မေးမြန်းခန်း

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုတာတော့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်”

မဘသအဖွဲ့က ဧရာဝတီတိုင်းဒေသကြီးအတွင်း မွတ်စလင်တို့၏ နွားသတ်လုပ်ငန်းများ ရပ်တန့်ရန် လှုပ်ရှား ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ Myanmar Now သတင်းဌာန သတင်းထောက် ဆွေဝင်းက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်ကို ပုသိမ်မြို့တွင် တွေ့ဆုံ မေးမြန်းခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သူ ၆၉ နှစ်အရွယ် ဦးသိန်းအောင်ကို သမ္မတဦးသိန်းစိန်က ၂ဝ၁၁ ခုနှစ်တွင် တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ဦးသိန်းအောင်ကို သူ၏ရုံးခန်း၌ မကြာသေးမီက သွားရောက်တွေ့ဆုံခဲ့ရာတွင် နွားသတ်ရုံများ ပိတ်ပစ်ရေး မဘသ၏ ကြိုးပမ်းမှုကို သူ ထောက်ခံကြောင်း ဦးသိန်းအောင်က ပွင့်လင်းစွာ ရှင်းပြခဲ့သည်။ သူ၏ ရုံးခန်းအတွင်း အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအတွက် ကလေးငယ်များကို သင်ကြားပေးသည့် စာအုပ်များကိုလည်း တွေ့ခဲ့ရသည်။ ဦးသိန်းအောင်သည် ရွေးကောက်ပွဲတွင်  တိုင်းအတွင်းရှိ အင်္ဂပူမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

တွေ့ဆုံမေးမြန်းမှုအပြီးတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားသည့် သူ့အမြင်အချို့ကို ပြောပြစဉ်  မြန်မာပြည်ရောက် သမ္မတအိုဘားမား ဒေါ်အောင်ဆန်းစုကြည်ကို နမ်းနေသည့် ဗီနိုင်းပိုစတာတစ်ခုကိုပြကာ ‘မြန်မာအမျိုးသမီးတစ်ဦးအနေနဲ့ ဒီလိုလုပ်သင့်သလား။ သူသာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာရင် ဘာတွေဖြစ်လာမလဲ’ ဟု ပြောကြားခဲ့သည်။

မေး –  နွားတွေကို မသတ်ဖို့ ကယ်တင်ရေး ဆောင်ရွက်ရာမှာ သံဃာတော်တွေ ဦးဆောင်မှုနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရရဲ့ သဘောထားမူဝါဒကို ပြောပြပါ။

ဖြေ – ဒီလှုပ်ရှားမှုအတွက် တချို့နေရာတွေမှာ သံဃာတော်တွေက ရှေ့ကနေပြီး တချို့နေရာတွေမှာ နောက်က နေပါတယ်။ တကယ်တမ်းကျတော့ ဒီကိစ္စက သံဃာတော်တွေ ရှေ့ထွက်ရမယ့်ကိစ္စ မဟုတ်ပါဘူး၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကပဲ ရှေ့ထွက်လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ သံဃာတော်တွေကတော့ နောက်ကနေ ပံ့ပိုးကူညီပေးတာလေးတွေ ရှိမှာပေါ့။ အဲဒီလို သံဃာတော်တွေ ရှေ့ထွက်လို့ ပြဿနာပေါ်လာခဲ့ရင်လည်း သံဃာတော်တွေကို လျှောက်ထားပြီး ဒါလေးတွေကတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းက လုပ်ပါစေ၊ သံဃာတော်တွေအနေနဲ့ ရှေ့ထွက်ပြီး မလုပ်ပါနဲ့၊ သံဃာတော်တွေ တစ်ခုခုဖြစ်ရင်လည်း လုပ်ရကိုင်ရ ခက်ပါတယ်ဆိုတာကို လျှောက်ထား တောင်းပန်တဲ့ အခါကျတော့ ပြီးမြောက်သွားပါတယ်။ တချို့ကိစ္စတွေမှာ သံဃာတော်တွေပါတာရှိတော့လည်း သူတို့ကိုယ်တိုင် ဒီမှာ လာရောက်ဆွေးနွေးသွားတာရှိပါတယ်။ အဲဒီလို ဆွေးနွေးညှိနှိုင်းခြင်းနဲ့ ပြေလည်အောင် ဆောင်ရွက်ပေးတာရှိပါတယ်။ ဒီလထဲမှာ ညွှန်ကြားချက် ထုတ်ထားတယ်၊ သံဃာတော်တွေအနေနဲ့ နောက်ကနေ ပါဝင်တယ်ဆိုသော်လည်းပဲ တကယ်လက်တွေ့ ကွင်းဆင်းဆောင်ရွက်တဲ့ အခါကျရင်တော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကပဲ တာဝန်ယူ ဆောင်ရွက်တာပဲ ကောင်းပါတယ်ဆိုတဲ့ မူဝါဒချမှတ်ပြီး ဧရာဝတီတိုင်းအတွင်းမှာ အဲဒီလို ဆောင်ရွက်နေပါတယ်။
 
မေး – တချို့ဆရာတော်တွေက မိန့်ပါတယ်၊ လိုင်စင်ဆွဲတဲ့ နေရာမှာ ဝန်ကြီးချုပ်အနေနဲ့ တန်ဖိုးလျှော့ချသတ်မှတ်ပေးပါတယ်တဲ့။ ဒီအချက်က မှန်ပါသလား။

ဖြေ –  ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတော့ ကျွဲ၊ နွား သတ်တဲ့ကိစ္စတွေကို သဘောမတူပါဘူး၊ အထူးသဖြင့် အမြောက်အမြားသတ်နေတာတွေကိုပေါ့။ ဒါကြောင့် ဇီဝိတဒါနအနေနဲ့ လိုင်စင်ယူတဲ့ မြို့တွေကိုလည်း  စဉ်းစားပြီး ဆောင်ရွက်ပေးပါတယ်။ အထူးသဖြင့် ဆရာတော်တွေအနေနဲ့ လုပ်ဆောင်နေတဲ့ မြို့တွေကိုလည်း အများကြီး ကူညီဆောင်ရွက်ပေးရာမှာ မနှစ်ကရော ဒီနှစ်ရော လေလံဈေးနှုန်းရဲ့ တစ်ဝက် (၅ဝ ရာခိုင်နှုန်း) ကိုပဲ ယူစေခဲ့ပါတယ်။ ဥပမာ လေလံဈေးနှုန်းက ကျပ် ၁ဝဝ ဆိုရင် ကျပ် ၅ဝ ပဲ ယူစေပါတယ်။ ဒီလိုနည်းနဲ့ အခွင့်အရေးပေးတာတွေတော့ ရှိပါတယ်။
 
မေး –  သံဃာတော်တွေက မိန့်ပါတယ်၊ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းတချို့က အကျင့်ပျက်ခြစားမှုတွေလုပ်ပြီး နွားသတ်တာတွေကို ထိထိရောက်ရောက် မဟန့်တားဘူးလို့ ဆိုပါတယ်။ အဲဒါရော မှန်ပါသလား။

ဖြေ – မှန်တယ်။ ဇီဝိတဒါနလုပ်ထားတဲ့ ဒေသတွေမှာ ကျွဲနွားတွေ သတ်တာ၊ ဖြတ်တာတွေနဲ့ ပတ်သက်လို့ သာမန်ထက်ပိုသတ်တာတွေ၊ အများအစားသတ်တာတွေ ရှိတယ်။ အဲဒါတွေအားလုံးဟာ ဒီဒေသမှာရှိတဲ့ ရပ်/ ကျေးအဖွဲ့အစည်းတွေ၊ ရဲတွေ၊ စည်ပင်တွေ၊ အဲဒီလူတွေရဲ့ အားနည်းချက်တွေကြောင့် ဒါတွေဖြစ်တာပဲ။ သူတို့အားမနည်းရင် ဒါဖြစ်စရာအကြောင်းမရှိဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး သတင်းပေး တိုင်လာတယ် ဆိုရင်တော့ အရေးယူတယ်။  အထူးအဖွဲ့နဲ့ ဆင်းပြီး ဖမ်းရတယ်။ အိမ်မဲ(မြို့)မှာဆိုရင် အဲဒီလို ပြဿနာတစ်ခုဖြစ်တယ်၊ သတင်းပေးတဲ့အတွက် အထူးအဖွဲ့က ဆင်းဖမ်းတယ်၊ အဲဒီမှာ ပစ္စည်းပိုင်ရှင်တွေနဲ့ ရဲတွေအကြား ရိုက်နှက်မှုဖြစ်လို့ ဖြေရှင်းရတာရှိတယ်။ အထက်ဌာနအနေနဲ့ကတော့ ဒါမျိုးကိစ္စတွေကို ဖိဖိစီးစီးလုပ်တယ်၊ ခွင့်မပြုဘူး၊ သိရင် သေသေချာချာ ထိထိရောက်ရောက် အရေးယူတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းကိုလည်း ဒီအတိုင်းပဲ တိတိကျကျတိုင်လာရင် အထူးအဖွဲ့နဲ့ စစ်ဆေးတယ်၊ ပေါ်ရင် ထိထိရောက်ရောက် အရေးယူတယ်။

မေး – ဦးသိန်းအောင် တိုင်းဝန်ကြီးချုပ် ပြန်ဖြစ်မယ်၊ အနည်းဆုံး လွှတ်တော်အမတ်ပြန်ဖြစ်မယ်ဆိုရင် ဒီဒေသအတွက် ဘာတွေကို အဓိကဦးစားပေး လုပ်ဆောင်မလဲ။   

ဖြေ –  နံပါတ်တစ်ကတော့ တရားဥပဒေ စိုးမိုးရေး။ နံပါတ်နှစ်အချက်က ပညာတတ်တွေ ပေါ်ထွက်ရေးနဲ့ အလုပ်အကိုင်ရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး။ ဒါတွေကတော့ ပထမဦးစားပေး လုပ်ရမယ့် ကိစ္စတွေပဲ။ လက်ရှိအစိုးရရဲ့ ကျန်တဲ့ကာလမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားမှာပါ။ နောက်တက်လာမှာက ကိုယ့်လူပဲဖြစ်ဖြစ် သူလူပဲဖြစ်ဖြစ် အကောင်းဆုံး ဖောင်ဒေးရှင်းချပေးသွားမှာပါ။ မိမိတို့ ပါတီနိုင်ခဲ့ရင်လည်း ပေးတဲ့တာဝန်ကို ကြိုးစားလုပ်ဆောင် သွားမှာပါ။ ရွေးကောက်ပွဲကာလမှာလည်း ကော်မရှင်ရဲ့ စည်းကမ်းနဲ့အညီ ရွေးကောက်ပွဲဝင်ပြီး အခြား မတော်မတရားနည်းလမ်းတွေကို လုပ်ဖို့လည်း မစဉ်းစားပါဘူး။

မေး – ပုသိမ်မြို့ထဲမှာ ကြံ့ခိုင်ရေးပါတီရုံး တွေ့ရတယ်၊ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကိုလည်း တွေ့ရတယ်ဆိုတော့ ရွေးကောက်ပွဲဆိုင်ရာဗျူဟာပိုင်းက ဘယ်လို ရှိပါသလဲ။

ဖြေ –  ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကော်မရှင်က စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတာရှိတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေနဲ့ အညီပဲ ကိုယ့်ပါတီအနိုင်ရအောင် ကြိုးစားသွားမယ်။ အကြမ်းဖျင်းကတော့ အဲဒီလောက်ပဲ ဖြေတာကောင်းပါတယ်။
 
မေး – ဆရာတော်တွေ လုပ်ဆောင်နေတဲ့ အမျိုးဘာသာ သာသနာ ဆောင်ရွက်ချက်တွေကိုရော ဒီထက်ပိုပြီး ကူညီပေးသွားဖို့ ရှိပါသလား။

ဖြေ –  သီးခြား ပံ့ပိုးတယ်ဆိုတာထက် ဆရာတော်တွေ ဒီလိုလုပ်ငန်းမျိုးလုပ်တယ်ဆိုရင်တော့ သူတို့ရဲ့ လုပ်ဆောင်ချက်၊ လှုပ်ရှားမှု ပြီးမြောက်အဆင်ပြေဖို့ စောင့်ရှောက်ပေးတာပေါ့။ သူတို့မှတင်မဟုတ်ပါဘူး၊ ကိုယ့်တိုင်းထဲမှာ လှုပ်ရှားမှုတစ်ခုခု လုပ်တယ်ဆိုရင် ဆန့်ကျင်ဘက်ပါတီ လာလှုပ်ရှားတယ်ဆိုရင်တောင် ဒေသထဲမှာ ရုန်းရင်းဆန်ခတ်မဖြစ်အောင်၊ လုံခြုံအောင် စောင့်ရှောက်ပေးပါတယ်။ ဒါအစိုးရရဲ့ တာဝန်ပါ။ ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့တဲ့ အပတ်ထဲက လာကြတယ်၊ မအူပင်၊ ကျိုက်လတ်၊ မော်ကျွန်းတို့ကို လာကြတယ်။ သွားရေး၊ လာရေး၊ စားရေး၊သောက်ရေးတွေကို အကူအညီတောင်းခံလာရင် အဆင်ပြေအောင်၊ အထူးသဖြင့် လုံခြုံရေးနဲ့ ပတ်သက်ပြီး ကိုယ့်တိုင်းဒေသကြီးထဲမှာ ပြဿနာမဖြစ်အောင် ကူညီစောင့်ရှောက်ပေးပါတယ်။ မဘသလည်း ထိုနည်းလည်းကောင်းပဲ သူတို့ ဒီအလုပ်လေးတွေ လုပ်တယ်ဆိုရင် မလုပ်နဲ့ ပြောလို့မရဘူး၊ ဒါပေမယ့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုတာတော့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လို့ စိတ်ထဲမှာ ခံစားတယ်၊ ဒါကြောင့်မို့ အားပေးတယ်။ ကူညီတယ်။ ဆောင်ရွက်ပေးတယ်။ ဒါဟာ တခြားဘာသာတွေကိုလည်း ထိခိုက်တဲ့ ကိစ္စမဟုတ်ပါဘူး။ သူတို့မှာလည်း လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ရှိပါတယ်။   
 
မေး – အနာဂတ်မှာရော မဘသကို အကူအညီပေးဖို့ အစီအစဉ် ရှိသလား။

ဖြေ –  မဘသ သံဃာတွေအနေနဲ့ အခုလိုအလုပ်တွေ မလုပ်ပါနဲ့လို့ ကျွန်တော် ပြောလို့မရပါဘူး။ ဒီလုပ်ငန်းတွေဟာ ကျွန်တော်တို့ရဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက် ကာကွယ်တာဖြစ်လို့ ကျွန်တော်တို့ လုပ်သင့်ပါတယ်။ ဒီလုပ်ငန်းတွေကို ကျွန်တော် အားပေး  ထောက်ခံပါတယ်။ တနင်္ဂနွေဓမ္မစကူးလ်တစ်ခု ပုသိမ်မှာ ဆောက်လုပ်ဖို့ မြေတစ်ကွက် ပေးထားပါတယ်။
 
မေး –  တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးတဲ့နောက် အစိုးရအဖွဲ့ရဲ့ အောင်မြင်မှုတွေကို ပြောပြပေးပါ။

ဖြေ – တရားဥပဒေ စိုးမိုးမှုအခြေအနေ တိုးတက်လာပါတယ်။ အခြေခံအဆောက်အအုံကဏ္ဍမှာ လမ်း၊ တံတားနဲ့ ရေ၊ လျှပ်စစ်မီး စတဲ့ ဖြည့်ဆည်းမှုအပိုင်းတွေမှာ တိုးတက်မှုတွေ ရှိလာပါတယ်။ ဆေးရုံတွေ၊ ကျောင်းတွေ ဆောက်ခဲ့တယ်။ နောက် ၅ နှစ်နဲ့ ၁ဝ နှစ် ရည်မှန်းချက်ကတော့ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ လူငယ်ပညာတတ်တွေ ပိုများလာစေဖို့ ကလေးအားလုံး အခြေခံပညာပြီးမြောက်ဖို့ ရည်မှန်းထားပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်လို့လည်း ကျွန်တော် ဝန်ကြီးချုပ် ဖြစ်ပြီးတဲ့နောက်ပိုင်း အထည်ချုပ်စက်ရုံ ၄ ရုံ တည်ဆောက်ပြီးပါပြီ။ ၁ ရုံစီမှာ ဝန်ထမ်း ၂,ဝဝဝ စီ အလုပ်ပေးနိုင်ပါတယ်။
 
မေး – ရွေးကောက်ပွဲဝင်မယ်ဆိုတော့ မဲဆန္ဒရှင်တွေကို ဘာပြောချင်ပါသလဲ။

ဖြေ –  ကျွန်တော့်ရဲ့ပထမဦးစားပေးကတော့ တရားဥပဒေစိုးမိုးရေး၊ ဒုတိယဦးစားပေးကတော့ ပညာတတ်တွေပေါ်ထွန်းရေးနဲ့ အလုပ်အကိုင်ဖန်တီးပေးရေးတို့ဖြစ်ပြီး နောက်တစ်ချက်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။     ။

Show More

Related Articles

Back to top button