စီးပွားရေး

ဖားကန့်တွင် တိုက်ပွဲများဖြစ်နေသော်လည်း ကျောက်တူးဖော်မှု ရပ်တန့်ခြင်းမရှိ

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီက စခန်းကုန်း ၁၀ ခုကျော်မှ ခံစစ်ဆင်နေသည်၊ တိုက်ပွဲများ ရှိနေသော်လည်း ကုမ္ပဏီများက ဆက်ကြေးပေးပြီး ကျောက်စိမ်းဆက်တူးနေသည်။

ကချင်ပြည်နယ်ရှိ ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့၏ ဝင်ပေါက်ထွက်ပေါက်လမ်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ကာ မြို့ကို ပိတ်ဆို့ရန် ကြိုးစားနေချိန်တွင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းက ဆက်လက်လည်ပတ်နေသည်။

မိုးကောင်း-ဖားကန့်လမ်းပိုင်း၊ အင်းတော်ကြီး-ဖားကန့် လမ်းပိုင်း၊ စစ်ကိုင်းတိုင်းနှင့် နယ်နိမိတ်ထိစပ်နေသည့် ဆယ်ဇင်း-ဖားကန့်လမ်းပိုင်းတို့ ရှိရာ လမ်းပိုင်းနှစ်ခုကို ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နှင့်အတူ ထိန်းချုပ်ထားခြင်းဖြစ်သည်။

မိုးကောင်း-ဖားကန့် လမ်းပိုင်းပေါ်ရှိ နန့်တိန်းစခန်းကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး အင်းတော်ကြီးဒေသသို့ သွားသည့်လမ်းပေါ်ရှိ ဝှေခါရွာမှ စစ်စခန်းနှင့် ရဲစခန်းတို့ကိုလည်း ဇန်နဝါရီ ၂၀ ရက်နေ့က သိမ်းပိုက်ထားပြီးဖြစ်သည်။

အလားတူ စစ်ကိုင်းတိုင်းနှင့် ချိတ်ဆက်နေသည့် ဆယ်ဇင်း-ဖားကန့် လမ်းပိုင်း တာမခန်ကျေးရွာတွင် တည်ရှိသော ရဲစခန်းနှင့် ခြေမြန်တပ်ရင်း ခမရ (၁၁၉) တပ်ရင်း ထိုင်ထားသည့် စခန်းကုန်းကို ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင် တိုက်ခိုက်ခဲ့သည်၊  ရဲစခန်းကို ရပြီးနောက်ပိုင်း ခမရ (၁၁၉) စခန်းကို ဆက်လက်တိုက်ခိုက်နေသည်။

ထို့ကြောင့် အိမ်ခြေ ၂၀၀၀ မှ ၃၀၀၀ ကြားရှိပြီး တိုက်နယ်ဆေးရုံနှင့် စာသင်ကျောင်းများရှိသည့် အဆိုပါ တာမခန် တိုက်နယ်ရွာကြီးကို KIA ရရှိပါက ဖားကန့်မြို့သို့ ဝင်ထွက်နိုင်သည့် အဓိကလမ်းမကြီးသုံးခုကို ပိတ်ဆို့နိုင်ပြီဖြစ်သည်ဟု ဖားကန့်-KPDF အဖွဲ့မှ အသက် ၃၀ ကျော်အရွယ် တာဝန်ခံတစ်ဦးက ပြောသည်။

“ဖားကန့်ကို ပိတ်ဆို့ထားနိုင်နေပြီလို့ ပြောလို့ရတယ်၊ တာမခန်ကို ရရင် လမ်းကြောင်းအများစုကိုလည်း ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ပြီးလို့ ပြောလို့ရနေပြီ” ဟု သူက ဆိုသည်။

ထို့ကြောင့် တာမခန်ကျေးရွာကို လက်မလွှတ်ရစေရေးအတွက် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်စစ်ကူများလည်း ပို့လွှတ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ် ၃ နံနက်တွင် ဖားကန့်မြို့မှ စစ်ကူထွက်လာသည့် အင်အား ၆၀ ခန့်ပါ စစ်ကြောင်းမှာ တာမခန်ရွာအတွင်း ဝင်လာ၍ သုံးရက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်၊ စစ်သား ၅၀ နီးပါးခန့်‌ကို ချေမှုန်းနိုင်ပြီး ကျန်စစ်သားများ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

တာမခန်တွင် စစ်ကောင်စီတပ်က အစွမ်းကုန် တိုက်ခိုက်နေသည်ဟု ဖားကန့်-KPDF တာဝန်ခံက ပြောသည်။

“တာမခန် မကျဖို့ သူတို့ အစွမ်းကုန်လုပ်နေတာ တွေ့ရတယ်။ အဲဒီစစ်ကြောင်းပြီးတော့ ထပ်လွှတ်ဖို့ လုပ်နေတယ်၊ ဖားကန့်ကို စစ်ကူမြေပြင်က မပို့နိုင်တော့ လေကြောင်းက ပို့လာကြတယ်” ဟု သူက ပြောသည်။

စစ်ကူများ ချေမှုန်းခံရသည့်အတွက် မတ် ၆ ရက်တွင် နောက်ထပ်စစ်ကြောင်းတစ်ခု ထပ်မံ စေလွှတ်ရန် စစ်ကောင်စီတပ်က ကြိုးစားခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

စစ်ဖြစ်နေသော်လည်း နေ့ညမပြတ် ကျောက်တူးနေ

တိုက်ပွဲများကို အလေ့အကျင့်ရနေပြီဖြစ်သည့် ဖားကန့်မြို့ခံများကမူ မြို့ပေါ်တိုက်ပွဲများဖြစ်ပွားချိန်နှင့် လေတပ်လာရောက်တိုက်ခိုက်ချိန်မှလွဲ၍ ကျန်အချိန်များတွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှား လုပ်ကိုင်နေကြသည်ဟု သိရသည်။

ကျောက်စိမ်းတူးဖော်မှုကို အခွန်ကောက်ခံရာမှ ရရှိသည့် အကျိုးအမြတ်များကို စစ်ကောင်စီနှင့် KIA နှစ်ဖွဲ့လုံးက ရရှိနေကြောင်း၊ ဖားကန့်မြို့သိမ်းတိုက်ပွဲ ယာယီအားဖြင့် ဖြစ်လာဦးမည်မဟုတ်ဟု ယူဆကြောင်း မြို့ခံတချို့က ပြောသည်။

နှစ်ဖက်လုံးနှင့် နီးစပ်သည့် ဖားကန့်မြို့အခြေစိုက် ကျောက်စိမ်းကုမ္ပဏီတချို့ကမူ တိုက်ပွဲကြားမှပင် ကျောက်တူးသည့်အလုပ်များကို ဆက်လက်လုပ်ကိုင်နေသည်ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

“မှော်စီဆာတို့ ဆန်ခါတို့ဘက်မှာဆိုရင် အကြီးအကျယ်ကို တူးနေကြတာ၊ အကုန်တူးတယ်။ တကယ်က စစ်ဖြစ်နေတာ …သူတို့က စီးပွားရေးလုပ်စားနေကြတယ်။ အရင်က ဆိုင်ကယ်အစုတ်စီးတဲ့ ကောင်က ပေါင်းစားပြီးတော့ သိန်းသောင်းချီချမ်းသာသွားကြတယ်” ဟု ကျောက်စိမ်းလုပ်ငန်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်သည့် အသက် ၃၀ ကျော်အရွယ် ဖားကန့်ဒေသခံ အမျိုးသားက ဆိုသည်။

ဒေသခံများ၊ ရေမဆေးကျောက်ရွာဖွေသူများနှင့် ကျောက်စိမ်းရောင်းဝယ်သူတချို့၏ ပြောဆိုမှုအရ မမုံ၊ နတ်မှော်၊ ဘစံချောင်၊ မှော်စီဆာ၊ ဆန်ခါ၊ စသည့်မှော်များတွင် ကျောက်စိမ်းအများဆုံး တူးဖော်နေကြသည်ဟု သိရသည်။

ပစ်ခတ်သံများကြား လုပ်ငန်း ဆက်လက် လုပ်ကိုင်နေသည့် ကုမ္ပဏီအများအပြားထဲတွင် နာမည်ကြီး ခရိုနီကုမ္ပဏီတချို့ပါဝင်သည်ဟု သတင်းထွက်နေသည်။

KIA ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကိုသာ လမ်းကြောင်းဖြတ်တောက်ထားသည်၊ ကုန်ကားများက ဖားကန့်မြို့ကို ဝင်ထွက်နေသေးသည့်အတွက် ကုန်စည်စီးဆင်းရောင်းဝယ်မှု ဆက်လက် ရှိနေသည်ဟု ဖားကန့်မြို့ခံ အသက် ၄၀ ကျော်အရွယ် ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျောက်ကုမ္ပဏီတွေကို ပိုက်ဆံတောင်းတယ်၊ ပေးတဲ့ကုမ္ပဏီက ဆက်တူးရမယ်၊ မပေးတဲ့ ကုမ္ပဏီက မတူးရဘူးဆိုပြီး စစ်ကောင်စီက ပြောတယ်။ အခုက တူးတဲ့သူတွေလည်း တူးနေကြတာပဲ၊ ကျောက်တူးတဲ့သူတွေရှိသေးတော့ ကျွန်မတို့လည်း ဈေးရောင်းနေရတုန်းပဲ” ဟု အထက်ပါဈေးသည်က ဆိုသည်။

တစ်နိုင်ငံလုံးနည်းတူ ဖားကန့်တွင်လည်း အာဏာမသိမ်းမီကထက် ကုန်ဈေးနှုန်းသုံးဆခန့် မြင့်တက်ခဲ့သော်လည်း ကုန်စည်စီးဆင်းမှု ရှိနေသဖြင့် စျေးဆက်မတက်သေးကြောင်း ၎င်းက ပြောသည်။

ကချင်ပြည်နယ်မှ အရည်အသွေးကောင်းသော ကျောက်စိမ်းအရိုင်းတုံးများမှာ နယ်စပ်ကို ဖြတ်ပြီး တရုတ်နိုင်ငံစျေးကွက်သို့ တင်ပို့နေကြသလို မန္တလေး၊ နေပြည်တော် စသည့်မြို့များရှိ ကျောက်မျက်စျေးကွက်သို့လည်း ပို့ဆောင်နေသည်။

စစ်တပ်နှင့် KIA တို့အကြား ၂၀၁၁ မှ စတင်ကာ ကချင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သော်လည်း ကျောက်စိမ်းလုပ်ငန်းမှာ ဆက်လက် လည်ပတ်နေခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးနီးပါး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေကြသလို KIA လှုပ်ရှားထိန်းချုပ်ဒေသများတွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ရာတွင် ကချင်ဒေသတွင် ဖားကန့်မြို့နယ်သည် တိုက်ပွဲအများဆုံးမြို့နယ်စာရင်း ဝင်ခဲ့သည်။

ဖားကန့် ဝန်းကျင် စစ်ကောင်စီတပ် စုစည်းမှု

ဖားကန့်မြို့နယ် နှစ်မျက်နှာဘုရားကုန်းရှိ အင်အားအနည်းငယ်၊ နမ့်မဖြစ်ရွာရှိ မြန်မာသူရ ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် အင်အားအနည်းငယ်တို့ကို ဖားကန့်မြို့ အနောက်ဘက် ကသိုဏ်းတောင်စခန်းတွင် ပူးပေါင်းထားသည်။

ဆုတ်ခွာသည့်တပ်က မြန်မာသူရကုမ္ပဏီဝင်းအတွင်းရှိ အဆောက်အအုံများနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။

မတ် ၅ တွင် ကသိုဏ်းတောင်စခန်းကုန်းကို ရဟတ်ယာဉ်သုံးစီးဖြင့် စစ်ကူတချို့ပို့ဆောင်ခဲ့ပြီးနောက် ယခင်ရက်က အင်အားပေါင်းထားသည့် စစ်ကူများနှင့် ပေါင်းကာ ထိုးစစ်ဆင်ခံနေရသော ခမရ (၁၁၉) စခန်းရှိရာ တာမခန်ရွာသို့ မတ် ၆ ရက်တွင် စစ်ကူများ ပို့လွှတ်ခဲ့သည်။

ထို့နေ့ မွန်းလွဲတွင် ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ် ပြန်ဆုတ်ခဲ့သည်။

လက်လွှတ်လိုက်ရသော နန့်တိန်းစခန်း၊ ဝှေ့ခါစခန်းကုန်းတို့ကို လေတပ်စေလွှတ် တိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်က ဆက်လက်ထိန်းချုပ်ထားခဲ့သည်။

သို့ရာတွင် ဖားကန့်မြို့ပေါ်တွင် ဗျူဟာကုန်းတစ်ခု အပါအဝင် စစ်ကောင်စီစခန်းကုန်း ၁၀ ခုကျော် ရှိနေသည်ဟု သိရသည်။

မြို့အနောက်ဘက်ရှိ ကသိုဏ်းတောင်၊ နမ့်မှော်၊ ဆိုင်းတောင်တို့တွင် စခန်း ၄ ခု၊ မြို့ပေါ်တွင် ဗျူဟာကုန်း၊ လှမောင်ကုန်း၊ ရခိုင်ကုန်းနှင့် ဆန်းကြွယ်ဘုရားကုန်း၊ မြို့အရှေ့မြောက်ဘက် လုံးခင်းရွာအနီး  စခန်းကုန်း ၃ ခု၊ ဆန်ခါထောင်တို့တွင် တပ်စွဲထားကြခြင်း ဖြစ်သည်။

ထို့ပြင် KIA တပ်မဟာ (၉) ဌာနချုပ်နှင့် တပ်ရင်း (၆) ဌာနချုပ်ရှိရာ တောတွင်းမှ ဖားကန့်သို့ လာသည့် လမ်းကြောင်းပေါ်တွင်ရှိသည့် ကံစီးရွာတွင် အခိုင်အမာ စခန်းကုန်းတစ်ခုရှိနေပြီး အနီးရှိ နမ့်ဆန်းရွာတွင်လည်း စခန်းကုန်းတစ်ခုရှိသည်။

စစ်ကိုင်းအခြေစိုက် တပ်မ (၃၃) လက်အောက်ခံတပ်များ စခန်းထိုင်ထားခြင်း ဖြစ်ပြီး အခြား အမြောက်တပ်၊ လက်ရုံးတပ်များနှင့် ရဲတပ်ရင်းနှစ်ခုလည်း ရှိသည်ဟု သိရသည်။

တပ်မ ၃၃ လက်အောက်ခံ စစ်သားများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၉ က မန္တလေးမြို့အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

သို့သော် စုစုပေါင်း စစ်သည်အင်အား မည်မျှရှိသည်ကို မခန့်မှန်းနိုင်သေးကြောင်း KPDF အဖွဲ့မှ တာဝန်ခံနောက်တစ်ဦးက ပြောသည်။

“အများစုကတော့ တပ်မ (၃၃) ကဟာတွေ၊ တစ်ခါတလေ ရှမ်းနီပြည်သူ့စစ်တွေပါတယ်။ တပ်အင်အားကတော့ အတိအကျမပြောနိုင်ဘူး အရင်ကလို အင်ပြည့်အားပြည့်မရှိတော့ဘူးဆိုပေမဲ့ ပေါင်းလိုက်ရင်တော့ များသေးတယ် ပြောရမှာပဲ” ဟု အသက် ၄၀ ခန့်အရွယ် အဆိုပါ အမျိုးသားက ပြောသည်။

ဖားကန့်မြို့နယ်သည် KIA တပ်မဟာ (၉) လှုပ်ရှားရာ နယ်မြေဖြစ်ပြီး တပ်ရင်း (၆)၊ (၂၆)၊ (၄၄)၊ (၃၁) စသည့် တပ်ရင်း ၄ ခုက KPDF များနှင့် ပူးပေါင်းကာ စစ်ဆင်ရေးများ ပြုလုပ်နေသည်။

တပ်ရင်း (၃၁) နှင့် (၂၆) တို့မှာ ဖားကန့်မြို့အနောက်ဘက် စစ်ကိုင်းတိုင်းနယ်စပ်အနီး၊ တပ်ရင်း (၆) မှာ ဖားကန့်မြို့အနီးတစ်ဝိုက်၊ တပ်ရင်း (၄၄) မှာ ဖားကန့်မြို့အရှေ့ဘက်တို့တွင် လှုပ်ရှားလေ့ရှိသည်။

ဖားကန့်မြို့ပတ်လည်ရှိ စစ်ကောင်စီစခန်းကုန်းများအားလုံးကို ရှင်းလင်းထားရန် နယ်မြေခံတပ်များကို KIA ဗဟိုက ညွှန်ကြားထားသည်ဟု သတင်းထွက်နေသော်လည်း ဖားကန့်-KPDF တာဝန်ခံများက အတည်မပြုသေးပေ။

ဖားကန့်တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာတွင် အသေးစိတ်ပြောဆိုခြင်းမရှိဘဲ တာမခန်ရွာအနီး တိုက်ပွဲများ ပြင်းထန်နေသည်ဟုသာ အတည်ပြုသည်။

ဖားကန့်ဒေသ တော်လှန်ရေးတပ်အတွက် ထောက်ပံ့ပို့ဆောင်ရေး၊ ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက မြို့တွင်း စစ်ကောင်စီတပ်အင်အား သိသိသာသာ လျော့နည်းသွားကြောင်း ဆိုသည်။

ယခင် ကျောက်စိမ်းကုမ္ပဏီဝန်းများအနီး လုံခြုံရေးစောင့်နေသည့် တပ်များအားလုံးကိုလည်း စခန်းကုန်းများသို့ ပြန်လည်ခေါ်ယူထားပြီး ခံစစ်ပြင်နေသည်ဟု အသက် ၄၀ ကျော်အရွယ် ထိုအမျိုးသားက ဆက်ပြောသည်။

“မြို့ပေါ်မှာ အရင်ကလောက် သူတို့အင်အားတွေ မတွေ့ရတော့ဘူး၊ အဲဒါကြောင့် တစ်ခါတလေ မြို့ထဲက လူငယ်တချို့ကို ဖမ်းဆီးပြီး ပြန်မလွှတ်တာတွေ တွေ့လာရတယ်။ ကျွန်တော် ထင်တာတော့ အင်အား စုတာနေမယ်၊ ဒါပေမဲ့ မလွယ်ပါဘူး။ သူတို့တပ်ထဲလည်း ဘယ်သူမှ ကြာကြာနေမှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဖားကန့်အဝင်အထွက် လမ်းကြောင်းနှစ်ခုကို KIA,PDF က ဖြတ်တောက်ထားသည့်အတွက် စစ်ကောင်စီက စစ်ကူပို့မည်ဆိုပါက တောလမ်းများမှသာ လာရမည်ဖြစ်သည်၊ ယခင်ကလည်း ထိုလမ်းများ၌ စစ်ကောင်စီတပ် မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရလေ့ရှိသည်။

ထို့ကြောင့် စစ်ကူနှင့် လက်နက်၊ ခဲယမ်း ရိက္ခာများ ပို့မည်ဆိုပါက လေကြောင်းကိုသာ အားထားရမည့် အခြေအနေဖြစ်နေသည်ဟု ၎င်းက သုံးသပ်သည်။

လက်ရှိတွင် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်တွင်လည်း ထိုးစစ်ဆင်ခံရသည့်နေရာ ပိုများပြားလာသည့်အတွက် ဖားကန့်မြို့သို့ စစ်ကူပို့နိုင်ခြေ နည်းပါးသည်ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

စစ်မျက်နှာအများအပြား ဖွင့်လာသည့် KIA

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်သွားချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် KIA နှင့် ပူးပေါင်းတပ်များက စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲများ စတင် ဆင်နွှဲခဲ့သည်။

ဇန်နဝါရီ နောက်ဆုံးပတ်က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအနီးရှိသော ခလရ (၁၂၃)  စစ်ကောင်စီလေယာဉ်အပျက်အစီးများဝန်းကျင်တွင် တွေ့ရသော KIA တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ – မြတ်ပန်း/Myanmar Now)

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ကို KIA ဦးဆောင်သည့်တပ်များက ဇန်နဝါရီ ၂၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သလို မံဝိန်းကြီးရွာရှိ ရဲစခန်းနှင့် စစ်တပ်စခန်းတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် မြစ်ကြီးနားမြို့နယ်၏ တောင်ဘက် မိုင် ၆၀ ခန့်အကွာတွင်ရှိသည့် ဆင်ဘိုမြို့ကိုလည်း KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး မြို့အနီးရှိ အမှတ် ၁၄၁  ခြေလျင်တပ်ရင်းစခန်းကို ဆက်လက် တိုက်ခိုက်နေသည်။

မတ် ၇ ရက် နံနက်ပိုင်းတွင် ဝိုင်းမော်၊ ဒေါ့ဖုန်းယန်နှင့် ဗန်းမော်မြို့နယ်တို့အတွင်း မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းကို စိုးမိုးထားသည့် စစ်တပ်စခန်း ၁၀ ခုကျော်နှင့် မြစ်ကြီးနားလေဆိပ်ကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့သည်။

စခန်းတချို့နှင့် ကာကင်းစခန်းကုန်းတချို့ကို နာရီပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့သလို ဝိုင်းမော်မြို့မှ စစ်ကောင်စီဒေါက်တိုင် လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကိုလည်း အသေဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ယနေ့တွင်လည်း စစ်ရေးဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဟု ယူဆရသည်။

KIA နှင့်အတူ ကချင်စစ်မျက်နှာတွင် နဂိုကတည်းက ပူးပေါင်းပါဝင်နေသော မဟာမိတ်ဖြစ်သည့် ညီနောင်သုံးဖွဲ့ အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) ကလည်း  ထိုးစစ်တွင် ပူးတွဲ ပါဝင်နေကြောင်း ယမန်နေ့ ညက ထုတ်ပြန်သည်။

မတ် ၇ ရက်က မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းတချို့တို့ကိုလည်း KIA နှင့်အတူ ပူးတွဲတိုက်ခိုက်နေကြောင်း AA က ဆိုသည်။

ဗန်း‌မော်ခရိုင်၊ မိုးမောက်မြို့နယ်အနီးရှိ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်း၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်ရှိ ပွိုင့် (၆၁၁) (Ntap Bum) စခန်းကုန်းတို့ကို AA က သီးသန့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က လက်နက်ကြီးများဖြင့်အပြင် လေကြောင်းမှပါ တစ်ရက်လုံးပစ်ခတ်စဉ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီးထိမှန်ကျရောက်ခဲ့ပြီး လိုင်ဇာမြို့နှင့် ထိစပ်နေသည့် တရုတ်နယ်စပ်မြို့ဘက်သို့လည်း လက်နက်ကြီးကျည်တချို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကြီးကျည် နယ်စပ်ကျော်သွားသည်ဟူသော အချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် တရုတ်၏ ထုတ်ပြန်ချက် မတွေ့ရသေးပေ။

Show More

Related Articles

Back to top button