ဆောင်းပါး

ဗုံးဒဏ်သင့် အနန့်ပါမှ လူနာသယ်ခွင့်ကို စစ်ကောင်စီ ပိတ်ထားဆဲ

နာမည်ကျော် ကျောက်စိမ်းမြေ ဖားကန့်မြို့အထက် မိုင် ၂၀ ခန့်အကွာတွင် သဘာဝအတိုင်း ရှိနေသည့် သစ်ပင်၊ တောင်တန်းများအကြား တိမ်ခိုးဝေသီနေသည့် မြေကွက်လပ်တစ်ခုအတွင်း ပျော်ပွဲရွှင်ပွဲတစ်ခု ပြုလုပ်နေသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့်နေ့အကြို ထိုပျော်ပွဲရွှင်ပွဲကို ယခုလ ၂၃ ရက်က ဖားကန့်ဒေသ အနန့်ပါဟု ခေါ်သည့် နေရာတွင် ပြုလုပ်နေခြင်းဖြစ်သည်။ ကိုဘရန်ဆိုင်း* ကဲ့သို့ အနီးဝန်းကျင်မှ ဒေသခံများသာမက ဖားကန့်မှ လောပန်း(ကျောက်သူဌေး) များပါ ရောက်နေသည်။

ကချင်နာမည်ကြီး အနုပညာရှင်များ ပါဝင်ဖြေဖျော်နေသော တေးဂီတပွဲကို စင်မြင့်၏ ဘယ်ဘက်အခြမ်း၊ ပွဲခင်းအပြင်ဘက်တွင် ချထားသည့် သစ်သားထိုင်ခုံတန်းတွင် ကိုဘရန်ဆိုင်းနှင့် သူငယ်ချင်းတစ်စု ထိုင်၍ ကြည့်နေသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ အခြေစိုက်ရာ နယ်မြေအတွင်း ပြုလုပ်နေသည့် ထိုပွဲခင်းထဲတွင် ရှိနေသူများမှာ မကြာမီတွင် လူ ၆၀ ကျော် သေဆုံး၊ ရာနှင့်ချီ ဒဏ်ရာရစေတော့မည့် စစ်ကောင်စီ၏ လေကြောင်းမှ လူသတ်ပွဲ အကြံအစည်ကို စိုးစေ့မျှ ခန့်မှန်းမိပုံ မရကြ။

မန္တလေး၊ တံတားဦး လေတပ်စခန်းမှနေ၍ ကချင်ပြည်နယ်အတွင်း လေကြောင်းမှ စစ်ဆင်ရန်ရှိသည် ဆိုသော သတင်းစကားကို လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက လျှို့ဝှက်ရရှိထားသည်။

အနန့်ပါတွင် ကျင်းပနေသည် မှာ အများပြည်သူတက်ရောက်နိုင်သည့် ပျော်ပွဲရွှင်ပွဲသာဖြစ်၍ ရန်ရှာမည်မဟုတ်ဟု ယူဆထားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်အချို့က ဆိုသည်။

သို့သော် အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ကမ္ဘာကျော် ရက်စက်ယုတ်မာမှုများ ပြုလုပ်နေသည့် စစ်ကောင်စီက ထိုတေးဂီတပွဲကိုလည်း ချမ်းသာမပေးခဲ့ပါ။

မန္တလေး၊ တံတားဦးလေဆိပ်မှ တိုက်လေယာဉ် သုံးစီး ပြန်တက်သွားပြီ၊ ကချင်ဘက်သို့ ပျံလာနေသည်ဟု နယ်မြေခံ တော်လှန်ရေးအင်အားစု အသီးသီးက အချိန်မီ သတင်းထုတ်ကြသော်လည်း အဖျက်စွမ်းအားကြီးသည့် ထိုလေယာဉ်များ ပျံသန်းနေချိန်တွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်သွားသည်။​

အောက်တိုဘာ ၂၃ ရက် ည ၉ နာရီဝန်းကျင်တွင် ရရှားထုတ် Yak- 130 ဟု ခန့်မှန်းရသည့် စစ်ကောင်စီ တိုက်လေယာဉ် သုံးစီးပေါ်မှ ဗုံးသုံးလုံး အနန့်ပါသို့ ကျလာသည်။ လူရာဂဏန်း စုဝေးနေသည့် စတိတ်စင်ရှိရာ ပွဲခင်းထဲနှင့်  မီးဖိုဆောင်သို့ တစ်လုံးစီကျသည်ကို ကိုဘရန်ဆိုင်း မှတ်မိသည်။

စစ်ကောင်စီ ဗုံးကြဲခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါဒေသ တည်နေရာပြမြေပုံ။

ဗုံးကျမလာခင် အချိန်အထိ တေးသီချင်းသီဆိုမှု၊ အကဖြင့် ဖျော်ဖြေမှုများဖြင့် ပွဲခင်းမှာ စည်ကားနေမြဲ ဖြစ်သည်၊ တေးဂီတပွဲ နောက်ဆုံးအစီအစဉ်များ စတင်နေချိန်၊ ကချင် နာမည်ကြီးအဆိုတော် သီဆိုရန် ပြင်နေချိန်တွင် ဗုံးကျလာခြင်းဖြစ်သည်၊ အဆိုတော် မည်သူမှန်းပင် မသိလိုက်ရဟု ကိုဘရန်ဆိုင်းက ပြန်ပြောပြသည်။

“ပွဲခင်းထဲကိုတော့ ဗုံးတစ်လုံးပဲ​ ကျတာ။ ကျွန်တော့်ရှေ့မှာ ကျတာ။ ကျွန်တော် (ပြေးတော့) နောက်မှာ မီးလင်း(လောင်) နေတာပဲ တွေ့တာ။ …မီးက တော်တော်တော့ လင်း(လောင်) တယ်။ တစ်ခါတည်း မီးလောင်တာ။ မီးဗုံးရော ပါတယ် ထင်တယ်။ ဗုံးကျပြီး (သစ်သား) အဆောက်အအုံတွေရော မီးလောင်ကုန်တာ”။

“ကျွန်တော်လည်း ဗုံးကျတော့ တစ်ခါတည်း လွင့်သွားတာ။ ပြီးတော့ ကျွန်တော်ထိုင်ကြည့်တဲ့နေရာနားမှာ မီးလောင်နေပြီ။… မီးတောက်က တော်တော်ကြီးတယ်။ ဗုံးကျတဲ့အချိန်ပဲ မြင်လိုက်ရတာ။ ဖျာ ၂ချပ်၊ ၃ ချက်စာလောက် (ဗုံးကျ၍ မီးထလောင်သည့် အကျယ်အဝန်း) ရှိတယ်။ မီးတောက်က အမြင့်ကြီးပဲ။ ဝါးတစ်ပြန်စာလောက် ရှိမယ်” ဟု ကိုဘရန်ဆိုင်းက ဆက်ပြောသည်။

တစ်ကြိမ်မှ မကြုံဖူးသည်ဖြစ်၍ ခြေဦးတည့်ရာ တစ်ချိုးတည်းပြေး၊ နောက်ကြောင်း ပြန်မကြည့်ဖြစ်တော့ဟု ၎င်းက ဆိုသည်။ တောတောင်အတွင်း သင့်တော်သလို ပုန်းခိုခဲ့ပြီး နံနက်လင်းချိန်တွင် စစ်ကောင်စီတပ်စခန်း မရှိသည့် လမ်းများကို အသုံးပြု၍ သူနေထိုင်ရာအရပ်သို့ ယမန်နေ့ (အောက်တိုဘာ ၂၅) ရက်တွင် ကိုဘရန်ဆိုင်း ပြန်လာနိုင်ခဲ့သည်။ သို့သော် ဖျော်ဖြေပွဲသို့ အတူသွားသည့် သူငယ်ချင်းများ သေသည်၊ ရှင်သည် မသိသေးဟု ၎င်းက ဖွင့်ဟသည်။

ပေါက်ကွဲမှုအတွင်း သေဆုံးသူ ၆၂ ဦးအထိ ရှိနေပြီး ကချင်အနုပညာရှင်အချို့နှင့် KIA တပ်မဟာ (၉) တပ်မဟာမှူး ဗိုလ်မှူးကြီး ရှရော်လဆိုင်း အပါအဝင် စစ်ဘက်၊ အရပ်ဘက်အရာရှိ ၄ ဦးသေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ရှိသူအချို့ပါ သေဆုံးသည်ဟု ဆိုသည်။

ကချင်အဆိုတော် အော်ရာလီအပြင် ကီးဘုတ်တီးခတ်သူ ကိုကင်း သေဆုံးကြောင်း၊ တေးသံရှင် ယော်လွင် ဒဏ်ရာပြင်းထန်ကြောင်း ဒေသအခြေစိုက် သတင်းဌာနများက ရေးထားသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ ဂီတပွဲကို အောက်တိုဘာ ၂၃ ရက်ည စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ။

ဗုံးကြဲခံရပြီး သုံးရက်ကြာသည်အထိ ဖားကန့်၊ မြစ်ကြီးနားမှ အနန့်ပါသို့ ကားဖြင့် သွားနိုင်သည့် အဓိကလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး ဖြတ်သန်းခွင့်မပေး၍ သေဆုံး၊ ဒဏ်ရာရ အခြေအနေအသေးစိတ် အတည်မပြုနိုင်သေးဟု ကူညီကယ်ဆယ်ရေးလုပ်နေသူ အချို့ထံမှ သိရသည်။

မိုင် ၂၀ ဝန်းကျင်ရှိ အနန့်ပါနှင့် ဖားကန့် လမ်းတစ်ဝက်ခန့်တွင်ရှိသည့် ကံစီးရွာ၊ ကံစီးရွာနှင့် နှစ်မိုင်ခန့်သာ ဝေးသည့် အောင်ဘာလေရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီက ကားဖြတ်သန်းခွင့် ပိတ်ထားကြောင်း၊ ဆိုင်ကယ်နှင့် သွားလျှင်ပင် တင်းကျပ်စွာ စစ်ဆေးနေသဖြင့် ကူညီကယ်ဆယ်ရေးကိစ္စများကို ခက်ခဲစွာ လုပ်ဆောင်နေရကြောင်း ၎င်းတို့က ပြောသည်။

“အခြေအနေတွေကတော့ ဆေးဝါးတွေ မစုံလင်ဘူး။ ကားတွေလည်း ဖြတ်လို့မရတော့ ဆေးဝါးကို သယ်လို့မရဘူး။ ဒီပုံစံနဲ့ဆိုရင် သေဆုံးမှုဦးရေ များလာနိုင်တယ်။ တကယ်သွေးထွက်များနေတဲ့ဒဏ်ရာတွေ၊ တချို့တွေက ခေါင်းတွေ၊ တချို့တွေက ပေါင်တွေ၊ ဗိုက်တွေမှာ ဗုံးထိထားကြတာ။ ပြောရမယ်ဆိုရင် စစ်ကားထဲအတိုင်း ဗုံးထိရင် ထိကြတဲ့၊ နာကြတဲ့ပုံစံတွေလိုပဲ” ဟု စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမား ကိုမရန်*က ပြောပြသည်။

ထို့ကြောင့် အချိန်မီဆေးမကုသနိုင်၍ ဒဏ်ရာပြင်းထန်သူ၊ သွေးထွက်လွန်နေသူများ ထပ်မံ အသက်ဆုံးရှုံးကြမည်ကို ကယ်ဆယ်ရေးအဖွဲ့များက စိုးရိမ်နေကြသည်။ ဓာတ်ပုံအထောက်အထားများအရ စစ်ကောင်စီ ကြဲချသည့် ဗုံးကြောင့် သေဆုံးသူများထဲတွင် ရုပ်ပျက်ဆင်းပျက်၊ ကိုယ်လက်အင်္ဂါပျက် စသဖြင့် ဆိုးရွားသည့် ဒဏ်ရာများရထားသည်ကို တွေ့ရသည်။

“ဒဏ်ရတဲ့သူတွေကို ခေါ်ထုတ်လို့မရဘူး။ ကားနဲ့လည်း မရဘူး။ ကားအလွတ်နဲ့ ယာဉ်မောင်းပဲ သွားလို့ ရတယ်။ ဒါပေမဲ့ ဒဏ်ရာရတဲ့သူတွေနဲ့ အလောင်းတွေကိုက ခေါ်ထုတ်လို့မရဘူး။ တချို့တလေလည်း ဆုံးသွားကြတယ်။ ၁၀ ယောက်ကျော်လောက်ရှိပြီ။ သွေးထွက်လို့ ဒဏ်ရာရတဲ့သူတွေကိုတော့ ကယ်ထုတ်လို့မရဘူး” ဟု ကိုမရန်က ဆိုသည်။

အခြားသော ကယ်ဆယ်ရေးသမား ကိုဂျိမ်းစ်*၏ အဆိုအရ ၎င်းတို့အဖွဲ့မှ သယ်ထုတ်လာနိုင်သည့် ရုပ်အလောင်း ၃၂ လောင်းရှိပြီး ၁၃ လောင်းကိုသာ အမည်နှင့် နေရပ် ခွဲခြားနိုင်သေးကြောင်း သိရသည်။

“အလောင်းတွေက တစ်စစီဖြစ်သွားတယ်။ ပြန်ပြီ စစ်ဆေးတာတွေတော့ လုပ်နေတယ်။ အလောင်းရောမတွေ့၊ လူလည်း မတွေ့တဲ့သူတွေလည်း ရှိတယ်။ တစ်စစီဖြစ်သွားတဲ့သူတွေထဲမှာပဲ ပါနေလားတော့ မသိဘူး။ ပွဲတက်တဲ့စာရင်းမှာ ပါပြီး ပျောက်နေသူတွေရှိတယ်” ဟု ကိုဂျိမ်းစ်က ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ ဂီတပွဲကို အောက်တိုဘာ ၂၃ ရက်ည စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပျက်စီးမှုများ။

ဒေသအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မမေရီ*ကလည်း လူအများစုဝေးနေသည့် တေးဂီတပွဲသို့ တိုက်ခိုက်သည့် စစ်ကောင်စီ ဗုံးဒဏ်ကြောင့် သေကျေဒဏ်ရာရသည့် အခြေအနေမှာ မြင်ရက်စရာပင်မရှိ ကြောင်း၊ သေဆုံးဒဏ်ရာရစာရင်း အတိအကျရနိုင်ရန်၊ ဆေးဝါးကုသနိုင်ရန် ခက်ခက်ခဲခဲကြိုးပမ်းနေကြရကြောင်း ပြောပြသည်။

“ဆေးတွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုပြီး ကုသပေးနေကြတယ်။ မနှစ်က စစ်ကောင်စီက သိမ်းလိုက်တဲ့ ကံစီးဂိတ်ကို ဖြတ်နိုင်မှ ဖားကန့်၊ မြစ်ကြီးနားတို့ကို သွားလို့ရမှာ။ အဲဒီနေရာကို စစ်ကောင်စီက ပိတ်ထားတယ်။ လောလောဆယ်အထိ ညှိနေတုန်းလို့ ပြောတယ်”။

“မနေ့က ညပိုင်းအထိကတော့ တောထဲကို လွင့်သွားတဲ့ အလောင်းတွေ၊ ခြေတွေ၊ လက်တွေ၊ ခေါင်းတွေ အစအနတွေကို လိုက်ရှာနေတုန်းရှိတယ်။ အခု ဒီမနက်လည်း အလောင်းတွေ လိုက်ရှာနေတုန်းလို့ ပြောတယ်” ဟု မမေရီက ပြောသည်။

KIA တေးဂီတပွဲကို ဗုံးကြဲခဲ့သူများမှာ ယက္ခနာမည်ဝှက်ရှိသည့် တိုက်လေယာဉ်မှူးများဖြစ်

စစ်ကောင်စီက ဥရုမြစ် အရှေ့ဘက်ကမ်းရှိ ကန်စီးရွာ လမ်းကြောင်းကို ပိတ်ဆို့ထားသည့်အတွက် ရုပ်အလောင်းများ နေရပ်ပြန်မသယ်နိုင်သဖြင့် အနန့်ပါ အောက်ဘက် အနောက်ဘက်ကမ်း ဘော်ဆာဒီးရွာတွင် မြှုပ်နှံထားသည်ဟု ကချင်အခြေစိုက် သတင်းဌာနများက ရေးသားထားသည်။

ဗုံးကြဲခံရပြီး သုံးရက်ကြာချိန် ယနေ့ (အောက်တိုဘာ ၂၆) နံနက်ပိုင်းအထိ ဒဏ်ရာရသူအများစုမှာ အနန့်ပါဒေသတွင် ရှိသည့် ဆေးဝါးအနည်းငယ်ဖြင့် ကုသမှုခံယူနေရဆဲဖြစ်သည်ဟု ထိုနေရာတွင် ဒဏ်ရာဖြင့် ရှိနေသည့် အသက် ၂၀ ကျော်အရွယ် ညီဖြစ်သူကို ပူပန်နေရသည့် ကိုဂျော်ဂွန်း*က ပြောပြသည်။

“(မိသားစုဝင်နဲ့) စကားတော့ အများကြီး မပြောဖြစ်လိုက်ဘူး။ ဘုရားကျောင်းတစ်ခုမှာ ရောက်နေတဲ့အကြောင်းနဲ့ ဆေးကုခွင့်မရဘူးလို့ ပြောတယ်။ အိမ်ကလူတွေ မြန်မြန်(လိုက်) လာကြဖို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

၎င်း၏ ညီဖြစ်သူနှင့် ယမန်နေ့ (အောက်တိုဘာ ၂၅) တယ်လီဖုန်းဖြင့် ခေတ္တပြောခွင့်ရချိန်တွင် ညာဘက်ခြေထောက်တွင် ၄ နေရာ၊ ဘယ်ဘက်ခြေထောက်တွင် ၃ နေရာ၊ လက်မောင်းတွင် ၁ နေရာ ဗုံးစမှန် ဒဏ်ရာရထားသည်ဟုသာ သိရှိထားပြီး အသေးစိတ် မသိရကြောင်း ကိုဂျော်ဂွန်းက ပြောသည်။

အနန့်ပါဒေသတွင် ဒဏ်ရာရနေသူများ ဆေးကုခွင့်၊ အလောင်းသယ်ယူခွင့် ပိတ်ထားသည့် အခြေအနေများကို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

စစ်ကောင်စီ ဗုံးကြဲသည့်နေရာနှင့် KIA တပ်စခန်း တည်နေရာ အခြေပြမြေပုံ။ ဓာတ်ပုံ-KIA ဗိုလ်ချုပ်ဂွမ်မော်

အရပ်သားအစိုးရကို ဖြုတ်ချသည့် စစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်ပြီး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ အာဏာရှင်စနစ်အမြစ်ဖြုတ်ရန် ရည်မှန်းထားသည့် KIA မှ ဗိုလ်ချုပ်ဂွမ်မော်က အနန့်ပါသည် ခရီးသွားများ နားနေရာ စခန်းတစ်ခုသာဖြစ်သည်ဟု မြေပုံနှင့်တကွ တုံ့ပြန်ထားသည်။

စစ်ကောင်စီကမူ ဗုံးကြဲပြီး နောက်ရက်တွင် KIA တပ်မဟာ ၉ သည် စစ်ရေးနယ်မြေဖြစ်၍ တိုက်ခိုက်သည်ဟု သတင်းထုတ်ပြန်သည်။ အရပ်သားသေဆုံးသည်ဆိုခြင်းမှာ ကောလာဟလဟု စစ်ကောင်စီက ၎င်းတို့ ဓာတ်ပြားဟောင်းကြီးအတိုင်း လိမ်ညာပြန်သည်။

စစ်ကောင်စီ ဗုံးကြဲသည့် ညက အနန့်ပါတွင် အနီးဝန်းကျင်မှ အရပ်သားများပါဝင်တက်ရောက်နေသည့် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသည်ဆိုခြင်းကို ထိုအခမ်းအနားအတွက် ကြိုတင်နှိုးဆော်ထားသည့် ဖိတ်စာတစ်စောင်တွင်လည်း ထင်ရှားစွာတွေ့ရသည်။

အနန့်ပါ၌ အောက်တိုဘာ ၂၂ နှင့် ၂၃ တွင် တေးဂီတပွဲ၊ အားကစားပွဲများရှိသည်ဟု ထိုဖိတ်စာတွင် ရေးထားသည်။

“အထိမ်းအမှတ်တစ်ခုလုပ်နေတဲ့အချိန်မှာ (စစ်ကောင်စီက) ဒီလိုလုပ်တာ လူသားမဆန်တဲ့လုပ်ရပ်လို့ ပြောချင်တယ်” ဟု ကိုဂျော်ဂွန်းက ပြောလိုက်သည်။

(* ပြထားသူများမှာ လုံခြုံရေးအရ အမည်လွှဲထားခြင်းဖြစ်သည်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button