ဆောင်းပါးရွေးကောက်ပွဲ

နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေသစ်နှင့် စစ်ကျွန်ပြုရေး စီမံကိန်း 

ဇန်နဝါရီ ၂၃ က နေပြည်တော်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ထိုဥပဒေဆိုသည်ကို ၎င်း၏ အမိန့်ဖြင့်ပင် ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်တပ်က အသစ်ပြဋ္ဌာန်းလိုက်သည့် ပါတီမှတ်ပုံတင်ဥပဒေအသစ်အရ နိုင်ငံရေးပါတီများစွာ ဖျက်သိမ်းခံရနိုင်ခြေရှိပြီး တိုင်းရင်းသားပါတီများမှာလည်း ၎င်းတို့အခြေစိုက်ရာ ပြည်နယ်များတွင်သာ ရပ်တည်နိုင်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

အာဏာသိမ်းစစ်တပ်၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအသစ်မှာ စစ်အာဏာရှင်ဟောင်း သန်းရွှေ၏ ဥပဒေထက်ပင် ဖိနှိပ်မှုများစွာရှိနေပြီး နိုင်ငံရေးပါတီပေါင်းများစွာ ဖျက်သိမ်းခံရနိုင်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု လေ့လာသူများက သုံးသပ်သည်။

ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ (၂၅) အရ ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင်ရန် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး မလျှောက်ထားပါက ပါတီဖျက်သိမ်းခြင်း ခံရမည်ဖြစ်သည်။

စစ်တပ်၏ အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သော မည်သည့်ပါတီနှင့်မဆို လက်တွဲလုပ်ဆောင်သွားမည်ဟု NLD ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က Myanmar Now ကို ဖြေကြားထားသည်။

“ကျွန်တော်တို့က ရွေးကောက်ပွဲလို့တောင် မသုံးချင်ပါဘူး။ သူ့မှာ လုပ်ပိုင်ခွင့်မရှိတဲ့ အတုအယောင် တရားမဝင်ရွေးကောက်ပွဲကို လုပ်ကြံဖန်တီးပြီးတော့ ဆောင်ရွက်ဖို့အတွက် ကြိုးပမ်းနေတယ်ဆိုတာ ပြည်သူတွေရော နိုင်ငံတကာကရော သိရှိပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“ဘယ်စစ်အာဏာရှင် အဆက်ဆက်ကပဲ ဖြိုဖျက်ချင်၊ ဖြိုဖျက်ချင်၊ ဖြိုဖျက်ခဲ့၊ ဖြိုဖျက်ခဲ့ ဘယ်တော့မှ ကျွန်တော်တို့ ပျက်သွားမှာ မဟုတ်ဘူး။ ပြည်သူထောက်ခံနေသရွေ့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တည်ရှိနေမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်”

ပြည်ထောင်စုအဆင့် ပါတီတည်ထောင်ရန် အခက်အခဲ

ယခုဥပဒေ ပုဒ်မ (၅) (စ) အရ နိုင်ငံရေးပါတီများကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်ဟူ၍ ခွဲခြားသတ်မှတ်ထားပြီး ပြည်ထောင်စုအဆင့်နိုင်ငံရေးပါတီတစ်ခု တည်ထောင်နိုင်ရန် ပုဒ်မများစွာဖြင့် တင်းကျပ်ထားသည်။

ပြည်ထောင်စုတစ်ဝန်းလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်မည့် နိုင်ငံရေးပါတီများသည် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ တစ်သိန်း စည်းရုံးမည့် ဝန်ခံချက်၊ ပါတီရန်ပုံငွေ သိန်း ၁၀၀၀ ရှိရမည်၊ ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းပေါင်း ၁၆၀ ကျော် ဖွင့်ရမည့် ဝန်ခံချက်၊ မဲဆန္ဒနယ် ၆၀၀ ကျော် အနည်းဆုံး ဝင်ရောက်ယှဉ်ပြိုင်ရမည့် အချက်များ ပါဝင်သည်။

“ပြည်ထောင်စုအဆင့်အတွက် ကန့်သတ်ချက်တွေက ကြံ့ဖွံ့နဲ့ သူတို့ရဲ့အထောက်အပံ့ခံကလွဲရင် ကျန်တဲ့ ပြည်သူကို မျက်နှာမူတဲ့ပါတီတွေ တက်မလာနိုင်အောင် ပိတ်ပင်ထားတာပဲ။ ပြည်သူကို မျက်နှာမူတဲ့၊ ပြည်သူထောက်ခံမှုရှိတဲ့ပါတီတွေကို ဖျက်သိမ်းဖို့လုပ်တဲ့ မသမာတဲ့အကြံအစည်ဖြစ်တယ်” ဟု NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်လည်းဖြစ်ပြီး ဥပဒေရေးရာများတွင် လွှတ်တော်တွင်း၌ ပါတီကို ကိုယ်စားပြု၍ ထိပ်တန်းမှ ပါဝင်ခဲ့သူ ဦးအောင်ကြည်ညွန့်က ဆိုသည်။

ဥပဒေပြုပိုင်ခွင့်မရှိသည့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းသည့်အတွက်လည်းကောင်း၊ ဥပဒေတစ်ရပ်တွင် ရှိသင့်ရှိထိုက်သည့် တရားမျှတမှု မပါဝင်သည့်အတွက်လည်းကောင်း ဥပဒေဟု ခေါ်ဆို၍မရကြောင်း ၎င်းက Myanmar Now ကို ပြောကြားသည်။

စစ်တပ်၏ ခြေလှမ်းသစ်မှာ တိုင်းရင်းသားနိုင်ငံ​ရေးပါတီများကို ပြည်ထောင်စုအဆင့်တွင် ဝင်ရောက် မယှဉ်ပြိုင်နိုင်အောင် ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က သုံးသပ်သည်။

“တိုင်းရင်းသားပါတီတွေက ကိုယ့်ပြည်နယ်ထဲမှာ လုပ်နိုင်ကိုင်နိုင်အုံးတော့ ကိုယ့်ပြည်နယ်နဲ့ နီးစပ်တဲ့ ပြည်နယ်သို့ မဟုတ် တိုင်းတစ်ခုခုမှာ ကိုယ့်လူမျိုးကို အခြေခံပြီးတော့ မဲထည့်ကြမယ့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေတောင်မှပဲ ကိုယ့်ပါတီ ကိုယ်စားပြုပြီးတော့ ရွေးချယ်ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးရမယ့် အနေအထားမျိုး ရောက်သွားပါတယ်” ဟု သူက ပြောသည်။

ယခင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေအဟောင်းတွင်မူ ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် ကန့်သတ်ချက်မရှိဘဲ မည်သည့်နိုင်ငံရေးပါတီမဆို ရွေးကောက်ပွဲကော်မရှင်တွင် ပါတီဝင် ဦးရေ ၁၀၀၀ နှင့် ပါတီမှတ်ပုံတင်ငွေ ၅ သိန်းသာ သတ်မှတ်ထားရာ အဆများစွာ ကွာဟနေသည်။

အခြားတိုင်းရင်းသားများနည်းတူ ရခိုင်တိုင်းရင်းသားများမှာ နိုင်ငံအနှံ့တွင် ရောက်ရှိနေရာ ရခိုင်အမျိုးသားပါတီ (ANP) သည်လည်း တစ်နိုင်ငံလုံးတွင် စည်းရုံးလှုပ်ရှားခဲ့သည်။ စစ်ခေါင်းဆောင်တို့ ကန့်သတ်ချက်သစ်အရဆိုလျှင် ပါတီလှုပ်ရှားနိုင်သည့် နယ်မြေကျဉ်းသွားသည်ဟု ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံတစ်နိုင်လုံးကို စည်းရုံးပြီးတော့ ရပ်တည်ဆောင်ရွက်လို့ မရနိုင်တဲ့ အခြေအနေရှိတယ်။ ဒါကြောင့် ရခိုင်အမျိုးသားပါတီဟာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ စည်းရုံးလှုပ်ရှားဖို့အတွက် လုံးဝအခက်အခဲ၊ အကျပ်အတည်းဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဥပဒေသစ်မှာ နိုင်ငံရေးပါတီများ လျော့ကျသွားစေရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ဒေသတွင်း ယှဉ်ပြိုင်မည့် ပါတီများအတွက် ထိခိုက်မှုမရှိဘဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာ ယှဉ်ပြိုင်မည့် ပါတီများအတွက် အခက်အခဲဖြစ်စေသည်ဟု ၎င်းက သုံးသပ်သည်။

“တစ်ချို့နိုင်ငံရေးပါတီတွေကကျတော့ ရွေးကောက်ပွဲ မဝင်လိုတဲ့သဘော တွေ့ရှိတဲ့အတွက်ကြောင့် အဲဒီပါတီတွေလည်း အလိုလိုပျက်ပြယ်သွားအောင်အတွက် လုပ်ဆောင်လိုက်တဲ့ အခြေအနေမျိုးလည်း ရှိနိုင်တယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံရေးပါတီ ၃၄ ခု၏ ခေါင်းဆောင်များက ၂၀၂၀ ဩဂုတ်တွင် စစ်တပ်ခေါင်းဆောင်ပိုင်းကို နေပြည်တော်၌ သွားရောက်တွေ့ဆုံစဉ်

(ထိုတွေ့ဆုံပွဲတွင် မင်းအောင်လှိုင်က “ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုအာဏာသိမ်းပြီး ၂ နှစ်အကြာတွင် ထုတ်ပြန်သည့် ဥပဒေသစ်ကြောင့် ထိုပါတီအများစုသည် စိတ်ကူးယဉ်အိပ်မက်များမှ လန့်နိုးသွားပြီဖြစ်သည်။ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက ထိုဥပဒေပါ ကန့်သတ်ချက်များအရဆိုလျှင် ပါတီတချို့ အလိုလိုပျက်ပြယ်သွားစေမည့် အစီအစဉ်ဖြစ်သည်ဟု ပြောသည်)

ပြည်နယ်အဆင့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး

ဥပဒေထုတ်ပြန်ပြီး နောက်တစ်နေ့ နေပြည်တော်အစည်းအဝေးတစ်ခုတွင် စစ်ခေါင်းဆောင်က အာဏာသိမ်းထားသည့် ၂ နှစ်တာအတွင်း နိုင်ငံကောင်းကျိုးနှင့် ဖွံ့ဖြိုးရေးလုပ်ခဲ့သည်ဟု ပြောသည်။

“ပါတီစုံဒီမိုကရေစီစနစ် ဆောင်ရွက်နေခြင်းကို စစ်တပ်က သဘောတူသဖြင့် ဆက်လုပ်သွားမည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် နိုင်ငံရေးရည်မှန်းချက်ဖြစ်သည်” ဟု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ပြောကြောင်း စစ်ကောင်စီသတင်းစာများတွင် ရေးထားသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးပြိုင်မည့် ပါတီများကို အကြီးအကျယ်ကန့်သတ်ထားသော်လည်း ပြည်နယ်နှင့် တိုင်းအဆင့် လွှတ်တော်များအတွက်သာ ဝင်ပြိုင်မည့် ပါတီများမှာ ရန်ပုံငွေ သိန်း ၁၀၀၊ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ၁၀၀၀ ကျော်နှင့် ရက်ပေါင်း ၁၈၀ အတွင်း မြို့နယ်ရုံး ၅ ရုံးဖွင့်မည့် ဝန်ခံချက်တို့ ရှိရန်၊ မဲဆန္ဒနယ် ၁ နေရာ အနည်းဆုံးယှဉ်ပြိုင်ရန် အချက်များဖြင့် ဖြေလျှော့ပေးထားသည်ကို တွေ့ရသည်။

ဥပဒေအသစ်မှာ လုံးဝ မျှတမှုမရှိဟု SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။

“ကြံ့ခိုင်ရေးပါတီတစ်ခုတည်းက ပြည်ထောင်စုအဆင့်မှာ လွှမ်းမိုးပြီးတော့ ပြည်နယ်မှာတော့ ခင်ဗျားတို့အချင်းချင်း ကြိုက်သလို လုပ်ကြတော့ဟေ့၊ ပြိုင်ကြတော့ဟေ့ဆိုပြီးတော့ အိုးမဲသုတ်လိုက်တာနဲ့ တူတယ်ဗျ။ ရှင်းရှင်းပြောရရင် ပြည်ထောင်စုအဆင့်သတ်မှတ်ထားချက်နဲ့ ပြည်နယ်အဆင့်သတ်မှတ်ထားချက်က လုံးဝကို မျှတစွာလုပ်မထားဘူးလို့ သုံးသပ်လို့ရပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ထိုဥပဒေအသစ်အရ တိုင်းရင်းသားပါတီများ မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံယှဉ်ပြိုင်နိုင်ရန် ခက်ခဲသွားမည်ဖြစ်ပြီး ပြည်နယ်အခြေစိုက်ပါတီအဖြစ် မှတ်ပုံတင်လိုက်ပါက တိုင်းရင်းသားရေးရာဝန်ကြီးနေရာများကို ဝင်ပြိုင်နိုင်တော့မည် မဟုတ်ဟု စိုင်းလိတ်က ဆက်ပြောသည်။

“ကိုယ့်ရဲ့ လူမျိုးကို ကိုယ်စားပြုပြီးတော့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို သွားရောက်ပြီးတော့မှ ရွေးချယ်ခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဘာလို့ဆိုတော့ အင်အားတစ်သိန်းကလည်း ပြည့်မနေဘူး၊ ပါတီရုံးခန်းကလည်း ပြောက်သောက်ကြီး ဖွင့်မနေနိုင်ကြဘူးဆိုတဲ့အခါကျရင် တခြားအခွင့်အရေးတွေ ဆုံးရှုံးပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားတန်းတူညီမျှရေးအတွက် အချိုးကျကိုယ်စားပြုစနစ် (PR) ကို အကောင်အထည်ဖော်မည်ဟု မကြာခဏ ပြောဆိုလေ့ရှိသည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ သဘောထားအစစ်အမှန်ကို ထုတ်လိုက်သည့် ဥပဒေတွင် ထင်ထင်ရှားရှားတွေ့မြင်နေရသည် ၎င်းက ဆက်ပြောသည်။

“PR နဲ့ အယောင်ပြပြီးတော့မှ တိုင်းရင်းသားတွေကို အခွင့်အရေးပေးသယောင်နဲ့ နောက်ဆုံးကျတော့လဲ ဒီမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနဲ့ ပြန်ပြီးကန့်သတ်ထားလိုက်တဲ့ သဘောလို့ပဲ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲအတွက် ပါတီများထံမှ ကြော်ငြာခ မည်မျှရသည်ကို ၂၀၂၀ ဩဂုတ် ၄ တွင် Facebook က ထုတ်ပြန်ရာ အများဆုံးသုံးထားသည့် ပါတီ ၃ ခုကို ပုံအတိုင်း တွေ့ရသည်။

ပါတီပိုင်ပစ္စည်း သိမ်းဆည်းခံရမည်

ထိုဥပဒေသစ်၏ ပုဒ်မ ၁၉ (က) အရ နိုင်ငံရေးပါတီတစ်ခုသည် မိမိဆန္ဒအလျောက် ဖျက်သိမ်းလျှင်ဖြစ်စေ၊ ဥပဒေအရ မှတ်ပုံတင်ပယ်ဖျက်ခံရလျှင်ဖြစ်စေ၊ ပါတီပိုင်ပစ္စည်းများကို အစိုးရက သတ်မှတ်ပေးထားသည့် ဌာနအဖွဲ့အစည်းများထံ အပ်နှံရမည်ဟု ပါရှိသည်။

ထိုပုဒ်မအရ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီများမှာ ပါတီဖျက်သိမ်းခံရခြင်းသာမက ပါတီပိုင်ပစ္စည်းများပါ သိမ်းဆည်းခံရမည့်အခြေအနေနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ယခင်အာဏာရှင်ဟောင်း သန်းရွှေ ပြဋ္ဌာန်းခဲ့သည့် ဥပဒေဟောင်းတွင် ထိုအချက်ကို ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် NLD ပါတီ၏ အဆောက်အအုံများ၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ခြင်းမရှိပေ။

SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ၂၀၁၀ ပါတီမှတ်ပုံတင်ဥပဒေတွင်လည်း ထိုပုဒ်မမျိုး ပါရှိသော်လည်း လက်တွေ့မလုပ်ဆောင်ခဲ့ကြောင်း၊ အာဏာသိမ်းပြီးနောက် ဖျက်သိမ်းခဲ့သည့် သူရဦးရွှေမန်းပါတီ၏ ပါတီပိုင်ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့ခြင်းမရှိကြောင်း ပြောသည်။

“ဟိုးအရင်တုန်းကလဲ ကျွန်တော်တို့ နေရင်းထိုင်ရင်းနဲ့ ပါတီဖျက်သိမ်းခံခဲ့ရတယ်။ ရပ်စဲခံခဲ့ရတယ်။ ၂၀၁၀ ကာလတုန်းကလည်း ကြုံခဲ့ပြီးသားပါ။ ဒါပေမဲ့ အဲဒီတုန်းကလည်း ကျွန်တော်တို့မှာ ပါတီပိုင်ပစ္စည်း ပါတီပိုင်အဆောက်အအုံ ပြစရာ မည်မည်ရရမရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ ထူးပြီးတော့မှ စိတ်ပူစရာတော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

သို့သော်လည်း ယခင်စစ်အာဏာရှင်ဟောင်းထက် ပိုမိုရက်စက်ကြမ်းကြုတ်သည့် စစ်ခေါင်းဆောင်လက်ထက်တွင် ဘာမဆို ဖြစ်လာနိုင်သည်။

၂၀၁၀ ပါတီမှတ်ပုံတင်ဥပဒေတွင် ထိုပုဒ်မမျိုးပါရှိသော်လည်း NLD ပါတီတွင် ဦးအောင်ရွှေကဲ့သို့ စစ်တပ်ကို ဩဇာလွှမ်းမိုးသည့် ပုဂ္ဂိုလ်များရှိနေ၍ ပါတီပိုင်ပစ္စည်းများကို မသိမ်းဆည်းခြင်း ဖြစ်မည်ဟု ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုသုတဇော်က ပြောသည်။

“အခုအချိန်က ၂၀၁၀ နဲ့ အစစအရာရာ ကွာခြားသွားပြီ။ ပါတီ ပြန်လည်မှတ်ပုံတင်တာ မလုပ်ရင် မင်းအောင်လှိုင်က ပါတီရုံးချုပ်ကို လက်မြန်ခြေမြန် ချိပ်ပိတ် သိမ်းဆည်းနိုင်တယ်” ဟု ၎င်းက ပြောသည်။

NLD ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်မှာ တရားမဝင်သည့် အဖွဲ့အစည်းသာဖြစ်ပြီး ၎င်းတို့ ထုတ်ပြန်သည့် ဥပဒေများ၊ လုပ်ဆောင်ချက်များသည်လည်း ဥပဒေအရ တရားဝင်မည်မဟုတ်ဟု ပြောသည်။

“ကျွန်တော်တို့ပါတီကိုလည်း မတရား ဖျက်သိမ်းချင်ရင် ဖျက်သိမ်း၊ ကျွန်တော်တို့ကတော့ ပြည်သူရှိနေရင် ပါတီရှိနေမှာပဲ ဖြစ်ပါတယ်” ဟု ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button