ရာဇဝတ်မှုများကျူးလွန်ရာတွင် အသုံးပြုသည့် ပြင်သစ်နိုင်ငံထုတ် လေယာဉ် ၁၀ စင်းထက်မနည်း မြန်မာစစ်တပ်ဝယ်ယူနိုင်ရန် ပြည်တွင်းခရိုနီကုမ္ပဏီများနှင့် နိုင်ငံတကာကုမ္ပဏီတချို့ ကြိုးပမ်းပေးခဲ့သည်ဟု Justice For Myanmar က ယနေ့ (ဩဂုတ် ၂၉) တွင် ထုတ်ပြန်သည်။
ပြင်သစ်လေယာဉ်ကုမ္ပဏီ ATR က ထုတ်လုပ်သည့် ATR ခရီးသည်တင်လေယာဉ်များ ဝယ်ယူခြင်း၊ ပြင်ဆင်ခြင်းတို့လုပ်နိုင်ရန် ခရိုနီကြီး ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စု၊ ဦးအောင်အောင်ဇော်ပိုင် 24 Hour Group၊ ဂျွန်နသန်မျိုးကျော်သောင်း၏ KT Group၊ လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်၏ International Gateway Group စသည့် ပြည်တွင်းခရိုနီကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေသည်ဟု JFM က ဆိုသည်။
မြန်မာစစ်တပ်သည် အဆိုပါ ART လေယာဉ်များကို စစ်သည်များနှင့် စစ်လက်နက်များ သယ်ဆောင်ရာတွင်လည်းကောင်း၊ ဝေဟင်ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများအတွက်လည်းကောင်း နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်ရန် အသုံးပြုနေသည်ဟု JFM က ဖော်ထုတ်ထားသည်။
ပုဂ္ဂလိလေကြောင်းလိုင်း Air KBZ (ယခု မင်္ဂလာလေကြောင်းလိုင်း) ကို ပိုင်ဆိုင်သော 24 Hour Group သည် စစ်အာဏာသိမ်းမှုမတိုင်မီ လေတပ်အတွက် ATR လေယာဉ်နှစ်စင်း ဝယ်ယူလွှဲပေးခဲ့သည်။ International Gateway Group သည်လည်း ဗီယက်နမ်လေကြောင်းလိုင်းများမှ ATR လေယာဉ်နှစ်စင်းကို မြန်မာလေတပ်အတွက် ဝယ်ယူပေးခဲ့သည်ဟု JFM က ဆိုသည်။
Air KBZ သည် ၂၀၁၅-၁၆ ခုနှစ်တွင် ATR 72- 500 (MSN 545)၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ATR 72-600(MSN 1085) တို့ကို မြန်မာစစ်တပ်ထံ လက်လွှဲရောင်းချခဲ့သည်ဟု JFM က ထိုလေယာဉ်ရောင်းဝယ်မှုများနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားသည်။
ထို့ပြင် Air KBZ သည် ၂၀၁၃ ခုနှစ်တွင် ATR 72-500 (MSN 658) နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် MSN 1085 လေယာဉ်နှစ်စင်းကို အရပ်ဘက်လေကြောင်းလိုင်းပြေးဆွဲရန် စစ်တပ်ထံမှ ငှားရမ်းအသုံးပြုခဲ့ရာ အာဏာသိမ်းစစ်တပ်အတွက် ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်နေခဲ့သည်ဟု JFM က ဆိုသည်။
ဦးအောင်အောင်ဇော်ပိုင် 24 Hour ကုမ္ပဏီအုပ်စုသည် ခရိုနီကြီး ဦးအောင်ကိုဝင်း (KBZ လုပ်ငန်းစု) ပိုင်ဆိုင်သော Air KBZ နှင့် MAI လေကြောင်းလိုင်းများကို ၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းတွင် ဝယ်ယူခဲ့ကြောင်း ကုမ္ပဏီဝက်ဆိုက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် Air KBZ လေကြောင်းလိုင်းကို 24 Hour ကုမ္ပဏီက အပြီးသတ်မဝယ်မီ မြန်မာစစ်တပ်နှင့် Air KBZ ကြား ATR လေယာဉ်များလက်လွှဲရောင်းချခြင်းနှင့် ပြန်လည်ငှားရမ်းခြင်းကိစ္စများသည် KBZ လုပ်ငန်းစုနှင့် သက်ဆိုင်နေသည်။
အခြားသော ATR လေယာဉ်များကို ခရိုနီကြီး ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုက ဝယ်ယူပေးခဲ့ပြီး ထိုကုမ္ပဏီအုပ်စုသည် မြန်မာလေတပ်၏ ATR လေယာဉ် ၆ စင်းအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း လုပ်ပေးနေသည်ဟု JFM က ဆိုသည်။
စစ်အုပ်စုနှင့် ဆက်နွှယ်သည့် ခရိုနီစီးပွားရေးလုပ်ငန်းစု KT Group သည်လည်း စစ်တပ်အတွက် ART လေယာဉ်နှစ်စင်းဝယ်ယူရာတွင် ၎င်းတို့၏ British Virgin Islands ကုမ္ပဏီခွဲ MWG Limited မှတစ်ဆင့် ကြားခံဝယ်ယူပေးခဲ့သည်ဟု JFM က ဆိုသည်။
ယင်းလေယာဉ်များ ရောင်းဝယ်မှုသည် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂက ကန့်သတ်ပိတ်ဆို့အရေးယူမှုများ အားကောင်းနေသည့် ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကစစ်လက်နက်ပွဲစားများနှင့် လေကြောင်းလိုင်းများသည် မြန်မာစစ်တပ်ထံ ATR လေယာဉ်များလွှဲပြောင်းခြင်းနှင့် ရောင်းချခြင်းတို့အတွက် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန် ကြိုးပမ်းသည့်အနေဖြင့် နောက်ဆုံးလက်ဝယ်အသုံးပြုသူကို ဖုံကွယ်ထားကြကြောင်းလည်း JFM က အစီရင်ခံစာက ထောက်ပြထားသည်။
24 Hour Group၊ KT Group၊ International Gateway Group နှင့် ထူးကုမ္ပဏီအုပ်စုတို့ အပါအဝင် စစ်တပ်၏ ATR လေယာဉ်များအတွက် ပံ့ပိုးကူညီနေသည့် မြန်မာကုမ္ပဏီများအားလုံးအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ကြရန်လည်း JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က တိုက်တွန်းသည်။
“စစ်အုပ်စုက နိုင်ငံအနှံ့ ၎င်းတို့ကျုးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် စစ်သည်တွေနဲ့ စစ်လက်နက်တွေ သယ်ယူပို့ဆောင်ရာမှာ ဒီလေယာဉ်တွေ အသုံးပြုနေတာဖြစ်ပြီး၊ ဒါဟာ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပံ့ပိုးကူညီနေတာပဲ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ဦးတေဇနှင့် ထူးကုမ္ပဏီအုပ်စု၊ ဂျွန်နသန်မျိုးကျော်သောင်းနှင့် KT Group၊ ဒေါက်တာနိုင်ထွဋ်အောင်နှင့် International Gateway Group တို့ကို အမေရိကန်အပါအဝင် အနောက်နိုင်ငံများက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။
ပြင်သစ်ကုမ္ပဏီ ATR နှင့် Sabena Technics၊ ဩစတြီးယားကုမ္ပဏီ Axis Flight Simulation Systems တို့ အပါအဝင် ဥရောပသမဂ္ဂအတွင်းရှိ ကုမ္ပဏီများသည် လေယာဉ်များ၏ အဓိက အစိတ်အပိုင်းပြုပြင်ပေးခြင်း၊ အရေးပါသော စက်ပစ္စည်းအစိတ်ပိုင်းများနှင့် အပိုပစ္စည်းများကို ရောင်းချပေးနေသည်။
ထိုကုမ္ပဏီများသည် မြန်မာလေတပ်မှ လေသူရဲများကို သင်တန်းပေးခြင်းဖြင့်လည်း ATR လေယာဉ်များကို ဆက်အသုံးပြုနိုင်ရန် ကူညီပေးခဲ့သည်ဟု JFM က ဆိုသည်။
ယင်းသင်တန်းများအတွက် အထောက်အကူဖြစ်စေသော လေယာဉ်ပျံသန်းခြင်းဆိုင်ရာ လေ့ကျင်ရေးကိရိယာ Flight Simulation Training Device (FSTD) ကို စစ်လက်နက်ပွဲစားကုမ္ပဏီ Miya Win International ကုမ္ပဏီက ဩစတြီးယားကုမ္ပဏီထံမှ မြန်မာစစ်တပ်အတွက် တင်သွင်းပေးခြင်းဖြစ်သည်။
Miya Win ကုမ္ပဏီကို အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်အစိုးရတို့က အရေးယူဒဏ်ခတ်ပိတ်ဆို့ထားပြီး ထိုကုမ္ပဏီ၏ အဓိက ရှယ်ယာပိုင်ဆိုင်သူမှာ ဦးနေထွဋ်ဝင်းဖြစ်သည်။
စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများသည်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်လည်း စစ်အုပ်စု၏ ATR လေယာဉ်များ ဆက်လက်အသုံးပြုနိုင်ရန် အရေးပါသော စက်ပစ္စည်းများနှင့် အပိုပစ္စည်းများကို ရောင်းချပေးခဲ့သည်ဟု JFM က ဆိုသည်။
ပြင်သစ်ကုမ္ပဏီ ATR နှင့် အခြားနိုင်ငံတကာကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို မြန်မာစစ်တပ် အသုံးပြုနေမှုမှကာကွယ်ရန် လုံလောက်သော ကြိုတင်စိစစ်မှုများ မလုပ်ဟု မရတနာမောင်က ပြောသည်။
“ATR လေယာဉ်တွေကို ဆက်လက်အသုံးမပြုနိုင်အောင် အစိုးရတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် ပြင်သစ်လေယာဉ်များကို မြန်မာစစ်တပ် အသုံးပြုနေခြင်းက ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တိုးမြှင့်ချမှတ်ရန် ရှင်းရှင်းလင်းလင်းပြသနေသည်ဟုလည်း မရတနာမောင်က ပြောသည်။
စင်ကာပူနိုင်ငံသည်လည်း စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ မြန်မာစစ်တပ် ရရှိအသုံးပြုနေသည်ကို ဖြတ်တောက်ရန်နှင့် မြန်မာစစ်တပ်အတွက် လုပ်ကိုင်ပေးနေသည့် လက်နက်ပွဲစားကုမ္ပဏီများကို နိုင်ငံပိုင်နက်အတွင်း ခွင့်မပြုရန်လည်း JFM က တောင်းဆိုထားသည်။