ရွေးကောက်ပွဲ

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကိုယ်တိုင် ကြိုတင်မဲပေး

တပ်မတော်အစိုးရ ထိပ်တန်းခေါင်းဆောင် ၆ ဦးနေထိုင်ရာ နေပြည်တော်ရှိ ခြောက်လုံးတန်းအိမ်ရာအတွင်း ယနေ့ (နိုဝင်ဘာ ၆) တွင် ကြိုတင်မဲလိုက်လံကောက်ခံခဲ့ရာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်တို့ ကိုယ်တိုင် ကြိုတင်မဲပေးခဲ့ကြကြောင်း ပုဗ္ဗသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစန်းလွင်က ပြောကြားသည်။ 

“ကျန်းမာရေးကောင်းပါတယ်။ ကိုယ်တိုင်တံဆိပ်တုံးထုပြီး ကိုယ်တိုင်မဲပေးတာပါ” ဟု ဦးသန်းရွှေ၏ နေအိမ်သို့ ကိုယ်တိုင် ကြိုတင်မဲသွားယူခဲ့သူ ဦးစန်းလွင်က ပြောသည်။ 

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီး ဦးသိန်းစိန်ဦးဆောင်သော စစ်ဗိုလ်ချုပ်ကြီးဟောင်းများ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရထံ အာဏာလွှဲပြီးချိန်မှစ၍ အများပြည်သူမြင်ကွင်း ထွက်လေ့မရှိသော အသက် ၈၈ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် နေအိမ်မှနေ၍ ကိုယ်တိုင်ဆန္ဒမဲပေးခဲ့သော်လည်း နေအိမ်ခြံဝ၌ ထားရှိသည့် မဲပုံးသို့ မဲလက်မှတ်ပါသည့် စာအိတ်ကို လာရောက်ထည့်ခဲ့ခြင်း မရှိပေ။ 

ဗိုလ်ချုပ်မှူးကြီးဟောင်းနှင့် ဇနီးတို့၏ မဲလက်မှတ်ပါ စာအိတ်များကို ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းထွေးက နေအိမ်အတွင်းမှ ယူဆောင်လာပြီး ဆန္ဒမဲပုံးအတွင်းသို့ ထည့်ပေးခဲ့ရခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်း၌ပင် ခြောက်လုံးတန်းအိမ်ရာ၌ နေထိုင်သူ သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဇနီးသည်လည်း ကြိုတင်မဲပေးခဲ့ကြပြီး အောက်တိုဘာ ၂၉ ရက်တွင် မဲရုံသို့ ကိုယ်တိုင်သွားရောက်ကာ ကြိုတင်မဲပေးခဲ့သူ သူရဦးရွှေမန်းမှအပ စစ်ဗိုလ်ချုပ်ကြီးများ၏ ကြိုတင်မဲကို ယနေ့အပြီးကောက်ခံမည်ဟု ကော်မရှင်တာဝန်ရှိသူက ပြောသည်။ 

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ညောင်ပင်ကြီးစုကျေးရွာအုပ်စုရှိ မဲရုံအမှတ် ၂ ၌ မဲပေးရမည့် မဲဆန္ဒှရှင်စာရင်းတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏နေအိမ် (A -1) မှ ၁၆ ဦး၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၏ နေအိမ် (A-2) မှ ၆ ဦးပါဝင်သည်။

ထို့အတူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦရွှေမန်းနေအိမ် (A-3) မှ ၂၃ ဦး၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရတင်အောင်မြင့်ဦး၏ နေအိမ် (A-5) မှ ၁၁ ဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၏ နေအိမ် (A-6) မှ ၅ ဦး ပါဝင်သည်ကို တွေ့ရှိရသည်။

လူပေါင်း ၁၈၄ဦး မှားယွင်းပါဝင်နေ၍ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ဒုတိယပတ်တွင် ပြန်လည်ပြင်ဆင်ခဲ့ရသည့် သမ္မတဟောင်းဦးသိန်းစိန်၏ နေအိမ် (A-4)လိပ်စာဖြင့် မဲပေးသူ မည်မျှရှိသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုဗ္ဗသီရိမဲဆန္ဒနယ်အတွင်း ပြည်သူ့လွှတ်တော်နေရာတွင် ပြိုင်ဘက်ဟောင်းများဖြစ်ကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်(ခ)မောင်တင်သစ်တို့ အဓိကပြိုင်ဆိုင်ရဖွယ်ရှိသည်။

အဆိုပါမဲဆန္ဒနယ်၏ အမျိုးသားလွှတ်တော်နေရာတွင်လည်း ပြိုင်ဘက်ဟောင်းများဖြစ်သည့် ပြည်ခိုင်ဖြိုးမှ ဦးခင်မောင်ဌေးနှင့် NLD မှ လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေတို့ ထပ်မံ ထိပ်တိုက်တွေ့ဆုံနေသည်။

Show More

Related Articles

Back to top button