ရွေးကောက်ပွဲ

စစ်တပ်၏ရွေးကောက်ပွဲအတွက် မှတ်ပုံတင်သူ ၁၃ ပါတီ ရှိလာ

ရွေးကောက်ပွဲဝင်လိုပါက နှစ်လအတွင်း မှတ်ပုံတင်ကြရန် စစ်ကောင်စီက ကြေညာပြီး ရက်ပေါင်း ၃၀ ကျော် အကြာတွင် လျှောက်လွှာတင်သည့် နိုင်ငံရေးပါတီအရေအတွက် ၁၃ ခု ရှိလာသည်ဟု စစ်ကောင်စီ၏ သတင်းစာများက (ယနေ့ ဖေဖော်ဝါရီ ၂၈) တွင် ဖော်ပြထားသည်။

လျှောက်ထားသည့်အထဲတွင် နိုင်ငံအနှံ့ ပြိုင်မည့် ၅ ပါတီ၊ ပြည်နယ်နှင့်တိုင်းအဆင့်သာ ပြိုင်မည့် ၈ ပါတီ ပါဝင်သည်။ ၉ပါတီမှာ အမည်ဟောင်းဖြင့်ဖြစ်ပြီး အမည်သစ်ဖြင့် ၄ ပါတီ ပါဝင်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တို့ကဲ့သို့ စစ်တပ်ထောက်တိုင် နိုင်ငံရေးပါတီများသာမက ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ပေါ်ပေါက်လာသည့် နိုင်ငံရေးပါတီများလည်း မှတ်ပုံတင်ရန်လျှောက်ထားသည်ကို စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ထိုပါတီမှ ခွဲထွက်လာသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီသည်လည်း ပြည်ထောင်စုအဆင့်ပါတီအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်နေသည်။

ဖေဖော်ဝါရီ ၁၈ တွင် ကျင်းပသည့် ပါတီဗဟိုညီလာခံ ဆုံးဖြတ်ချက်အရ ပြည်ထောင်စုအဆင့်ပါတီအဖြစ် မှတ်ပုံတင်မည်ဟု NDF ပါတီ အတွင်းရေးမှူး ဦးနန်းထိုက်ဇော်က ပြောသည်။

“၁၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီဗဟိုညီလာခံကနေပြီးတော့ တစ်နိုင်ငံလုံးမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက် ချပေးတာပေါ့။ ပါတီမှတ်ပုံတင်ဖို့ကတော့ စီစဉ်နေပါတယ်။ အစည်းအဝေး တောက်လျှောက်ထိုင်ပြီးတော့ လုပ်နေပါတယ်” ဟု သူက ပြောသည်။

ပါတီ၏ ဥက္ကဋ္ဌ စစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဦးခင်မောင်ဆွေ ပါတီမှ နုတ်ထွက်သွားခဲ့ပြီး ပါတီဝါရင့်ခေါင်းဆောင်တချို့လည်း NDF ပါတီ ဆုံးဖြတ်ချက်အပေါ် မကျေနပ်၍ နုတ်ထွက်သွားခဲ့သည်။

NDF ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင်၊ အတွင်းရေးမှူး ဦးတိုးတိုး၊ ဗဟိုကော်မတီဝင် ဦးသက်ထွန်းဇော်တို့ အမြင်မတူညီ၍ ပါတီမှ နုတ်ထွက်သွားခြင်းဖြစ်ကြောင်း ဦးနန်းထိုက်ဇော်က ဆက်ပြောသည်။

“သူတို့ သဘောထားကတော့ တိုင်းဒေသကြီးအဆင့်လောက်ပဲ ခြေနိုင်လက်နိုင် ပြိုင်ချင်ကြတယ်ပေါ့ဗျာ။ သဘောထားမတူတော့တဲ့အတွက် အဲ့ဒီလိုဖြစ်သွားတာပါ” ဟု သူက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီကို မဲအပြတ်အသတ်နိုင်ခဲ့သည့် NDF သည် ညတွင်းချင်း မဲရလဒ်ပြောင်းပြန်ဖြစ်သွားသည့် ရွေးကောက်ပွဲမဲမသမာမှုနှင့် ရင်ဆိုင်ခဲ့ရသေးသည်။

ထိုရွေးကောက်ပွဲတွင် ဦးနန်းထိုက်ဇော်သည် မန္တလေးတိုင်း တံတားဦးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နောင်တစ်ချိန်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာမည့် ဒုတိယဗိုလ်ချုပ်ကြီး ဦးတင်အေးကို ရှုံးနိမ့်ခဲ့သည်။

သို့သော်လည်း ဦးနန်းထိုက်ဇော်က ထိုအချိန်က အဖြစ်အပျက်ကို မေ့လိုက်ပြီဖြစ်ပြီး ထိုသို့သော မဲမသမာမှုမျိုးကို စစ်တပ်က ထပ်မံကျူးလွန်မည် မဟုတ်တော့ဟု ဆိုသည်။

“ကျွန်တော် ဆိုလိုတာက လက်ရှိအခြေအနေကိုက ၂၀၂၀ ရွေးကောက်ပွဲ အခင်းအကျင်းကြောင့် ဖြစ်လာတာကိုး၊ သူတို့လည်း ဒီဟာကို ပြောပြီးတော့ ဒီလိုဟာကို ဆက်ပြီး လက်ညှိုးထိုးတော့ မခံလောက်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် ၁၉၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးနှင့် လယ်ယာမြေအရေးဖြင့် အမည်ကျော်ခဲ့သူ NLD အမတ်ဟောင်း မအူပင် ဦးစိန်ဝင်းတို့ကလည်း ပူးပေါင်းပြီး ပြည်ထောင်စုအဆင့်ပါတီတစ်ခုကို တည်ထောင်သွားမည်ဖြစ်သည်။

အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUDP) ကို ရက်ပိုင်းအတွင်း ဖျက်သိမ်းသွားမည်၊ ၈၈ ကျောင်းသားဟောင်း ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ (PP) နှင့် ပေါင်းပြီး တစ်နိုင်ငံလုံးတွင် ဝင်ပြိုင်သွားမည်ဟု ဦးစိန်ဝင်းက ပြောသည်။

“ကျွန်တော့်ဘက်ကတော့ NUDP ကို လုံးဝ ဖျက်မယ်။ ပြီးရင် PP နဲ့ ပေါင်းမယ်။ ဖျက်တဲ့ ကိစ္စကိုတော့ သိပ်မကြာခင်မှာ လုပ်ပါလိမ့်မယ်။ ပြည်ထောင်စုအဆင့်ပါတီ ဖြစ်တဲ့အထိတော့ ကြိုးစားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်တပ်နှင့် နီးစပ်သည့် ဦးအောင်ခမ်းထီ၏ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဒေါက်တာအေးမောင်၏ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရေစီပါတီသစ် (ကချင်) တို့ကဲ့သို့ တိုင်းရင်းသားပါတီများလည်း ပါတီမှတ်ပုံတင် လျှောက်ထားသည်ကိုလည်း တွေ့ရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သပိတ်မှောက်ခဲ့သည့် ၂၀၁ဝ ရွေးကောက်ပွဲတွင် ပါတီမှ ခွဲထွက်သွားသူ ဦးစိုင်းအိုက်ပေါင်း၏ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကိုလည်း အမည်ဆင်တူဖြစ်သည့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအမည်ဖြင့် မှတ်ပုံတင်ထားသည်ကို တွေ့ရသည်။ ပြည်ထောင်စုအဆင့်ပါတီအဖြစ် လျှောက်လွှာတင်သည်ဟု ဆိုသဖြင့် မှတ်ပုံတင်ပြီး ၆ လအတွင်း မြို့နယ်ပေါင်း ၁၆၅ မြို့နယ်ထက်မနည်းတွင် ရုံးခန်းဖွင့်ရမည် ဖြစ်သည်။

ထိုအရေအတွက် ဖွင့်နိုင်ရေး အခြေအနေမပေးသည့် အင်အားစုက ပြည်နယ်၊ တိုင်းအဆင့်ကို ရွေးနိုင်သည်။

ထောင်ပြေးမှု၊ ငွေကြေးခဝါချမှုများဖြင့် ဖမ်းဆီးခံထားရသည့် ဦးကျော်မြင့်ဦးဆောင်ခဲ့သော နှင်းဆီပါတီ ခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)ကို ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP)အဖြစ် အမည်ပြောင်း လျှောက်ထားသည်ကို တွေ့ရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းသည်လည်း ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) အမည်ဖြင့် ပါတီတည်ထောင်ခဲ့ဖူးသည်။ ထိုပါတီမှ နုတ်ထွက်သွားခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်  NLD ပါတီ ကိုယ်စားပြုပြီး လှည်းကူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီအကြံပေး ဦးသိန်းညွန့်၏ အမျိုးသားဒီမိုကရေစီပါတီသစ်သည် ထိုအမည်ဖြင့် ပြန်လည်မှတ်ပုံတင်လျှောက်ထားသည်ကို တွေ့ရသည်။ 

အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို ပစ်သတ်ခြင်း၊ အများအပြားကို နှိပ်စက်ညှဉ်းပန်း အကျဉ်းချခြင်း၊ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုကို ရင်ဆိုင်စဉ် သတ်ဖြတ်မှု၊ ရွာမီးရှို့မှုများ ကျူးလွန်ခြင်းများအတွက် တာဝန်ရှိသော စစ်ကောင်စီတွင် အကြံပေးအဖြစ် လုပ်ကိုင်နေသူ၏ ပါတီမှာ ယခင်ကပင် အင်အားနည်းပါးခဲ့သည်။ ယခုကာလ မည်သို့တည်ထောင်မည်ကို မသိရသေးပေ။

စစ်တပ် ထုတ်ပြန်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေသစ်မှာ အာဏာရှင်ဟောင်း သန်းရွှေခေတ်ဥပဒေထက်ပင် ဖိနှိပ်မှုရှိနေသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

ထိုဥပဒေ ပုဒ်မ ၂၅ အရ လက်ရှိပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင် ပြန်မလျှောက်ထားပါက ဖျက်သိမ်းခံရမည်ဟု ဆိုသည်။

စစ်ဗိုလ်ချုပ်များ၏ရန်ကို နှစ် ၃၀ ကြာ ရင်ဆိုင်နေရသည့် NLD က စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ 

အာဏာသိမ်းစစ်တပ်ကမူ ရွေးကောက်ပွဲပြုလုပ်ပြီး အနိုင်ရပါတီကို အာဏာအပ်မည်ဟု ကြေညာထားသည်။

နိုင်ငံအနှံ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီက ကာလတိုအတွင်း ရွေးကောက်ပွဲပြုလုပ်နိုင်ရန် ခဲယဉ်းသည်ဟု လေ့လာသူများက ဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ စစ်ကောင်စီအစည်းအဝေးတွင် မဲစာရင်း တိကျမှန်ကန်ရေးအတွက် “ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူရန် လိုအပ်မည်ဖြစ်ကြောင်း” ပြောဆိုထားရာ စစ်ကောင်စီက ၎င်းတို့၏ သက်တမ်းကို  အကန့်အသတ်မရှိ ဆွဲဆန့်ရေးအတွက် “မဲစာရင်း” ကို ထပ်မံအကြောင်းပြဖွယ်ရှိလာသဖြင့် လာမည့် ၂ နှစ်အတွင်းမှာပင် ရွေးကောက်ပွဲပြုလုပ်ရန် မသေချာနိုင်ကြောင်း Myanmar Now ဆောင်းပါးရှင် သုတဇော်က သုံးသပ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button