သတင်း

ဖားကန့်ရှိစခန်း ဗုံးကြဲတိုက်ခိုက်ခံရပြီး KIA အရာရှိအချို့သေဆုံး

တန်ဖိုးကြီးကျောက်စိမ်းများထွက်ရာ ဖားကန့်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် KIA တပ်မဟာ(၉) တပ်စခန်းကို စစ်ကောင်စီက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KIA အရာရှိအချို့ သေဆုံးခဲ့သည်။

ယမန်နေ့ (အောက်တိုဘာ ၁၆) ညနေပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်စခန်းများကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KIA အရာရှိအချို့ သေဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်တပ်ပိုင် Mytel ဖုန်းလိုင်းများမှလွဲ၍ ကျန်ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း၊ ညနေပိုင်းတွင် တိုက်လေယာဉ်နှစ်စီး ရောက်လာကာ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် KPDF အဖွဲ့ဝင်အချို့က ပြောသည်။

စျေးဆိုင်တန်းနှင့် KIA အရာရှိများ၏ ဂေါက်ရိုက်ကွင်းအတွင်း ဗုံးကျရောက်ပေါက်ကွဲသည်ဟု KPDF အဖွဲ့ တာဝန်ခံ အမျိုးသားက ပြောသည်။

“အဲဒီမှာ ဖွင့်ထားတဲ့ ဈေးဆိုင်တန်းတွေနေရာပေါ့ အဲဒီနေရာမှာ တစ်လုံး၊ နောက်ပြီး မနှစ်ကဖြစ်တဲ့ (စစ်ကောင်စီဗုံးကြဲခဲ့တဲ့) နေရာနားက ဂေါက်ကွင်းပေါ့ အဲဒီမှာလည်း တစ်လုံးကျတယ်။ တစ်နေရာနဲ့ တစ်နေရာက မဝေးဘူး” ဟု ၎င်းက ဆိုသည်။ အနန့်ပါဒေသသည် KIA ၏ တပ်မဟာ (၉) နယ်မြေအတွင်း တည်ရှိပြီး တန်ဖိုးကြီးကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့တစ်ဝိုက် အခြေပြမြေပုံ။

အနန့်ပါတောင်ဘက် ၅ မိုင်ကျော်ခန့်အကွာရှိ စစ်တပ်စခန်းကုန်းက ညနေ ၆ နာရီမှ ၈ နာရီအတွင်း လက်နက်ကြီး ၁၀ ချက်ခန့်ပစ်ခတ်ခဲ့သည်ဟုလည်း ဖားကန့်ဒေသခံအချို့က ပြောသည်။

တပ်မဟာ (၉) ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်မှုတွင် KIA အရာရှိတစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် အနန့်ပါဒေသကို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်ရာတွင်လည်း နောက်ထပ် KIA အရာရှိအချို့ သေဆုံးခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KIA နှင့် နီးစပ်သူ အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ရန် Myanmar Now က KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

အောက်တိုဘာ ၉ ရက် ဉာဉ့်နက်ပိုင်းတွင် စစ်ကောင်စီ တိုက်ခိုက်ခဲ့သည့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို နောက်တစ်နေ့ နံနက်ပိုင်းတွင် တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၃ ရက် ညပိုင်းက အနန့်ပါဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့်အကြို ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ရသည်။

၎င်းတို့၏ အရာရှိများ အပါအဝင် လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း များကြောင်း ဖြစ်စဉ်အပြီး KIO အဖွဲ့က ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် သေဆုံးသူအရေအတွက် ၁၀၀ ကျော်ခဲ့ကြောင်း ဒေသခံ ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားခဲ့သည်။

သေဆုံးသူများအကြောင်း KIA ဘက်က အသေးစိတ် ထုတ်မပြောခဲ့သော်လည်း KIO ၏ တပ်မဟာ (၉) တာဝန်ခံ ဗိုလ်မှူးကြီးရှရော်လဆိုင်း၊ KIO ၏ ဖားကန့်ဒေသ ကျောက်မျက်တာဝန်ခံ ဗိုလ်မှူးကြီး လဖိုင်လအောင် အပါအဝင် KIO အရာရှိအရာခံများနှင့် ကချင်စီးပွားရေးလုပ်ငန်းရှင်အချို့ ပါဝင်ခဲ့သည်။

၁၉၆၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် သက်တမ်းရင့် ကချင်လက်နက်ကိုင်တော်လှန်ရေးတပ် KIA သည် မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် လိုင်ဇာတွင် အခြေချသည်။ ၁၉၉၄ တွင် စစ်အစိုးရနှင့် အပစ်ရပ်သဘောတူညီမှု ရခဲ့သော်လည်း ဦးသိန်းစိန်အစိုးရ အုပ်ချုပ်စဉ် ၂၀၁၁ ဒီဇင်ဘာတွင် မြန်မာစစ်တပ်နှင့် တစ်ကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ်ခဲ့သည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ကနဦးဆွေးနွေးမှုများတွင် ပါဝင်ခဲ့သော်လည်း လက်မှတ်ထိုးခဲ့ခြင်းမရှိပေ။ KIA သည် ၂၀၂၁ စစ်ကောင်စီက အာဏာသိမ်းပြီးချိန်တွင် ပေါ်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်များကို စစ်သင်တန်းနှင့် လက်နက်အကူအညီများ၊ CDM ဝန်ထမ်းများ အပါအဝင် စစ်ကောင်စီ လိုက်လံဖမ်းဆီးနေသူအချို့ကို ခိုလှုံခွင့်ပေးထားသည်။

ထို့ကြောင့် စစ်ကောင်စီက KIA တပ်စခန်းများနှင့် ထိန်းချုပ်နယ်မြေများကို လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေသည်။

ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ၂၀၂၃ အောက်တိုဘာ ၉ ရက် ညက တိုက်ခိုက်ခံရသည့် မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပြီး သေဆုံးသွားသူ၏ ရုပ်အလောင်းဘေးတွင် ငိုကြွေးနေသည့် မိသားစုဝင်တစ်ဦးကို နောက်တစ်ရက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- CJ။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ညသန်းခေါင်ယံတွင် တရုတ်နိုင်ငံနှင့် ချောင်းတစ်ခုသာ ခြားသည့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့မြောက်ဘက် ၂ မိုင်အကွာက မုန်လိုင်ခက်စစ်ဘေးရှောင်ရွာကို စစ်ကောင်စီက တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၁၁ ဦးအပါအဝင် စစ်ဘေးရှောင် ၂၉ ဦး သေဆုံးခဲ့ပြီး ၅၇ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ထိုတိုက်ခိုက်မှုသည် နည်းပညာမြင့် မောင်းသူမဲ့ဒရုန်းများဖြင့် စစ်ကောင်စီ၏ တိုက်ခိုက်ခြင်းဟု KIA က ဆိုသော်လည်း စစ်ကောင်စီဘက်က ပယ်ချထားပြီး ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဟု တုံ့ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button