အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NLD ကို အပြီးတိုင်ချေမှုန်းရေး စစ်တပ်ကြိုးပမ်းနေပြီဟု ပါတီတာဝန်ရှိသူများဆို

အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ မသွားခင် ရက်ပိုင်းအလိုတွင် NLD ပါတီ၏ ရုံးချုပ်နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင် စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ၊ ဆိုင်းဘုတ်များ ဖယ်ရှားခံရသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းမပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဌာနချုပ်တွင်တည်ရှိသည့်  ပါတီအမှတ်တံဆိပ်များကို ပြီးခဲ့သည့် စနေနေ့တွင် စစ်တပ်က ဖယ်ရှားခဲ့သည်။  ယခုလုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကို မြေပေါ်နိုင်ငံရေးမှ အပြီးတိုင်ဖယ်ရှားရေးအတွက် စစ်တပ်၏ကြိုးပမ်းမှုဟု ပါတီထိပ်သီးတာဝန်ရှိသူများက ပြောကြားသည်။

ငါးထပ်မြင့်သည့် NLD ဌာနချုပ်၏ အပေါ်ဆုံးထပ် လူမြင်ကွင်းတွင် ရှိနေသော ‘ခွပ်ဒေါင်းပုံ’ ပါတီအမှတ်တံဆိပ် နှင့် ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ဟု ရေးသားထားသော ဆိုင်းဘုတ်သည် ဇွန်လ ၁၃ရက်၊ နံနက်အစောပိုင်းက ဖယ်ရှားခံခဲ့ရသည်။

ပါတီအမှတ်တံဆိပ်များဖယ်ရှားခံခဲ့ရသည့် NLD ဌာနချုပ်။ (ဓာတ်ပုံ- EPA၊ Myanmar Now)

လူခြေတိတ်ချိန်တွင် ဖယ်ရှားခံရသဖြင့် မည်သူ့လက်ချက်ဖြစ်ကြောင်း သက်သေအတိအကျ မရှိသော်လည်း စစ်ခေါင်းဆောင်အဆက်ဆက်၏ NLD အလုံးစုံပြိုကွဲရေးလမ်းစဉ် ဖြစ်သည်ဟု ပါတီတာဝန်ရှိသူများက စွပ်စွဲပြောဆိုသည်။

“ရုံးချုပ်ကို စကိုင်ပြီဆိုတော့ တော်တော်ကြီးကို သတိထားရမယ့် အနေအထားရောက်နေပြီ။  သူတို့အနေအထားက အဖွဲ့ချုပ်အပေါ်မှာ တော်တော်ကြီးတဲ့ ဆူးငုတ်လိုဖြစ်နေပုံရတယ်” ဟု ပြည်တွင်းရှိ အမည်မဖော်လိုသူ ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပါတီဌာနချုပ်တွင် နောက်ဆုံးနေထိုင်ခဲ့သော NLD ဗဟိုကော်မတီဝင် ဦးဘမျိုးသိန်း၊ NLD ပါတီ ရခိုင်ပြည်နယ်ဒုက္ကဋ္ဌ ဦးစိုးလေး၊ ရခိုင်ပြည်နယ် လူငယ်အဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့ သုံးဦးကို ၂၀၂၁ ခုနှစ် မေလ ၈ ရက်တွင် စစ်တပ်က လာရောက်ဖမ်းဆီးပြီးကတည်းက ပါတီရုံးကိုသော့ခတ်ထားသည့်အတွက် ရုံးအတွင်းသို့ ပါတီနှင့်သက်ဆိုင်သူ တစ်ဦးတစ်ယောက်မျှ ဝင်ထွက်ခွင့် မရှိပါ။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် ခြံတံခါးထိပ် တွင် ချိတ်ဆွဲထားသော  ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့် ဆိုင်းဘုတ်တစ်ခုလည်း ပါတီရုံးချုပ်ဖြစ်စဉ်အပြီး နောက်တစ်ရက်အကြာ ဇွန်လ ၁၄ ရက် ညပိုင်းတွင် ဖယ်ရှားခံလိုက်ရသည်ဟု သိရသည်။  

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အဝင် ခြံတံခါးထိပ်တွင် ယခင်က တည်ရှိခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံနှင့် ‘လူထူနဲ့တိုင်းပြည်ရဲ့မျက်နှာကိုထောက်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်ကြ’ ဟူသည့် ဗိုလ်ချုပ်ပြောကြားချက် စာသားပါ ဆိုင်းဘုတ်မရှိတော့သည်ကို တွေ့ရသည်။

မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ လက်ချက်ဖြစ်ကြောင်း တိတိပပ မသိရသော်လည်း လုံခြုံရေးတင်းကျပ်ထားပြီး ရဲကင်းတစ်ခု ချထားသည့် အိမ်ရှေ့တွင် အထက်ပါအတိုင်း ဖယ်ရှားခံရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အဝင် ခြံတံခါးထိပ်တွင် ယခင်က တည်ရှိခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံနှင့် ‘လူထူနဲ့တိုင်းပြည်ရဲ့မျက်နှာကိုထောက်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်ကြ’ ဟူသည့် ဗိုလ်ချုပ်ပြောကြားချက် စာသားပါ ဆိုင်းဘုတ်မရှိတော့သည်ကို တွေ့ရသည်။ (ဓာတ်ပုံ – Myanmar Now) 

အငြင်းပွားဖွယ် ၂၀၂၅-၂၆ ရွေးကောက်ပွဲမှတဆင့် ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူးခန့်အပ်ထားသည့် ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ မသွားခင် ရက်ပိုင်းအလိုတွင် NLD ပါတီ၏ ရုံးချုပ်နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင် တည်ရှိသည့် ဓာတ်ပုံ၊ ဆိုင်းဘုတ်များ ဖယ်ရှားခံရခြင်းလည်း ဖြစ်သည်။

ယခုလုပ်ရပ်သည် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က မအောင်မြင်ခဲ့သည့် နည်းလမ်းဟောင်းကို ပြန်သုံးနေခြင်းဖြစ်ပြီး၊ NLD ပါတီကို အပြီးတိုင်ချေမှုန်းချင်သည့်လုပ်ရပ်ဟု ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့် က ပြောသည်။

“သေချာတာပေါ့၊ ဆိုင်းဘုတ်တွေ လိုက်ဖြုတ်ချတာနဲ့ NLD မရှိတော့ဘူး လုပ်ပြချင်တာ” ဟု ဦးအောင်ကြည်ညွန့်က Myanmar Now ကို စာဖြင့်ဖြေကြားသည်။

“ဦးသန်းရွှေတုန်းက ချေ(မှုန်း)မရတာသိတာနဲ့ ပြင်ဆင်နိုင်ခဲ့တယ်။ မင်းအောင်လှိုင်ကတော့ ထွက်ပေါက်မရှိ ကိုယ့်ဟာကိုယ်ပိတ်မိနေတဲ့ အရူးလိုဖြစ်နေတော့ အရူးလိုလုပ်ကွက်တွေနဲ့ပဲ ဇာတ်သိမ်းဖို့ရှိတာပဲ”

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင် စတင်တည်ထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံးပါတီအဖြစ် ၁၉၉၀၊ ၂၀၁၅နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် သုံးကြိမ်ဆက်တိုက် လူထုထောက်ခံမှု အများဆုံးရရှိခဲ့သော နိုင်ငံရေးပါတီ ဖြစ်သည်။

နှစ်ပေါင်း ၄၀ နီးပါး NLD ကို လူထုထောက်ခံမှုအများဆုံးရရှိနေခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဟု စစ်အာဏာရှင်ခေတ်အဆက်ဆက်တွင် အသိအမှတ်ပြုထားပြီး၊ ပါတီပျက်သုဉ်းရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်။

ယခင် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် သန်းရွှေလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သုံးကြိမ်၊ စုစုပေါင်း ၁၅ နှစ်ခန့် ချုပ်နှောင်ထားပြီး ပါတီနှင့် ခေါင်းဆောင်ကို အဆက်ဖြတ်ခဲ့သည်။

၁၉၈၈ အာဏာသိမ်းခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်ကလည်း ‘NLD ကင်းစင်ရေး’ စီမံချက်ဖြင့် ပါတီဆိုင်းဘုတ်များကို ဖယ်ရှားဖျက်ဆီးခြင်း၊ ပါတီဝင်များကို အတင်းအကျပ် နုတ်ထွက်ခိုင်းခြင်း၊ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထောင်ချခြင်း စသည့် နည်းလမ်းများဖြင့် ကြိုးပမ်းခဲ့သည်။

သို့သော် NLD ရှင်သန်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့ဝင်များကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က မတရား ဖမ်းဆီးခဲ့သည်။

အာဏာသိမ်းပြီး ငါးနှစ်ကျော်အကြာ ၂၀၂၅- ၂၀၂၆ ခုနှစ် အငြင်းပွားဖွယ်ရွေးကောက်မှတဆင့်  ၎င်းကိုယ်၎င်း သမ္မတအဖြစ်ခံယူလိုက်ပြီး ရက်ပိုင်းအကြာတွင် ဦးမင်းအောင်လှိုင်က  နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဝင်းမြင့်သည် နိုင်ငံရေးလှုပ်ရှားမှု တစ်စုံတစ်ရာမရှိဘဲ လုံးဝနှုတ်ဆိတ်နေရသည်ကို တွေ့ရသည်။

ကုလသမဂ္ဂ၏ နိုင်ငံအကြီးအကဲများစာရင်းတွင်မူ မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲအဖြစ် ဦးဝင်းမြင့်ကို သမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြု ဖော်ပြထားသည်။ သို့သော် စစ်တပ်ရန်ကြောင့် နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းက သမ္မတဦးဝင်းမြင့်ထံ သွားရောက်တွေ့ဆုံနိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရသည်။

ဦးသန်းရွှေလက်ထက်တွင် နှိပ်ကွပ်မှုများ ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ကျူးလွန်မှုများအတွက် တာဝန်အရှိဆုံး ဦးမင်းအောင်လှိုင် လက်ထက်တွင် NLD အပေါ် ဖိနှိပ်မှုသည် ပိုမိုပြင်းထန်လာသည်ဟု ပါတီတာဝန်ရှိသူများက ပြောကြားသည်။

“အခုဆိုလို့ရှိရင် အရေးကြီးတဲ့ မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့် ဥက္ကဋ္ဌတို့က များသောအားဖြင့် ရှောင်နေရတယ်။ ပေါ်ပေါ်ထင်ထင် မရှိကြတော့ဘူး။ တော်တော်များများ ရှောင်နေရတယ်။ တချို့အိမ်တွေဆိုရင် ချိပ်ပိတ်ခံရတာရှိတယ်။ အခုက တော်တော်ဆိုးတယ်”ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ယခုနှစ် ဇန်နဝါရီလကုန်ထိ ငါးနှစ်အတွင်း NLD မှ လွှတ်တော်အမတ် ၁၄၉ ဦး၊ ပါတီဝင် ၂၈,၈၀ ဦး ဖမ်းဆီးခံထားရသည်။ ယင်းအပြင် လွှတ်တော်အမတ် ရှစ်ဦး၊ ပါတီဝင် ၁၁၈ ဦး သည်လည်း စစ်တပ်လက်ချက်ကြောင့် သေဆုံးခဲ့ရသည်ဟု NLD ပါတီ၏ စာရင်းများအရ သိရသည်။

ထိုစာရင်းမှာ နိုင်ငံတဝန်း မြေပြင်မှ ပါတီဝင်များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် လူ့အခွင့်အရေးမှတ်တမ်း ကောက်ယူရေးအဖွဲ့(HRDT- NLD) က လက်လှမ်းမီသမျှ ကောက်ယူထားသော စာရင်းဖြစ်သည်။

HRDT- NLD က မတ်လအတွင်း ထုတ်ပြန်ထားသည့် စာရင်းအရ ပါတီရုံးချုပ် အပါအဝင် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေးအသီးသီးမှ ပါတီရုံးများ ဖျက်ဆီးခံရမှု ၁၆၇ ကြိမ် ရှိခဲ့ပြီး၊  လွှတ်တော်အမတ်များ အပါအဝင် ပါတီဝင် ၄၆၀ ဦး၏ နေအိမ်ပိုင်ဆိုင်မှုများကို စစ်တပ်က ချိပ်ပိတ်ပစ်ခဲ့သည်ဟု ဖော်ပြထားသည်။

“ပါတီဝင်တွေဟာ အင်နဲ့ အားနဲ့ကို ဖယ်ရှားခံရတဲ့ အနေအထား ဖြစ်သွားတယ်။ ခြိမ်းခြောက်မှုတွေက အပြည့်ရှိတယ်။ ဘယ်လောက်ထိ ခြိမ်းခြောက်မှု ရှိလည်းဆိုရင် အသက်အန္တရာယ်အထိ ခြိမ်းခြောက်မှု ရှိပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ NLD လွှတ်တော်အမတ် ဦးဘိုဘိုဦးက ပြောသည်။

စစ်အာဏာရှင်ခေတ်တစ်လျှောက် အပြင်းထန်ဆုံးသော ၂၀၂၁ အာဏာသိမ်းစစ်တပ်၏ ဖိနှိပ်မှုမျိုးစုံ ရှိနေသော်လည်း ပါတီ၏ အနာဂတ်အပေါ်ကို ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောကြသည်။

“ပြည်သူရှိရင် ပါတီရှိမှာပဲ” ဟု ဦးအောင်ကြည်ညွန့်က ဆိုပြီး၊ ဦးဘိုဘိုဦးကလည်း ယခင်က NLD ကင်းစင်နယ်မြေများ ဖန်တီးခဲ့သော်လည်း NLD သည် ပြည်သူနှင့်အတူ ပြန်လည်ရှင်သန်လာခဲ့ကြောင်း ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း NLD ရုံးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် စိုက်ထူထားသည့် ဓာတ်ပုံ၊ ဆိုင်းဘုတ်များ ဖယ်ရှားခံရမှုသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အတွက် ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီအရေးလှုပ်ရှားသူများက ကြိုတင်ပြင်ဆင်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် မွေးနေ့ရှင် သက်ရှိထင်ရှားရှိနေသေးကြောင်း ပြသရန် ‘Proof of Life’ ဟု အမည်ပေးထားသည့် လှုပ်ရှားမှုများကို သားဖြစ်သူ ကင်မ်(ခေါ်) ကိုထိန်လင်း ဦးဆောင်ကာ နိုင်ငံအသီးသီးတွင် ပြုလုပ်နေကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button