ရွေးကောက်ပွဲ

တစ်နိုင်ငံလုံး ဝင်ပြိုင်မည့်ပါတီအဖြစ် နှင်းဆီပါတီ ပြန်လည်မှတ်ပုံတင်

ထောင်ပြေးမှု၊ ငွေကြေးခဝါချမှုတို့ဖြင့် ပါတီဥက္ကဋ္ဌ ထောင်ကျနေသည့်အပြင် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီမှ လူဟောင်းများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအဖြစ် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်လျှောက်ထားလိုက်ပြီဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက နှင်းဆီပါတီအဖြစ် လူသိများခဲ့သည့် ဖျက်သိမ်းခံ United Democratic Party (UDP) ပါတီကို ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party) အဖြစ် ယခုလ ၉ ရက်က မှတ်ပုံတင်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

နှင်းဆီပါတီမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိတ်ပါဝင်စားသူ ၂၅ ဦး ဦးဆောင်ကာ နိုင်ငံရေးပါတီသစ်အဖြစ် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးရဲနိုင်ထွန်းက Myanmar Now ကို ယနေ့ (ဖေဖော်ဝါရီ ၁၃) ပြောသည်။​

“Founder (တည်ထောင်သူ) ၂၅ ဦးထဲမှာ အကုန်လုံးနီးပါးကတော့ နှင်းဆီပါတီက လူဟောင်းတွေပါပဲ”

ပါတီသစ်အဖြစ် မှတ်ပုံတင်လျှောက်ထားရာတွင် ပြည်ထောင်စုတစ်ဝန်းလုံး သဘောသက်ရောက်စေရန် ပါတီအမည်တွင် Union ဆိုသော စကားလုံးကို Democracy (ဒီမိုကရေစီ) နှင့် Development (ဖွံ့ဖြိုးတိုးတက်မှု) ဆိုသော  စကားလုံးများဖြင့် တွဲစပ်ကာ အမည်နှစ်ခုဖြင့် တင်ထားကြောင်းလည်း ဦးရဲနိုင်ထွန်းက ရှင်းပြသည်။

“ခုဟာက Union Democracy Party နဲ့ Union Development Party လို့ နှစ်ခုတင်ပေးထားပါတယ်။ UEC က ဘာနဲ့ ပြန်ကျမယ်တော့ မသိဘူး”

လက်ရှိတွင် ပါတီဝင်အင်အား သုံးသိန်းခွဲနီးပါးရှိပြီး ထောင်ကျနေသည့် ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်၏ မူဝါဒများအတိုင်း ဆက်လက်လှုပ်ရှားသွားမည်ဟု သိရသည်။ ထို့ပြင် ပါတီအမှတ်တံဆိပ်ကိုလည်း နှင်းဆီပန်းပွင့်နှင့် သစ်ရွက်တစ်ခြမ်းပုံကို ဆက်လက် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးနေရာကို ရွေးချယ်ထားခြင်း မရှိသေးကြောင်းလည်း သိရသည်။

“သူဦးဆောင်ခဲ့တဲ့ပါတီ။ ဒါပေမဲ့ သူ့ရဲ့မူဝါဒတွေ သူ့ရဲရည်ရွယ်ချက်တွေ ကြိုက်တဲ့ ပြည်နယ်တိုင်းကလူတွေအားလုံးက ပြန်ပြီး စုဖွဲ့ပြီးတော့ လုပ်တဲ့သဘောပဲ” ဟု ဦးရဲနိုင်ထွန်းက ပြောသည်။

နှင်းဆီပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်အား မန္တလေးရှိ တရားရုံးတစ်ခုတွင် ၂၀၂၀ ခုနှစ်က ရုံးထုတ်နေပုံ။ (Myanmar Now)

သို့သော် ပါတီတည်ထောင်သူများကြား ဆွေးနွေးဆဲဖြစ်ကြောင်း၊ အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း၊ အင်းစိန်ထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်နှင့် မဆက်သွယ်ရသေးကြောင်း ၎င်းက ဆိုသည်။

“ဦးကျော်မြင့်က အကျဉ်းကျခံနေရတဲ့အတွက် ပါတီမှာ ဘာမှ ဝင်ရောက်စွက်ဖက်လို့မရလို့ သူ့ကိုတော့ ဘာမှ မဆက်သွယ်ဖြစ်သေးပါဘူး။ အားလုံးကတော့ ပါတီမှာရှိတဲ့သူတိုင်းကတော့ ဦးကျော်မြင့်ကို အမြန်ဆုံး လွတ်မြောက်စေချင်ကြတယ်။ လွတ်မြောက်ရင်တော့ ပြန်ပြီး ပူးပေါင်းရင်လည်း ပူးပေါင်းမယ်။ အဲဒါတော့ ဦးကျော်မြင့်ရဲ့သဘောပါ” ဟု ဦးရဲနိုင်ထွန်းက ပြောသည်။

နှင်းဆီပါတီမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေစဉ် ပါတီဥက္ကဋ္ဌ၏ ထောင်ပြေးမှု ပေါ်ပေါက်လာပြီးနောက် နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးခံရကာ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည်။

ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည်လည်း ထောင်ပြေးမှုအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ငွေရေးကြေးရေးဥပဒေတို့ဖြင့် ဖမ်းဆီးအရေးယူခံရပြီး ရန်ကုန် အင်းစိန်ထောင်၌ လက်ရှိအချိန်ထိ အကျဉ်းကျခံနေရသည်။

နှင်းဆီပါတီလူဟောင်းများက စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားလိုက်သည့် ‘ပြည်ထောင်စုဒီမိုကရေစီပါတီ’ အမည်မှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက တည်ရှိခဲ့သော နိုင်ငံရေးပါတီတစ်ခု၏ အမည်ဖြစ်သော်လည်း ဆက်စပ်မှု မရှိဟု ဦးရဲနိုင်ထွန်းက ပြောသည်။

“ဆက်စပ်မှု မရှိပါဘူး။ အခုစုဖွဲ့ထားတဲ့သူတွေကလည်း အရင်နှင်းဆီပါတီ လူဟောင်းတွေချည်းပဲ”

နှင်းဆီပါတီလူဟောင်းများက မှတ်ပုံတင်လျှောက်ထားသည့် ပြည်ထောင်စုဒီမိုကရေစီပါတီနှင့် မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းထားသည့် ပါတီငါးခုခန့်ရှိပြီး ပါတီမှတ်ပုံတင်ပြီးမှသာ ဆက်လက်ဆွေးနွေးရန် စီစဉ်ထားသည်ဟု ဦးရဲနိုင်ထွန်းထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဦးဖြိုးမင်းသိန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးသည့် ပြည်ထောင်စုဒီမိုကရေစီပါတီမှာ မဲဆန္ဒနယ် သုံးခုပင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသဖြင့် ၂၀၂၀ ဇူလိုင်လတွင် ဖျက်သိမ်းခံခဲ့ရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီလေးခု ရှိသည်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီတို့က ပါတီအဖြစ် ဆက်လက်ရပ်တည်လိုကြောင်း လျှောက်ထားခြင်းဖြစ်ကာ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုဒီမိုကရေစီပါတီတို့က နိုင်ငံရေးပါတီသစ်အဖြစ် လျှောက်ထားခြင်းဖြစ်သည်။

စစ်ကောင်၏ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီသည် ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံတစ်ဝန်းတွင် ရုံးခန်းပေါင်း ၁၆၀ ကျော် ဖွင့်လှစ်ရမည်ဖြစ်ကာ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်တစ်သိန်း စုစည်းရမည်ဖြစ်သည်။

နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံတော်လှန်မှုများနှင့်အတူ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသေးကြောင်း အကြောင်းပြချက်ဖြင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီသက်တမ်းကို ခြောက်လတိုးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button