အာဏာသိမ်းပြီး ၂ နှစ်ကျော်လာချိန်အထိ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသော စစ်တပ်က ပြည်သူအပေါ် အကြမ်းဖက်စစ်ခင်းနေမှုများ တစ်နေ့တခြား ဆိုးရွားလာရာ စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာ အစုအပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုသည် အရပ်သားသေဆုံးမှု အများဆုံးဖြစ်စဉ် ဖြစ်လာခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းကြေညာခဲ့သော နိုင်ငံရေးလမ်းပြမြေပုံအရ ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပေးနိုင်ခြင်း မရှိတော့သည့်နောက် နိုင်ငံရေးထွက်ပေါက် ပိတ်ဆို့သွားပြီ ဖြစ်သည်။
ထို့ကြောင့် NUG, PDF များနှင့် ၎င်းတို့ကို ကူညီနေကြသော တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ (EROs) ကို အပြတ်ချေမှုန်းမည်ဟု ကြွေးကြော်ခဲ့ပြီးနောက် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်း ဖြစ်သည်။
အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖြေရှင်းရန် နိုင်ငံတကာမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများက အကြိမ်ပေါင်းများစွာ မေတ္တာရပ်ခံခဲ့သော်လည်း စစ်တပ်သည် အကြမ်းဖက်မှုများ တိုး၍ လုပ်ဆောင်လာခြင်းကြောင့် နိုင်ငံရေးထွက်ပေါက်ကို ၎င်းတို့ကိုယ်တိုင် ပိတ်ပစ်သော အခြေအနေသို့ ဆိုက်ရောက်ခဲ့ပြီ ဖြစ်သည်။
ထိုအခြေအနေတွင် မြန်မာ့အရေး ဦးဆောင်ဖြေရှင်းနေသော အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအတွက် နိုင်ငံရေးထွက်ပေါက် ရှာဖွေရန် လွန်စွာခက်ခဲလာပါသည်။
ယခုနောက်ဆုံး The Elders အဖွဲ့၏ ဒု-ဥက္ကဋ္ဌ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon သည် ကြိုတင်ကြေညာခြင်းမရှိဘဲ နေပြည်တော်သို့ ဧပြီလ ၂၃-၂၄ တွင် ရောက်ရှိလာပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် တွေ့ဆုံခဲ့ခြင်းဖြင့် မြန်မာ့အရေး ကြားဝင်ဖြေရှင်းရာတွင် ပါဝင်ပတ်သက်လာပါသည်။
အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်ပြီး အာဆီယံ တူညီဆန္ဒ ၅ ရပ်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ ကို အကောင်အထည်ဖော်ရန်၊ နိုင်ငံရေးထွက်ပေါက်တစ်ခု ပေါ်ပေါက်ရေးအတွက် စစ်တပ်က “ပထမခြေလှမ်း” လှမ်းရမည်ဟု ဘန်ကီမွန်းက တိုက်တွန်းခဲ့ကြောင်း The Elders အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းခြင်းဖြင့် တိုင်းပြည်မတည်ငြိမ်အောင် ဖန်တီးခဲ့သူမှာ စစ်တပ်ဖြစ်ပြီး၊ အာဏာသိမ်းမှုကို လက်မခံ ဆန့်ကျင်ဆန္ဒပြသော နိုင်ငံအနှံ့မှ ပြည်သူများကို အကြမ်းဖက် စစ်ခင်းခဲ့သည်မှာလည်း စစ်တပ်ဖြစ်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ၊ လက်နက်အားကိုး အကြမ်းဖက်ခဲ့၍ နိုင်ငံရေးထွက်ပေါက်ပိတ်သွားသည်မှာလည်း စစ်တပ်ပင် ဖြစ်သည်။
ထို့ကြောင့် စစ်တပ်ကသာ နိုင်ငံရေး “ပထမခြေလှမ်း” ကို လှမ်းရမည်ဟု ဘန်ကီမွန်းက ထောက်ပြခဲ့ပြီး၊ မည်သည့်နိုင်ငံရေးဖြေရှင်းမှုမဆို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ချန်လှပ်၍မရကြောင်း ရှင်းရှင်းလင်းလင်း သတင်စကားပါးခဲ့သည်။
NUG မပါဝင်သော နိုင်ငံရေးထွက်ပေါက် ရှာနေကြသည့် ငြိမ်းချမ်းရေးပွဲစားများ
ယနေ့အချိန်ထိ မြန်မာ့အရေးဖြေရှင်းရန် နိုင်ငံတကာမှ သဘောတူ ဆုံးဖြတ်ထားသော တရားဝင်မူဝါဒမှာ အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သည့် “တူညီဆန္ဒ ၅ ရပ်” ဖြစ်သည်။ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ ကလည်း အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို ထောက်ခံရပ်တည်ထားသည်။
တူညီဆန္ဒ ၅ ရပ်တွင် အရေးကြီးဆုံးအချက်မှာ “သက်ဆိုင်သူအားလုံး” (All parties) နှင့် ဆွေးနွေးညှိနှိုင်းပြီး မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ဖြစ်သည်။
ထို့ကြောင့် မည်သည့်နိုင်ငံတကာ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းမဆို မြန်မာ့အရေး ကြားဝင်ဖြေရှင်းရန် ကြိုးပမ်းသည့်အခါ အာဆီယံ တူညီဆန္ဒ ၅ ရပ်နှင့် ကွဲပြားသော အခြားနည်းလမ်းကို အဆိုပြုလျှင်၊ သက်ဆိုင်သူအားလုံး ပါဝင်ခြင်းမရှိဘဲ လုပ်ဆောင်လျှင် အဆိုပါကြိုးပမ်းမှုသည် နိုင်ငံရေးထွက်ပေါက် မဟုတ်ဘဲ ပိုမိုရှုပ်ထွေးသော နိုင်ငံရေးပြဿနာကိုသာ ဖြစ်ပေါ်စေလိမ့်မည်။
ထိုအချက်ကို သတိကြီးစွာထားကြောင်း ဘန်ကီမွန်း၏ ထုတ်ပြန်ချက်က ပေါ်လွင်ထင်ရှားပါသည်။
အာဆီယံသည် ၎င်း၏အဖွဲ့ဝင် မြန်မာနိုင်ငံအရေးကို အာဆီယံဗဟိုပြု (ASEAN Centrality) မူဝါဒအရ အာဆီယံကသာ ဦးဆောင်ဖြေရှင်းရမည်ဟု ရပ်တည်ထားသဖြင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက အာဆီယံ၏ အခန်းကဏ္ဍကို လေးစားလျက် နောက်ကသာ လိုက်ပါခဲ့ကြသည်။
သို့သော် တူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်မဖော်နိုင်သော အခြေအနေတွင် ထိရောက်စွာ ရှေ့တိုး ဆောင်ရွက်နိုင်ရေး အာဆီယံအဖွဲ့အတွင်း အားလုံးသဘောတူညီမှုရရှိရန် ခက်ခဲလာသည်။ ထို့ကြောင့် စစ်ကောင်စီနှင့် နီးစပ်ပြီး၊ စစ်ကောင်စီအကျိုးစီးပွားကို လိုလားသော အာဆီယံအဖွဲ့ဝင် ထိုင်းနိုင်ငံက မြန်မာနှင့် နယ်နိမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းကာ အခြားလမ်းသစ်တစ်ခု ဖော်ဆောင်ရန် ရှာဖွေလာသည်။
ဤသို့ဖြင့် မြန်မာ၏ အိမ်နီးချင်းနိုင်ငံများ (ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ လာအို) ပါဝင်ပြီး၊ ယခင်နှင့် ယခု အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အစိုးရပိုင်းအရာရှိတချို့နှင့် ပြင်ပပညာရှင်များ ပါဝင်သော Track 1.5 လျှို့ဝှက်ဆွေးနွေးပွဲတစ်ခုကို မတ်လထဲတွင် ဘန်ကောက်၌ ပထမအကြိမ် ကျင်းပပြီး၊ ဧပြီလ ၂၄-၂၆ ရက်နေ့များတွင် အိန္ဒိယနိုင်ငံ နယူးဒေလီ၌ ဒုတိယအကြိမ် ကျင်းပကြသည်။
Track 1.5 ဆွေးနွေးပွဲများကို ပူးပေါင်းစီစဉ်သော ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့သည် စစ်ကောင်စီကိုယ်စားလှယ်တချို့၊ စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သော်လည်း လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေးပြဿနာတွင် ၎င်းတို့ကိုယ်ကိုယ် ကြားနေသူများ၊ ငြိမ်းချမ်းရေးလိုလားသူများအဖြစ် ပုံဖော်နေကြသော မြန်မာ Think Tank အဖွဲ့ဝင်တချို့ကို ဖိတ်ကြားတက်ရောက်စေခဲ့သည်ဟု သိရှိရသည်။
သို့သော် စစ်ကောင်စီက အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ထားသဖြင့် ၎င်းတို့ကို ထိတွေ့ဆက်ဆံပါက စစ်ခေါင်းဆောင်များ၏ ငြိုငြင်ခံရခြင်းမှ ရှောင်ရှားရန် NUG နှင့် တော်လှန်ရေးအင်အားစုများကို ဖိတ်ခေါ်ခြင်း၊ ကမ်းလှမ်းခြင်းမျိုး မရှိခဲ့သလို၊ ဆွေးနွေးပွဲ နှစ်ကြိမ်အတွင်း မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်၊ မည်သည့်ရလဒ်များ ထွက်ပေါ်သည်ကို မသိရှိရဘဲ လျှို့ဝှက်ထားခဲ့ကြသည်။
မြန်မာ့အရေးဆွေးနွေးပွဲများကို မည်သူက ဦးဆောင်ကျင်းပပါစေ “နိုင်ငံရေးထွက်ပေါက်” ရှာဖွေရာ၌ ဘက်တစ်ဖက်တည်းက ဖန်တီးယူ၍ မရဘဲ၊ ဘက်အသီးသီးမှ သက်ဆိုင်သူအားလုံး သဘောတူ လက်ခံမှသာ စစ်မှန်သော နိုင်ငံရေးထွက်ပေါက် ဖြစ်လာမည်ဖြစ်ပြီး၊ နိုင်ငံရေးပြဿနာများကို အမှန်တကယ် ဖြေရှင်းနိုင်မည်ဆိုသည့်အချက်မှာ အခြေခံဖြစ်သည်။
Track 1.5 ဆွေးနွေးပွဲများကို ဦးဆောင်စီစဉ်သော ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့သည် စစ်ကောင်စီအလိုကျ NUG နှင့် ခပ်ကင်းကင်းနေကြသော နိုင်ငံများဖြစ်သည့်အလျောက် ၎င်းတို့ရှာဖွေနေသော အရာမှာလည်း ကိုယ်တိုင် နိုင်ငံရေးထွက်ပေါက်ပိတ်ထားသော စစ်တပ်ကို ထွက်ပေါက် ကူရှာပေးနေခြင်းသာ ဖြစ်ပြီး၊ အချိန်ဖြုန်းနေခြင်းမျှသာ ဖြစ်ပေလိမ့်မည်။
ထို့ပြင် အဆိုပါဆွေးနွေးပွဲများသည် အာဆီယံက ချမှတ်ထားသော သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ ဆက်ဆံ ညှိနှိုင်းဆွေးနွေးရေး “မူ” ကို မလိုက်နာဘဲ၊ တစ်ဖက်သတ် လုပ်ဆောင်နေသော ဆွေးနွေးပွဲများသာ ဖြစ်သည်။
သက်ဆိုင်သူအားလုံးဟု ဆိုရာဝယ် လက်ရှိနိုင်ငံရေးပဋိပက္ခကို အဓိကဖန်တီးခဲ့သူ အာဏာသိမ်းစစ်တပ်နှင့် အစုအဖွဲ့များကို တစ်ဖက်တည်း ဆက်ဆံနားချနေရုံမျှဖြင့် မြန်မာ့ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ မြန်မာပြည်သူများကို အမှန်တကယ်ကိုယ်စားပြုသော အင်အားစုများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ (EROs) ကို အသိအမှတ်ပြု ဆွေးနွေးညှိနှိုင်းမှုများကတစ်ဆင့်သာ နိုင်ငံရေးအဖြေရှာနိုင်မည် ဖြစ်သည်။
စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို လက်ဆွဲနှုတ်ဆက် ကျားကန်ပေးလာသော တရုတ်
အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာဖိအားများကို ရင်ဆိုင်နေရသော၊ ပြည်တွင်း၌ စစ်မျက်နှာတိုင်းတွင် အရှုံးနှင့်သာ ရင်ဆိုင်နေရသော၊ စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေသော မင်းအောင်လှိုင် နိုင်ငံရေးထွက်ပေါက်ပိတ်နေချိန်၊ ၎င်းအတွက် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအကျိုးအမြတ် အမြင့်မားဆုံး ရရှိနိုင်မည့် အချိန်ကောင်းကို စောင့်ဆိုင်းနေသော တရုတ်နိုင်ငံသည် သံတမန်ရေးကစားကွက်များ ခပ်စိပ်စိပ်ရွှေ့လာပါသည်။
တရုတ်သည် မြန်မာ့အရေးတွင် နိုင်ငံတကာရပ်တည်ချက်ကို တစ်ဖက်တွင် အလေးထားကြောင်း ပြသပြီး၊ အခြားတစ်ဖက်တွင် တရုတ်နှင့် မဟာမဲခေါင်နိုင်ငံများ (ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မြန်မာ) အကြား မဲခေါင်-လန်ချန် ပူးပေါင်းဆောင်ရွက်ရေးယန္တရားကို အသုံးပြုပြီး၊ စစ်ကောင်စီကို မသိမသာ ကျားကန်ပေးနေသည်မှာ လွန်ခဲ့သော ၂ နှစ်လုံးလုံး ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံးသံတမန်အဖြစ် ထိုစဉ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး တက်ရောက်ရန် ပုဂံမြို့သို့ ၂၀၂၂ ခုနှစ် ဇူလိုင်လဆန်းက လာရောက်ခဲ့သည်။
သို့သော် ထိုခရီးစဉ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ခြင်း မရှိသဖြင့် တရုတ်အစိုးရသည် အစဉ်အလာမှ ခွဲထွက်ပြီး စစ်ကောင်စီကို အသိအမှတ်ပြုသော ဆက်ဆံရေးမျိုး မပြသရန် သတိထား ရှောင်ကြဉ်နေသည်ဟု လေ့လာသုံးသပ်သူများက ထင်မြင်ယူဆခဲ့ကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် Qin Gang လက်ထက်ရောက်လာသည့်အခါ အင်ဒိုနီးရှားခရီးစဉ်အတွင်း အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီကို ပြောကြားခဲ့မှုက နိုင်ငံတကာသံတမန်ရေးမျက်နှာစာတွင် တရုတ်အစိုးရသည် အာဆီယံ၏ ဦးဆောင်မှုကို လက်ခံထားသည်ဟု ပြသခဲ့သည်။
လွန်ခဲ့သော ၂ နှစ်အတွင်း တရုတ်သည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၊ အာဆီယံနှင့် စစ်ကောင်စီတို့အကြား ခွပြီးကစားနေရာမှ မေလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang နေပြည်တော်သို့ ရောက်ရှိလာပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ယခင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေတို့ကို တွေ့ဆုံကာ တရုတ်နိုင်ငံက စစ်ကောင်စီဘက်မှ ရပ်တည်ကြောင်း အတိအလင်း ထုတ်ဖော်ကြေညာခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံက မြန်မာပြည်သူများ၏ဆန္ဒကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လိုက်ခြင်းပင် ဖြစ်သည်။
Qin Gang သည် မြန်မာနိုင်ငံခရီးစဉ် မစတင်မီ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနှင့် တွေ့ဆုံခဲ့သေးသည်။ နိုလင်းဟေဇာက မြန်မာပြည်သူများ၏ဆန္ဒကို လေးစားရန် ပြောဆိုခဲ့သော်လည်း၊ Qin Gang က မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရန် တုံ့ပြန်ပြောဆိုခဲ့သည်။
တရုတ်သည် မြန်မာတွင် စစ်တပ်က “အာဏာသိမ်း” သည်ဟု လက်ခံထားခြင်း မရှိသလို၊ လက်ရှိဖြစ်နေသော မြန်မာ့နိုင်ငံရေးပြဿနာကို “ပြည်တွင်းရေး” ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် တရုတ်ခေါင်းဆောင်များ သုံးနှုန်းသော “အချုပ်အခြာအာဏာ” ဆိုသည့် အဓိပ္ပာယ်မှာ အာဏာကို မည်သည့်နည်းနှင့် ရသည်ဖြစ်စေ ယင်းသည် ပြည်တွင်းရေးသာဖြစ်ပြီး အာဏာလက်ရှိပုဂ္ဂိုလ်နှင့်သာ ပေါင်းသင်းဆက်ဆံမည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။
တရုတ်၏ နိုင်ငံတကာဆက်ဆံရေးကို လေ့လာမည်ဆိုလျှင်လည်း မြောက်ကိုရီးယား၊ အီရန်၊ ဆီးရီးယား စသည့် အာဏာရှင်နိုင်ငံများမှ အာဏာရှင်များကို ထောက်ခံကူညီနေသော သမိုင်းကြောင်းကိုသာ တွေ့မြင်ရမည်ဖြစ်ပြီး၊ ဒီမိုကရေစီလိုလားသော ပြည်သူများ၏ လှုပ်ရှားရုန်းကန်မှုကို ရပ်တည်ထောက်ခံခဲ့သော သမိုင်းကြောင်း မရှိခဲ့ပါ။
မကြာသေးခင်က ကလေးသူငယ် ၄၀ အပါအဝင် အရပ်သားပြည်သူ ၁၇၀ ခန့်ကို အစုအပြုံလိုက်သတ်ဖြတ်ခဲ့သော ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပေါ် စစ်ကောင်စီကို ရှုတ်ချရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဆွေးနွေးရန် ကြိုးပမ်းမှုကိုပင် တရုတ်နိုင်ငံက “ပြည်တွင်းရေး” ဟု ဆိုကာ စစ်ကောင်စီဘက်မှ ကာကွယ်ရပ်တည် ပိတ်ဆို့ခဲ့သည်။
တရုတ်၏ မြန်မာ့အရေးရပ်တည်ချက်သည် မင်းအောင်လှိုင်နှင့် စစ်တပ်၏ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုမြောက်သော အကြမ်းဖက်မှုများ ပိုမိုကျူးလွန်စေရန် အားပေးအားမြှောက်ပြုလိုက်ခြင်း ဖြစ်သဖြင့် မြန်မာပြည်တွင်းမှ တရုတ်၏ အကျိုးစီးပွားများနှင့် ပတ်သက်သော နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် တရုတ်ခေါင်းဆောင်များတွင်သာ တာဝန်ရှိပေလိမ့်မည်။
ကန့်လန့်ကာနောက်ကွယ်မှ ထွက်လာကြသော စစ်ခေါင်းဆောင်ဟောင်းများ
တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Peng Xiubin ကို တရားဝင်ကြေညာခြင်းမရှိဘဲ နေပြည်တော်သို့ စေလွှတ်ခဲ့ပြီး၊ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။ နိုင်ငံခြားရေးဝန်ကြီး Qin Gang ခရီးစဉ်၏ ရှေ့ပြေးအစီအစဉ်ဟု ယူဆရသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအပြောင်းအလဲများတွင် ၎င်း၏ တပည့်များဖြစ်သော ဦးသိန်းစိန်ကို သမ္မတရာထူး၊ မင်းအောင်လှိုင်ကို ကာကွယ်ရေးဦးစီးချုပ်ရာထူး စသဖြင့် စနစ်တကျ နေရာချထားခဲ့ပြီး၊ မြန်မာ့နိုင်ငံရေးမျက်နှာစာမှ လုံးဝ ပျောက်သွားခဲ့သော စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေသည် စစ်အာဏာသိမ်းပြီးနောက် ကျန်းကျန်းမာမာရှိနေပြီး၊ မစ္စတာ ဘန်ကီမွန်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang တို့ကို တွေ့ဆုံခဲ့ခြင်းဖြင့် နိုင်ငံရေးတွင် သိသာထင်ရှားစွာ ပြန်လည်ပါဝင်လာသည်။
ထို့အတူ ဘန်ကီမွန်းနှင့် Mr. Peng Xiubin နှစ်ဦးစလုံးက သမ္မတဟောင်း ဦးသိန်းစိန်ကို တွေ့ဆုံခဲ့ကြသည်။ တစ်ချိန်က စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဦးဆောင်ခဲ့သော ဦးသိန်းစိန်ကို နိုင်ငံတကာတွင် ပျော့ပျောင်းပြီး ပြုပြင်ပြောင်းလဲရေး လိုလားသည့် စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ် လက်ခံခဲ့ဖူးသည်။
ထိုအချက်များအရ နိုင်ငံရေးထွက်ပေါက်ပိတ်နေသော မင်းအောင်လှိုင်၏ အကျပ်အတည်းသည် ထင်ထားသည်ထက် ပို၍ ကြီးမားနေပြီး၊ ၎င်း၏ ဆရာသမားများဖြစ်ကြသော ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ပါ ကန့်လန့်ကာနောက်ကွယ်မှ ထွက်လာကြပြီး စစ်တပ်၏အကျိုးစီးပွားကို ဝိုင်းဝန်းကာကွယ်လာကြသည်ကို တွေ့မြင်နေရသည်။
စစ်ဗိုလ်ချုပ်များအားလုံးတွင် တူညီသောအချက်မှာ နိုင်ငံနှင့် ပြည်သူထက် စစ်တပ်၏ ကိုယ်ကျိုးစီးပွားကို ရသည့်နည်းလမ်းဖြင့် ကာကွယ်ကြခြင်း ဖြစ်သည်၊ စစ်တပ်၏ ကိုယ်ကျိုးစီးပွားဆိုသည်မှာလည်း လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ယနေ့အချိန်အထိ သန်းရွှေမှသည် မင်းအောင်လှိုင်အထိ စစ်ဗိုလ်ချုပ်ကြီးတိုင်းသည် အဆမတန် ချမ်းသာကြွယ်ဝကြပြီး၊ ၎င်းတို့၏ အာဏာနှင့် စည်းစိမ် တည်မြဲရေးအတွက် တိုင်းပြည်ကို တစ်စစီ ဖျက်ဆီးရန် ဝန်လေးကြသူများ မဟုတ်ပေ။
ဦးသိန်းစိန်နှင့် ပတ်သက်ပြီး မမေ့သင့်သော အချက်များ ရှိနေသည်။ ဦးသိန်းစိန် ဦးဆောင်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်စေရန် စနစ်တကျ အကွက်ချ စီစဉ်ပြီးမှ ရွေးကောက်ပွဲအနိုင်ရရန် ကြံစည်ခဲ့သည်။
သို့သော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး၊ စစ်ဗိုလ်ချုပ်များ ရာစုနှစ်ထက်ဝက်ကျော် ချုပ်ကိုင်ထားခဲ့သော နိုင်ငံတော်အာဏာကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်မှာ ဦးသိန်းစိန်၏ ဦးဆောင်မှုအောက်တွင် ဖြစ်ခဲ့သည်။
ထိုအချိန်ကစပြီး ဦးသိန်းစိန်သည် တပ်မတော်သမိုင်းတွင် နိုင်ငံတော်အာဏာကို ရွေးကောက်ခံ အရပ်သားသမ္မတလက်ထက် လွှဲအပ်ခဲ့ရသော ပထမဆုံးစစ်ဗိုလ်ချုပ်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ နိုင်ငံရေးဇာတ်ခုံ ကန့်လန့်ကာနောက်ကွယ်သို့ ဝင်ရောက်သွားခဲ့သည်။
ထိုစဉ်က ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်တချို့သည် အရှုံးသိက္ခာဆယ်ရင်း ထိုဖြစ်ရပ်ကို ယခင်က မရှိခဲ့ဖူးသော သမိုင်းဝင်ဖြစ်ရပ်အဖြစ် အမွှမ်းတင်ပြောဆိုခဲ့ကြသော်လည်း၊ နောက်ကွယ်တွင်မူ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များသည် NLD လက်ထဲမှ နိုင်ငံတော်အာဏာကို ပြန်လည်ရယူရန် သန္နိဋ္ဌာန်ချ ပြင်ဆင်ခဲ့ကြသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ မရှုမလှ ထပ်မံရှုံးနိမ့်ခဲ့ပြန်ရာ၊ ပါတီခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းများသည် မင်းအောင်လှိုင်ကို အာဏာသိမ်းရန် အဓိက တွန်းအားပေးခဲ့ကြသူများ ဖြစ်သည်။
ထို့ကြောင့် လက်ရှိ ဖြစ်ပွားလျက်ရှိသော စစ်တပ်နှင့် ပြည်သူအကြား နိုင်ငံရေးပြဿနာကို အဓိက ဖန်တီးခဲ့ကြသူများမှာ ကြံ့ခိုင်ရေးပါတီခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်သည်ကို မမေ့အပ်ပါ။
ထို့အတူ ကြံ့ခိုင်ရေးပါတီကို ဦးဆောင်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်၊ ပါတီအပေါ် တစ်စုံတစ်ရာ ဩဇာရှိနေဆဲဖြစ်သော ဦးသိန်းစိန်သည် စစ်တပ်က အာဏာသိမ်းရန် ကြံ့ခိုင်ရေးပါတီက တွန်းအားပေးခဲ့မှုတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်နိုင်ဖွယ် ရှိနေသည်။
ထို့ကြောင့် တိုင်းပြည်တွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေတွင် စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်ပေါက်ရန် ၎င်းတို့ ရှေ့ထွက်လာခြင်းမျိုး မဟုတ်ဘဲ မင်းအောင်လှိုင် ထွက်ပေါက်ပိတ်နေသော နိုင်ငံရေးအကျပ်အတည်းကို ကူညီခြင်းဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်နေခြင်းသာ ဖြစ်သည်။
စစ်အာဏာရှင်အဟောင်းအသစ်များ ညီညွတ်လာကြခြင်းက နွေဦးတော်လှန်ရေးနှင့်အတူ ပြည်သူတစ်ရပ်လုံး၏ စုစည်းညီညွတ်အားအပေါ် သန်းရွှေ၊ သိန်းစိန်နှင့် မင်းအောင်လှိုင်တို့ မည်မျှ စိုးရိမ် ထိတ်လန့်နေသည်ကို ပေါ်လွင်စေပါသည်။
ထို့ကြောင့် နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်လက်ဟောင်းလက်သစ် အားလုံးကို အပြီးတိုင် ဖယ်ရှားရေး ပို၍ အရေးကြီးလာပြီး၊ ပြည်သူများအကြား စုစည်းညီညွတ်မှုသည် ပို၍ အရေးကြီးသော အချိန်အခါသို့ ရောက်ရှိလာပြီ ဖြစ်ပေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)