွတ်မြောက်ရခြင်းအတွက်လည်း အံ့သြမိသည်။
“ဦးလေးကိုယ် ဦးလေး ဘယ်လိုလွတ်ခဲ့မှန်းကို မသိဘူး။ လူအုပ်ကြားထဲမှာ ငုတ်တုတ်ကြီး ကျန်နေခဲ့တာ။ သတိရလို့ ထလာတော့ တုံးလုံးတွေချည်း မြင်ခဲ့တာပဲ။ တုံးလုံးမဟုတ်ရင်တော့ ဦးလေး တွဲခေါ်မှာပေါ့” ဟု ဦးစိုးက ပြောသည်။
တော်လှန်ရေးသမားများ၏ အုပ်ချုပ်ရေးရုံးခန်းဖွင့်လှစ်ခြင်း အထိမ်းအမှတ် ဧည့်ခံကျွေးမွေးသည့် ပဇီကြီးရွာကို ရွာမှ ရွယ်တူမိတ်ဆွေ ၅ ဦးနှင့်အတူ ရောက်ခဲ့ခြင်းဖြစ်သည်။ လူ ၂၀၀ ခန့် ရှိနေသည့် အဆောက်အအုံအနီး ရောက်ပြီး ဦးစိုး ဝါးနေသည့် ကွမ်းယာ မညက်သေးခင်မှာပင် စစ်လေယာဉ်ရောက်လာပြီး ထိုနေရာကို ဗုံးကြဲလိုက်ခြင်း ဖြစ်သည်။ အတူပါလာသူ ရွာသားများကိုလည်း ဦးစိုး ရှာမရတော့ပေ။
ရွာဆေးခန်းဘက် မှန်းဆပြေးခဲ့သော်လည်း မျက်စိပြာဝေနေသည့် ဦးစိုး လမ်းမှားသွားကာ ရွာထိပ်ရှိ ဘုန်းကြီးကျောင်းအနီး ရောက်လာသည်။
ဘုန်းကြီးကျောင်းတွင် သူ ရေဆေး သန့်စင်ရာ ကပ်နေသည့် သွေးများ အသားဖတ်များ ကွာသွားသည်။ ရင်ဘတ်တွင် လွယ်ထားသည့် အိတ်မှာ စိုက်နေသော သံချောင်းနှစ်ချောင်းက လွှဲ၍ ဦးစိုးတစ်ယောက် ကံသီလွတ်မြောက်သွားခဲ့သည်။ ဦးစိုးတစ်ယောက် သွေးများကို ရေဖြင့် ဆေးကြောနေချိန်မှာ ရဟတ်ယာဉ်ဖြင့် အနီးကပ်လိုက်လံပစ်ခတ်သံများကို အတိုင်းသား ကြားနေရသည်။ ထွက်မကြည့်ဝံ့တော့ပေ။ ကိုယ်ပေါ်က သွေးများကို သန့်စင်ပြီး ဇာတိရွာဆီ ကုန်းကြောင်းလျှောက်တော့သည်။
လူပေါင်းတစ်ရာကျော် သေဆုံးခဲ့ရသည့် အဖြစ်အပျက်ကနေ လွတ်မြောက်နိုင်ခဲ့သော်လည်း တောနင်းနေသော စစ်ကောင်စီစစ်ကြောင်းများ၏ရန်က လွတ်မြောက်ရန် ဦးစိုး တိမ်းရှောင်နေရဆဲဖြစ်သည်။ ထိုကဲ့သို့ပင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပဇီကြီးရွာမှ အသက်ရှင်ကျန်ရစ်သူများမှာ ဆုံးရှုံးသွားသည့် မိသားစုဝင်များအတွက် သောကတပွေ့တပိုက်ဖြင့် စစ်ကောင်စီတပ်ရန်က လွတ်ရေး လုံးပမ်းနေကြရသည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ပဇီကြီးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး တောင်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို ခုခံသည့် တိုက်ပွဲမျိုး ပဇီကြီးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းမရှိသလောက်ရှားသည်။
ဧပြီလက ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့သည့် ရွာအုပ်ချုပ်ရေးအဖွဲ့ရုံးမှာလည်း ဒေသတွင်း ရာဇဝတ်မှုပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်ခဲ့ပြီး စစ်ရေးအတွက်မဟုတ်ဟု ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက ပြောသည်။
သေဆုံးသူများအနက် ရုပ်အလောင်းမပီသတော့ဘဲ ခြေတစ်ဖက်၊ လက်တစ်ဖက်တွေ့၍ အရွယ်အစား တူညီလျှင်ပင် တစ်ဦးဟု သတ်မှတ်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။
ဗုံးကြဲမှုအတွင်း ထိခိုက်သူအများစုမှာ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်သကဲ့သို့ ဖြစ်သွားသည်၊ မှတ်တမ်းဓာတ်ပုံတချို့တွင်လည်း ရုပ်အလောင်း မီးကျွမ်းထားသည့်ပုံလည်း ပါဝင်သည်။
ဒဏ်ရာရသူတချို့မှာ ကြေမွသွားသည့် လက်နှင့် ခြေတို့ကို ဖြတ်တောက်ပစ်လိုက်ရသည်။
ပဇီကြီးရွာသို့ စစ်ကောင်စီတပ် ရောက်လာဖူးသော်လည်း သေနတ်တစ်ချက်ပင် မဖောက်ခဲ့ဖူးကြောင်း၊ ဒေသခံတို့က လွတ်အောင်ပြေးပုန်းခဲ့ဖူးကြောင်း လေတပ်ဗုံးကြဲမှုတွင် ခင်ပွန်းနှင့် သားဖြစ်သူ ဆုံးရှုံးလိုက်ရသည့် အသက် ၄၃ နှစ်အရွယ် အမျိုးသမီးက ပြောသည်။
သူ့ကဲ့သို့ မိသားစုဝင် အများအပြား သေဆုံးမှုမျိုး ကြုံရသူများ ရှိသလို မိသားစုဝင်အားလုံး သေဆုံးမှုများလည်း ထိုတိုက်ခိုက်မှုအတွင်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ထိုအမျိုးသမီးတွင် ၃ နှစ် မပြည့်သေးသည့် သမီးလေးသာ ကျန်တော့ပြီး အသက် ၅၀ အရွယ် ခင်ပွန်းသည်၊ အသက် ၂၀ အရွယ် သားဖြစ်သူတို့ကို ဗုံးကြဲမှုအတွင်း ဆုံးရှုံးလိုက်ရသည်။
“ကျွန်မတို့က အဲဒီနေ့က အကုန်လုံးသွားပြီးတော့ စားသောက်ကြတာ။ သင်္ချိုင်းကုန်းဘက်ကနေ ဒီဟာကြီးတွေလာတာ ကျွန်မတို့က မကြားဘူးလေ။ ပျော်ပါးနေတဲ့အချိန်၊ သင်္ချိုင်းကုန်းဘက်ကနေ ချိန်ရွယ်ပြီး ပစ်လိုက်တဲ့ အပစ်။ သက်သက်ကို ပြည်သူလူထုကို သတ်တာပါ” ဟု ထိုအမျိုးသမီးက ပြောသည်။
“အရင်ချတုန်းက ကျိုးရုံ၊ ပဲ့ရုံလောက် ကျန်ရစ်သေးတယ်။ နောက်တစ်ခါ အဲဒီပေါ်တွေကို ပြန်ပြီးတော့ ပစ်တော့ အကုန်သေကုန်တာ”
ထို့ပြင် ၎င်း၏ သားချင်း ၉ ဦး ဗုံးဒဏ်ကြောင့် သေဆုံးရာ ထိုအထဲတွင် အသက် ၆ နှစ်အရွယ် တူမဖြစ်သူလည်း ပါသွားသည်၊ ခင်ပွန်းဖြစ်သူ၏ ဖခင်တို့မှာလည်း ဗုံးကြဲမှုအတွင်း သေဆုံးသွားသည်ဟု သိရသည်။ ရုပ်အင်္ဂါများမှာ မပီတော့သည့်အပြင် ပေါင်၊ လက်၊ ဇက် ပြတ်တောက်သွားကြသည်ဟု ထိုအမျိုးသမီးက ပြောသည်။
“ကိုယ့်မသာ၊ သူ့မသာ ဘာတစ်ခုမှ ရွေးချယ်မရဘူး။ ရုပ်ကလာပ်တွေ မပီတော့ဘူး” ဟု သူက ပြောသည်။
ကယ်ဆယ်ရေးဆောင်ရွက်နေကြစဉ် လေတပ်က ထပ်မံတိုက်ခိုက်သဖြင့် ရုပ်အလောင်းများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကယ်ဆယ်ရေးဆောင်ရွက်သူတို့က သုံးရက်ကြာ လိုက်လံကောက်ယူခဲ့ရသည်။
ခန္ဓာကိုယ်အပိုင်းအစများမှာ ဗုံးကြဲခံရသည့်နေရာနှင့် ကိုက်၁၀၀ ကျော်အကွာအထိ လွင့်သွားသည်၊ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် အပူရှိန်ပြင်းလွန်းသဖြင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ကြန့်ကြာသွားရသည်၊ သေဆုံးသူ ၁၇၀ ကျော်အထိ ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်ခဲ့သော်လည်း ဗုံးကြဲပြီး တစ်ပတ်အကြာတွင် စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးလာသဖြင့် သုံးပတ်ကျော်မှသာ အမည်နှင့်တကွ စိစစ်ထုတ်ပြန်နိုင်ခဲ့သည်ဟု တပ်ရင်း (၄) တာဝန်ရှိသူက ပြောသည်။
အသက်ရှင်ကျန်ရစ်သူများကို လိုက်လံတွေ့ဆုံ စိစစ်လိုက်ချိန်တွင် သေဆုံးသူအရေအတွက် ၁၅၅ ဦးဖြစ်ကြောင်း အတည်ပြုနိုင်သည်၊ ထိုအထဲတွင် ၆၅ နှစ်အထက် ၄၂ ဦး ပါဝင်သည်၊ ကိုယ်ဝန်ဆောင် ၅ ဦးနှင့် ကလေး ၃၀ ကျော်လည်း ပါဝင်သည်၊ ကလေးများထဲတွင် ၂ နှစ်အောက် ၁၈ ဦး ပါဝင်သည်ဟု ၎င်းက ပြောသည်။
ဒဏ်ရာရရှိသူ ၃၂ ဦးမှာ ဗုံးဒဏ်ကြောင့် ခြေ၊ လက်နှင့် အရိုးများ ကြေမွပျက်စီးသွားခဲ့ရသည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က သေဆုံးသူများ၏ ရုပ်အလောင်းဓာတ်ပုံ ၅၉ ပုံနှင့် ရုပ်သံတစ်ခုကို လေ့လာခဲ့ရာ ဖျက်အားပြင်းထန်သည့်ဗုံး ပေါက်ကွဲခြင်းဖြစ်ကြောင်း မေ ၉ တွင် ထုတ်ပြန်သည်။ အဆိုပါလက်နက်အမျိုးစားမှာ သာမိုဘားရစ် သို့မဟုတ် အခိုးအငွေ့ဖောက်ခွဲရေးပစ္စည်း (vapour-cloud explosive) ဖြစ်ကာ ယင်းမှာ လေထဲရှိ အောက်စီဂျင်ကို လောင်စာအဖြစ် အသုံးပြု၍ ပြင်းထန်စွာပေါက်ကွဲစေသည်ဟု ဆိုသည်။
အဆိုပါလက်နက်အမျိုးစားမှာ ပေါက်ကွဲအား ကြီးမားသည့် လက်နက်များထက် ပျက်စီးမှုပမာဏ ကြီးမားသောကြောင့် လူထူထပ်သောနေရာတွင် ပေါက်ကွဲလျှင် ထိခိုက်မှု များပြားစေနိုင်သည်ဟု HRW က ဆိုသည်။
ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည့် မြေကွက်လပ်နှင့် ခပ်လှမ်းလှမ်းရှိ နေအိမ်များမှာလည်း ပေါက်ကွဲမှုအရှိန်ကြောင့် ပျက်စီးသွားခဲ့သလို အိမ်တစ်လုံးပေါ်တွင် ၂ လသားအရွယ် ကလေးငယ်နှင့် သူ့မိခင် ရုပ်အလောင်းတို့ကို တွေ့ရသည်ဟု တပ်ရင်း (၄) တာဝန်ရှိသူက ပြန်လည်ပြောပြသည်။
“အခင်းဖြစ်တဲ့ ဘေးနားက အိမ်မှာ ကလေးနို့တိုက်ရင်းနဲ့ သေသွားတာနဲ့တူပါတယ်၊ ကြည့်ရတာ။ အလောင်းက တော်တော်ကို ခြောက်နေပါပြီဗျာ။ စစ်ရှောင်တွေ၊ ဒဏ်ရာရတဲ့စာရင်းတွေ လိုက်တိုက်ပြီး … မရှိဘူး၊ ရှာကြဦးဆိုမှ အိမ်ပေါ်တင် သေနေတာ” ဟု ၎င်းက ပြောသည်။
ဧပြီ ၁၈ မှစ၍ ၃၀ ရက်နေ့အထိ အင်အား ရာဂဏန်းပါသည့် စစ်ကောင်စီတပ်သားများသည် ဧရာဝတီမြစ်ကို ဖြတ်ကူးကာ ပဇီကြီးရွာတစ်ဝိုက်ကို စီးနင်းခဲ့သည်၊ မေ ၅ တွင် ပဇီကြီးအနောက်ဘက် ၁၀ မိုင်ကျော်ရှိ သကြားစက်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၂၀၀ ခန့်က ဆက်လက်တောနင်းနေပြန်သည်။
“စစ်ကြောင်းက ပဇီကြီးဒုက္ခသည်တွေရှိတဲ့နေရာကို လှည့်လိုက်တော့ ပတ်တိမ်းရှောင်နေရတာ။ ကျွန်တော်တို့လည်း စစ်ရှောင်တွေကို ခေါ်ပြီး လှည့်ပတ်တိမ်းနေရတာ” ဟု ၎င်းက ပြောသည်။
အဆိုပါစီးနင်းမှုများကြောင့် ကျေးရွာ ၁၀ ရွာနီးပါးရှိ ထောင်နှင့်ချီသည့် ရွာသားများမှာ အဆက်မပြတ် တိမ်းရှောင်နေကြရသဖြင့် သေဆုံးသူများ ဘဝကူးကောင်းစေရေး ရည်စူး အမျှဝေကြသည့် ၇ ရက်ပြည့် ရက်လည်ဆွမ်းသွတ်သည့် အစီအစဉ်ကိုပင် မလုပ်နိုင်ကြသေးပေ။
၁၅၅ ဦး သေဆုံးပြီး တစ်ပတ်အကြာ ဧပြီ ၁၉ တွင် ပဇီကြီးရွာကို စစ်ကောင်စီတပ် လေယာဉ်က ဗုံးသုံးလုံး ထပ်မဲကြဲချပြီး ရွာအတွင်း စစ်ကြောင်းထိုးပြန်သည်။
အဆိုပါဖြစ်စဉ်အတွင်း ရွာသားများကို ထိခိုက်မှုမရှိခဲ့ပေ။ သို့သော်လည်း ရွာတောင်ဘက်တစ်ခြမ်းလုံး မီးလောင်သွားခဲ့သည်။
ဧပြီ ၂၅ တွင် ပဇီကြီးရွာမြောက်ဘက် ၂ မိုင်အကွာရှိ ချောင်းသာရွာနှင့် လေးတွင်းစင်ရွာကိုပါ မြေပြင်စစ်ကြောင်းက မီးတင်ခဲ့ကြပြန်သည်။
စစ်ကြောင်းပြန်ထွက်သွားချိန်တွင် ပဇီကြီးရွာ၏ အိမ်ခြေ ၂၀၀ မှာ ထက်ဝက်ခန့် မီးလောင် ပျက်စီးသွားခဲ့သည်၊ အိမ်ခြေ ၃၀၀ ခန့်ရှိသော ချောင်းသာရွာတွင် နေအိမ် ၅၃ လုံး၊ လေးတွင်းစင်ရွာတွင် နေအိမ် ၇၄ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု တပ်ရင်း (၄) ထံမှ သိရသည်။
မေ ၅ နံနက်ပိုင်းတွင် အင်အား ၂၀၀ နီးပါးဖြင့် ပဇီကြီးရွာရှိရာဆီ ဦးတည်ကာ ဆက်လက်တောနင်းနေခြင်း ဖြစ်သည်။ စားရေးသောက်ရေးအတွက် ကြိုးစားပြီး ဖြေရှင်းနေကြရသော စစ်ဘေးရှောင်တို့လည်း တောနင်းလာသူတို့ကြောင့် ပုန်းလျှိုးကွယ်လျှိုး တိမ်းရှောင်နေကြရသည်။
တပ်ရင်း (၄) တာဝန်ရှိသူက ရွာသားများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုမှ လွတ်မြောက်ရေးအတွက် အချိန်မရွေး တိမ်းရှောင်နိုင်ရန် ပြင်ဆင်ပေးထားနိုင်သော်လည်း ၁၅၅ ဦး တစ်ပြိုင်နက် သေဆုံးရသည့် တိုက်ခိုက်မှု ဖြစ်ရပ်ဆိုးကြောင့် ဖြစ်ပေါ်လာသော စိတ်ဒဏ်ရာများကို ကုစားပေးနိုင်ခြင်း မရှိသေးဟု ဆိုသည်။
“အကျိုးအကြောင်းလေး မေးချင်လို့လို့ ရှေ့က စတည်ပြောလိုက်ရင် ငိုတော့တာ။ အဲဒီအကြောင်းကို မမေးရက်ဘူးဖြစ်နေတာ။ တစ်ယောက်ကို စမေးလိုက်ရင် ကျန်တဲ့လူအကုန်လုံး လိုက်ငိုနေတာ။ ကိုယ်ကိုယ်၌ကိုက ဘာလုပ်လို့ လုပ်ရမှန်းမသိဘူးဖြစ်နေတာ” ဟု တပ်ရင်း (၄) တာဝန်ရှိသူက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)