သတင်း

နိုင်ငံအနှံ့ စစ်ဖြစ်နေချိန် ရွေးကောက်ပွဲ အကြားအလပ်မရှိ လုပ်မည်ဟု မင်းအောင်လှိုင် ထပ်ပြော

နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြင့်တက်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ၏ တစ်ပြိုင်နက် တိုက်ခိုက်ခံနေရချိန်တွင် အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ‘အကြားအလပ်မရှိ’ ကျင်းပမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ပြင်ဦးလွင်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၈) ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၅) သင်တန်းဆင်းပွဲ မိန့်ခွန်းတွင် ပြောသွားခြင်းဖြစ်သည်။ ရွေးကောက်ပွဲကျင်းပမည့် အချိန်ကာလကို စစ်ခေါင်းဆောင်က အတိအကျပြောဆိုခြင်း မရှိသော်လည်း အခြေခံလုပ်ငန်းများ လုပ်ဆောင်နေပြီဟု သူက ဆိုသည်။

“ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် အခြေခံလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်နေပြီ ဖြစ်တာကြောင့် အားလုံးပူးပေါင်းပါဝင်မှသာ မိမိတို့သွားချင်တဲ့ ပန်းတိုင်ကို ဆောလျင်စွာ ရောက်ရှိမှာဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားလိုတယ်” ဟု စစ်တပ်ပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့်သည့် မိန့်ခွန်းတွင် စစ်ခေါင်းဆောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထပ်မံအနိုင်ရခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ အာဏာသိမ်းခဲ့သည့် စစ်တပ်သည် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု အာဏာသိမ်းပြီးစကတည်းက အကြိမ်ကြိမ် ပြောဆိုထားသည်။

အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများမှတစ်ဆင့် လက်နက်ကိုင်တော်လှန်ရေးအထိ ဖြစ်လာသောအခါ အရေးပေါ်ကာလကို သုံးနှစ်ကြာ ဆွဲဆန့်ထားသည်။ 

စစ်ပွဲများနှင့် ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သုံးဖွဲ့ (MNDAA ၊ TNLA ၊ AA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာ ၂၇ တွင် ‘၁၀၂၇ စစ်ဆင်ရေး’ စတင်ဆင်နွှဲပြီးနောက် ယခုအခါ နိုင်ငံအနှံ့တွင် ထိုးစစ်ဆင်ခံနေရသည်။

စစ်သည်အင်အား ပြုန်းတီးမှုများ အပါအဝင် နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်တွင် မကြုံစဖူးအကျပ်အတည်းများနှင့် ကြုံတွေ့နေရချိန်တွင် ရွေးကေက်ပွဲကို အကြားအလပ်မရှိ ကျင်းပမည်ဟူသော မင်းအောင်လှိုင်၏ ပြောဆိုချက်သည် လက်တွေ့နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တုံ့ပြန်သည်။

“မင်းအောင်လှိုင်အနေနဲ့က ထွက်ပေါက်အနေနဲ့ အဘက်ဘက်က ပိတ်လာတာကြောင့် ရွေးကောက်ပွဲကို အကြောင်းပြပြီးတော့ ထွက်ပေါက်ရှာဖို့ကို ကြိုးစားတဲ့သဘောပါ။ ဒါပေမဲ့လည်း သူပြောသလို တစ်နိုင်ငံလုံးအနှံ့မှာ အကြားအလပ်မရှိ ကျင်းပနိုင်ဖို့ဆိုတာ မြေပြင်အခြေအနေအရ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး” ဟု NUG ကာကွယ်ရေးဌာနမှ ပြောခွင့်ရသူ ဦးမောင်မောင်ဆွေက ပြောသည်။

မြန်မာပြည်အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်ရှိ နယ်စပ်မြို့များ၊ ကရင်နီပြည်နယ်ရှိ မြို့တော်လွိုင်ကော်၊ ရခိုင်ပြည်နယ် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံနေရသော စစ်ကောင်စီသည် ပင်မခြေကုပ်စခန်းကြီးများကိုပင် လက်မလွတ်ရရေး ကြိုးပမ်းနေရသည်။

အောက်တိုဘာ ၂၇ က စတင်ပြီး တပ်စခန်း ၂၀၀ ကျော် ဆုံးရှုံးလိုက်ရပြီး တပ်ရင်းတချို့လည်း အစုလိုက်အပြုံလိုက် လက်နက်ချခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့ပေါင်း ၁၀ မြို့ကျော်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

ဝင်ဘာ ၂၈ ရက်က ကုန်ကြမ်းမြို့ကို MNDAA တပ်များ သိမ်းပိုက်အပြီး တွေ့ရစဉ်။ (ဓာတ်ပုံ – The KoKang)

လက်နက်ချမှုများနှင့် တပ်တွင်း အစည်းပြေချိန်

စစ်ခန်းများရာနှင့်ချီ ဆုံးရှုံးခြင်း၊ တပ်ရင်းမှူးများလက်နက်ချခြင်းနှင့် ယင်းလက်အောက်ခံ စစ်သည်အမြောက်အမြား ဆုံးရှုံးနေသည့် စစ်ခေါင်းဆောင်သည် တပ်တွင်းစည်းလုံးရန်လည်း ယနေ့ ဗိုလ်လောင်းသင်တန်းဆင်း မိန့်ခွန်းတွင် အလေးပေး ပြောသွားသည်ကို တွေ့ရသည်။

“တပ်မတော်တစ်ရပ်လုံး စည်းလုံးညီညွတ်မှု ရှိနေရင် မည်သူမျှ တပ်မတော်ကို ထိပါးလို့ မရတဲ့အပြင် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာ ဖြစ်တာကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေး၊ ခိုင်မာသေချာစေဖို့ တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာ တည်ဆောက်ထားဖို့ အလေးအနက်ထား မှာကြားလိုတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

ယခုနှစ်ကျင်းပသည့် စစ်တက္ကသိုလ်ကျောင်းဆင်းပွဲသည် စစ်အာဏာသိမ်းပြီးနောက် သုံးကြိမ်မြောက်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဗိုလ်သင်တန်းဆင်းပွဲနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်သင်တန်းဆင်းပွဲတွင် ဗိုလ်လောင်းအရေအတွက် သိသိသာသာ လျော့နည်းသွားသည်ကို တွေ့ရသည်။

၂၀၂၁ ခုနှစ် သင်တန်းဆင်းပွဲနှင့် ၂၀၂၃ ခုနှစ် သင်တန်းဆင်းပွဲတွင် ဗိုလ်ဦးရေ သိသိသာသာ နည်းသွားသည်ကို တွေ့ရသည်။

အာဏာသိမ်းပြီး နိုင်ငံအနှံ့ တိုက်ပွဲများကြောင့် အင်အားပြုန်းတီးလာသည့် စစ်တပ်အတွင်း တပ်သားသစ်ရရှိရေးမှာ စိန်ခေါ်မှု ကြီးမားနေသည်။ နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးတွင် ထောင်ကျနေသည့် စစ်သားများကို စစ်မှုထမ်းရန် ယခုရက်ပိုင်းအတွင်း ခေါ်ထုတ်နေကြောင်း အကျဉ်းဦးစီးဌာနဝန်ထမ်းများထံမှ Myanmar Now က စုံစမ်းသိရှိရသည်။

ယခုကဲ့သို့ တပ်တွင်းစည်းလုံးမှု အစည်းပြေစပြုနေချိန်တွင် ရွေးကောက်ပွဲအကြောင်းပြ ချွေးသိပ်ခြင်းသာဖြစ်သည်ဟုလည်း NUG ကာကွယ်ရေးဌာန ပြောခွင့်ရသူ ဦးမောင်မောင်ဆွေက ပြောသည်။ 

“ဒါက သူ့ရဲ့ လက်အောက်ခံ စစ်သားတွေကို လိမ်လည်လှည့်ဖျားပြီးတော့ စိတ်ဓာတ်ခွန်အားကို လိမ်ပြီး ပေးတဲ့သဘောပါပဲ။ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့ရှိတယ်။ ရွေးကောက်ပွဲ ကျင်းပပြီးသွားရင်တော့ မင်းတို့ အခုလို မသေတော့ဘူးဆိုတဲ့ သဘော‌ပေါ့” ဟု ပြောသည်။

စစ်ခေါင်းဆောင်နှင့် စစ်အရာရှိတို့၏ မစားရ ဝခမန်း နှုတ်ထွက်စကားများ

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲများဖြစ်ပွားချိန်အတွင်း စစ်သားများက အထက်အရာရှိများထံ တိုက်ရိုက်ဖုန်းဆက်ပြီး အသိပေးနေသည့် အသံဖိုင်များလည်း လူမှုကွန်ရက်တွင် ထွက်ပေါ်လာလေ့ရှိသည်။ 

ထိုအသံဖိုင်များတွင် စစ်စခန်းများကို တော်လှန်ရေးအင်အားစုများ ဝိုင်းနေသည်၊ စခန်းအတွင်း ဝင်ရောက်လာသည်မှအစ လေယာဉ်ပစ်ကူတောင်းသည်အထိ ပါဝင်သည်။ လေယာဉ်ပစ်ကူတောင်းဆိုမှုကို အထက်အရာရှိများက လေယာဉ်တက်လာပြီ တောင့်ခံထားဟု ပြန်လည်ညွှန်ကြားလေ့ရှိသော်လည်း စခန်းကျပြီး၊ ယင်းလက်အောက်ခံတပ်သားများ သေဆုံးသည်အထိ လေယာဉ်ရောက်မလာခဲ့ပေ။

ထိုအခြေအနေတွင် မင်းအောင်လှိုင်သည် ၎င်း၏ စစ်သည်၊ အရာရှိများကို အာပေါက်မတတ် စည်းရုံးရေးဆင်းနေရသည်ဟု စစ်မှုထမ်းသက် နှစ် ၂၀ ခန့်ရှိသည့် ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။

“ကျောင်းဆင်းပွဲတိုင်းမှာ တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးရယ်၊ မဲမသမာလို့ အာဏာသိမ်းလိုက်ရပါတယ်ဆိုတဲ့ သူ့ရဲ့ အရာရှိငယ်တွေကို စကားပလ္လင်ခံပြီးတော့ အပ်ကြောင်းထပ်နေအောင် ရှင်းပြနေရတာကို တွေ့ရပါတယ်။ ဒါကြောင့် သူ့လူတွေကို သူပဲ ပြန်ပြီးတော့ စည်းရုံးနေရတယ်။ သူကိုယ်တိုင်က တပ်တွင်း၊ တပ်ပြင် စည်းရုံးရေး အရေးကြီးတယ်လို့ ပြောနေပေမဲ့ သူ့တပ်တွင်းကို အာပေါက်မတတ် ပြန်စည်းရုံးနေရတယ်” ဟု အာဏာသိမ်းပြီး လပိုင်းအတွင်း စစ်တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် အရာရှိငယ်များနှင့် ထမင်းအတူစားကာ တပ်တွင်းစည်းလုံးမှုရှိစေရန် စည်းရုံးရေးဆင်းနေရသည်။ (ဓာတ်ပုံ − MOI)

စစ်ခေါင်းဆောင်၏ ယနေ့မိန့်ခွန်းတွင် တိုက်ပွဲများသည် အကန့်အသတ်မရှိ အတားအဆီးမဲ့ တိုက်ခိုက်ခံနေရသည်ဟုလည်း ထည့်ပြောသွားခဲ့သည်။

“ခေတ်သစ်စစ်ပွဲတွေဟာ အကန့်အသတ်၊ အတားအဆီးမဲ့ ပုံစံနဲ့ အရပ်မျက်နှာအမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးကနေ ပုံဖော်တိုက်ခိုက်လာတာ ဖြစ်တယ်။ တိုးတက်လာတဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေကြောင့် ပြောင်းလဲသွားမယ့် စစ်ပွဲရဲ့ ပုံစံနဲ့ စစ်ဗျူဟာတွေကို ကြိုတင်မျှော်တွေးထားကြရမယ်” ဟုလည်း စစ်ခေါင်းဆောင်က ဗိုလ်လက်သစ်များကို ညွှန်ကြားသည်။

စစ်ခေါင်းဆောင်သည် အာဏာသိမ်းသည်ကို အာဏာထိန်းသည်ဟု သုံးနှုန်းသည်၊ စစ်တပ်ကိုယ်တိုင် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလကို ၆ လတစ်ခါ ၄ ကြိမ်သာ သက်တမ်းတိုးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော် စစ်ကောင်စီသည် အရေးပေါ်ကာလ ၄ ကြိမ်ပြည့်သည့်အခါ သာမန်အခြေအနေမဟုတ်ဟု ဆိုကာ ထပ်မံ သက်တမ်းတိုးကာ အာဏာရယူထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။ ယခုတစ်ဖန် ရွေးကောက်ပွဲလုပ်ကာ ပြည်သူ့ထံ အာဏာပြန်လည်အပ်နှင်းမည်ဟု ဆိုလာပြန်သည်။

Show More

Related Articles

Back to top button