သတင်း

စူပါဗိုလ်ချုပ် မိုးမြင့်ထွန်းနှင့် အပေါင်းပါများ ထွက်တော်မူ နန်းကခွာ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရုံးထိုင်ရာ နေပြည်တော်ရှိ တပ်ချုပ်ရုံးခန်းအနီးသို့ ဗိုလ်ချုပ်ကြီးနှစ်ဦး ရောက်လာသည်။ ညှိကွပ်ဟုခေါ်သည့် ညှိနှိုင်းကွပ်ကွဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ဖြစ်သည်။

တပ်ချုပ်ရုံးခန်းအတွင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးတစ်ယောက်သာ ဝင်ခွင့်ရသည်။ မည်သည့်ကိစ္စများ ဆွေးနွေးသည်၊ အမိန့်ပေးသည်ကို မသိရသော်လည်း တပ်ချုပ်ရုံးခန်းမှ အပြန်တွင် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနောက်သို့ အကြမ်းဖက်မှ အရာရှိတစ်ဦး စောင့်ကြပ်လိုက်ပါသွားသည်။

(အကြမ်းဖက်နှိမ်နင်းရေးတပ် (Special Operations Task Force – SOTF) ကို အလွယ်အားဖြင့် အကြမ်းဖက်ဟု ခေါ်ကြသည်။ စစ်ဗိုလ်ချုပ်ကြီးများကို အနီးကပ်လုံခြုံရေးပေးရသည့် တပ်ဖွဲ့ဖြစ်ပြီး ယူနီဖောင်းမှစ၍ ခေတ်အမီဆုံးလက်နက်ခဲယမ်းများ တပ်ဆင်ပေးထားသည်။)

စက်တင်ဘာ ၁၉ ရက်နေ့က နေပြည်တော်တွင် ဖြစ်ပျက်ခဲ့သော ဖြုတ်ထုတ်သတ်ဇာတ်ဝင်ခန်းတစ်ခုပင်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အယုံကြည်ဆုံး ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအတွက် စစ်ရုံးချုပ်အတွင်း နောက်ဆုံးအကြိမ် ခြေချခွင့်ရခြင်းဖြစ်ပေလိမ့်မည်။

ကုန်ဈေးနှုန်းကြီးမြင့်ကို အကြောင်းပြု၍ ဌာနဆိုင်ရာအရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်အများအပြားကို စစ်ဆေးပြီးနောက် ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် ကုန်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လာဘ်ယူသည်၊ စီးပွားရေးလုပ်ငန်းများတွင် အလွဲသုံးစားလုပ်သည်ဟု ပေါ်ပေါက်ခဲ့ကာ မဖြစ်မနေ အရေးယူခံလိုက်ရပြီဖြစ်သည်။

နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခံရစဉ် လုပ်ငန်းရှင်ကြီးများက မိုးမြင့်ထွန်းနှင့် ပတ်သက်၍ အကြောင်းစုံ ဖွင့်ချခဲ့ခြင်းဖြစ်သည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းထားသည့် ဌာနဆိုင်ရာနှင့် တပ်အသိုင်းအဝိုင်းမှ နီးစပ်သူများ အပါအဝင် လုပ်ငန်းရှင်များက အတည်ပြုသည်။

စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ရွှေနှင့်ငွေကြေးဈေးကွက် ထိန်းသိမ်းကြပ်မတ်ရေးကော်မတီတို့တွင် ဥက္ကဋ္ဌတာဝန်ယူထားသူဖြစ်သည်။

အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခံရသူများတွင် မိုးမြင့်ထွန်းအပြင် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ စီးပွားကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်တို့လည်း ပါဝင်သည်ဟု ယခုရက်ပိုင်းအတွင်း နေပြည်တော်သို့ သွားရောက်စစ်ဆေးခံခဲ့ရသည့် နာမည်ကြီးလုပ်ငန်းရှင်တစ်ဦးနှင့် နီးစပ်သူက တစ်ဆင့်ဖောက်သည်ချသည်။

မိုးမြင့်ထွန်းကို တာဝန်ယူဖမ်းဆီးခဲ့သူမှာ ဗိုလ်ချုပ်ကြီးမောင်မောင်အေးဖြစ်ကြောင်း၊ အဆိုပါ ထိပ်သီးဗိုလ်ချုပ်ကြီးနှစ်ဦးအကြား မိသားစုကိစ္စအပါအဝင် ယာဉ်တန်းဖြင့် သွားလာရာ၌ အဝင်အထွက်ကိစ္စအထိ မကျေလည်မှုများရှိနေကြောင်း၊ ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်မှာ မာရဝိဇယဘုရားပွဲပြီးကတည်းက ဆေးခွင့်ဖြင့် နှစ်လ အနားပေးခံထားရကြောင်းလည်း သိရသည်။

မိုးမြင့်ထွန်းနှင့် အပေါင်းပါများဖြစ်သော စီးပွားကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့မှာ စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းရေးလုပ်ငန်းတွင် ဒေါ်လာသန်းချီ ကိုယ်ကျိုးရှာခဲ့သည်ဟု ဆိုသည်။

စစ်ဆေးမေးမြန်းခံရသည့် စစ်ဗိုလ်ချုပ်များတွင် မိုးမြင့်ထွန်းနှင့် နီးကပ်သည့် ရေတပ်ဗိုလ်ချုပ်ကြီး မိုးအောင်လည်း ပါဝင်သည်ဟု အထက်ပါ နီးစပ်သူက ပြောသည်။

မိုးမြင့်ထွန်းကိစ္စနှင့် ပတ်သက်၍ စစ်တပ်ပိုင် မြဝတီဘဏ်မှ အထွေထွေမန်နေဂျာ ဦးယုလွင် စစ်ဆေးမေးမြန်းခံနေရပြီး ဘဏ်လုပ်ငန်းများပင် ရပ်တန့်နေသည်ဟု လက်ရှိစစ်ဗိုလ်ချုပ်များနှင့် အလှမ်းမဝေးသူ တပ်အရာရှိဟောင်းတစ်ဦးက ယနေ့ (စက်တင်ဘာ ၂၀) ပြောသည်။

ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ကျပ် ၃၀၀၀ ကျော် ဈေးပေါက်နေချိန် ဗဟိုဘဏ်ရောင်းဈေး ကျပ် ၂၀၀၀ ခန့် ခွဲတမ်းချပေးရာ၌ မိုးမြင့်ထွန်းနှင့် အပေါင်းပါတစ်စုက တဆင့်ပြန်ရောင်းခဲ့ကြောင်း၊ ဒေါ်လာ ၅ ဘီလျံဖိုးခန့် အလွဲသုံးစားလုပ်ခဲ့သည်ကို ဗဟိုဘဏ်ဥက္ကဋ္ဌက အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ကမောက်ကမတွေဖြစ်နေတဲ့အချိန်မှာ တိုက်ရိုက်မဖမ်းသေးဘဲ ရန်နောင်စိုးကို အရင်ဆွဲတယ်၊ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့) က စစ်တယ်။ အဂတိမှုတွေက မိုးမြင့်ထွန်းဆီမှာ ဂိတ်ဆုံးနေတဲ့အတွက် ဘာလုပ်ရမလဲလို့ မအလကို ပြောတော့ ပေါ်အောင်ဖော်လို့ ပြောလိုက်တယ်။ မကြာခင် အမိန့်ချမယ်လို့ သိရတယ်။ ပိုင်ဆိုင်မှုတွေပါ သိမ်းမယ်လို့ ကြားတယ်”

ယခုလ ၁၈ ရက်နေ့က ထုတ်ပြန်သည့် စစ်ကောင်စီ၏ အမိန့်စာတစ်စောင်အရ မိုးမြင့်ထွန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးကော်မတီတို့တွင် အခြားဗိုလ်ချုပ်ကြီးတစ်ဦးနှင့် အစားထိုးခန့်အပ်လိုက်ပြီဖြစ်သည်။

စူပါဗိုလ်ချုပ် မိုးမြင့်ထွန်းနှင့် အကျိုးစီးပွားရှာ ကုမ္ပဏီများ

ပြည်ပခရီးစဉ်တစ်ခုတွင် အာဏာသိမ်းခေါင်းဆောင်နှင့်အတူ စစ်လက်နက်ပစ္စည်းများ ကြည့်ရှုနေသည့် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း။ (စစ်ယူနီဖောင်းနှင့် ယာအစွန်)

မင်းအောင်လှိုင်၏ အထူးပစားပေးခြင်းခံရသူ၊ ရာထူးနေရာအများအပြား ရရှိထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် စီးပွားရေးအသိုင်းအဝိုင်းအတွင်း စူပါဗိုလ်ချုပ်ဟု ကျော်ကြားသူဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမည့်သူဟုပင် ထင်ကြေးပေးခံခဲ့ရသူ မိုးမြင့်ထွန်းမှာ ရာနှင့်ချီသော စစ်ဗိုလ်ချုပ်များအနက် စစ်တပ်၊ စစ်ကောင်စီနှင့် အစိုးရအဖွဲ့ သုံးနေရာစလုံးတွင် နေရာပေးခံရသူဖြစ်သည်။ ခေတ်အဆက်ဆက် ဗိုလ်ချုပ်ကြီးများနှင့် အနီးကပ်နေထိုင်ခဲ့ရသူဖြစ်ကာ အသက် ၄၈ နှစ်အရွယ်၌ပင် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးကို ရရှိခဲ့သည်။

စစ်တက္ကသိုတ်အပတ်စဉ် (၃၀) တက်ရောက်ခဲ့သူ မိုးမြင့်ထွန်းမှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ထက် ၁၀ နှစ်ကျော် ငယ်ရွယ်သူဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ စီးပွားရေးနှင့်ဆိုင်သော ကော်မတီ၊ ကော်မရှင်များကို ဦးဆောင်ရသူဖြစ်သည်။ ပြည်တွင်းပြည်ပ ခရီးစဉ်တိုင်းလိုလိုတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အနီးကပ်ဆုံးမြင်ရသူလည်းဖြစ်သည်။

စစ်ကောင်စီလက်ထက် စီးပွားရေးကိစ္စအဝဝကို နောက်ကွယ်မှ ချုပ်ကိုင်ခြယ်လှယ်ခွင့်ရသူ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ ယခင်ကတည်းကပင် မင်းအောင်လှိုင်နည်းတူ မိသားစုပိုင်ကုမ္ပဏီများ ထူထောင်ကာ စီးပွားရေးသောင်းကျန်းနေသူဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဝန်ကြီးဌာနများ၏ စီမံကိန်းတင်ဒါများကို မိုးမြင့်ထွန်းပိုင်ကုမ္ပဏီများ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများအရ မိုးမြင့်ထွန်းပိုင် ကုမ္ပဏီများတွင် ရတနာမိုးထက်အောင်၊ ပင်ကံ့ကော်နှင့် ဖြိုးပြည့်ပြည့်ကုမ္ပဏီအမည်ရ ဆောက်လုပ်ရေးကုမ္ပဏီများ ပါဝင်ပြီး ထိုကုမ္ပဏီများတွင် မိုးမြင့်ထွန်း၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ပပချစ်နှင့် သမီးသုံးဦးဖြစ်သော အသက် ၂၈ နှစ်အရွယ် မရတနာမိုးမြင့်၊ ၂၅ နှစ်အရွယ် မမိုးထက်ထက်ထွန်းနှင့် ၂၁ နှစ်အရွယ် မခိုင်မိုးမြင့်တို့က ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ပါဝင်နေသည်။

ရတနာမိုးထက်အောင်နှင့် ပင်ကံ့ကော်ကုမ္ပဏီနှစ်ခုကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဇမ္ဗူဒီပရပ်ကွက် သုံးဆယ်လမ်းနှင့် ယူကလစ်လမ်းထောင့် ရာဇသင်္ဂဟအိမ်ရာလိပ်စာဖြင့် ၂၀၂၀ ခုနှစ် ဩဂုတ်လနှင့် နိုဝင်ဘာလတွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ ကျန်ကုမ္ပဏီတစ်ခုဖြစ်သည့် ဖြိုးပြည့်ပြည့်ကုမ္ပဏီကို ၂၀၂၀ အောက်တိုဘာတွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကာ အမှတ် ၁၂၇၇၊ ၁၉ လမ်း၊ ပေါင်းလောင်း ၃ ၊ ရွာကောက်ရပ်ကွက်၊ ပျဉ်းမနားမြို့နယ်တွင် ရုံးဖွင့်လှစ်ထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မိုးမြင့်ထွန်းမိသားစုပိုင် ကုမ္ပဏီများ တင်ဒါရရှိမှုအရေအတွက် အတိအကျကို မသိရသော်လည်း ပြီးခဲ့သည့်နှစ်လယ်ပိုင်းအထိ လုပ်ငန်းတင်ဒါ ၉ ခု လုပ်ပိုင်ခွင့်ရရှိခဲ့သည်။

ပြီးခဲ့သည်နှစ် အောက်တိုဘာအထိ နယ်စပ်ရေးရာဝန်ကြီးဌာနက ချထားပေးသည့် စီမံကိန်းလေးခု၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အကျဉ်းဦးစီးဌာနက လုပ်ကိုင်သည့် စီမံကိန်းသုံးခု၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ဓာတ်ကြိုးပြန်လည်ပြုပြင်ရေးစီမံကိန်း အနည်းဆုံးတစ်ခု တင်ဒါအနိုင်ရရှိခဲ့သည်။

၂၀၂၁ အောက်တိုဘာမှ ၂၀၂၂ နှစ် ‌မတ်လအထိ နိုင်ငံတော်၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပအိုဝ်းဒေသ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းတင်ဒါ ရရှိခဲ့သလို နယ်စပ်ရေးရာဝန်ကြီးဌာန၏ အခြားတင်ဒါများလည်း ရရှိခဲ့သည်။

ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီးဌာနက ဆောင်ရွက်သည့် တင်ဒါသုံးခုကိုလည်း မိုးမြင့်ထွန်းမိသားစုပိုင် ကုမ္ပဏီသုံးခုက လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ စီမံကိန်းများ၏ တန်ဖိုးကိုမူ မသိရပေ။

ထိုမျှသာမကပေ။ နေပြည်တော်ဧရိယာအတွင်း လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းရေးစီမံကိန်း၊ စည်ပင်၊ ရဲတပ်ဖွဲ့တို့နှင့် ဆိုင်သော တင်ဒါများကိုလည်း စစ်ကောင်စီအဖွဲ့ဝင် မိုးမြင့်ထွန်းမိသားစု၏ ကုမ္ပဏီများပင် လုပ်ကိုင်ခွင့်ရရှိထားသည်ဟု စုံစမ်းသိရှိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းပိုင်ကုမ္ပဏီများ စီမံကိန်းတင်ဒါ ရရှိရေးအတွက် စစ်တက္ကသိုလ်အပတ်စဉ် (၄၉) ကျောင်းဆင်း ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိနှစ်ဦးက အဓိကကြီးကြပ်ပေးနေကြောင်း စစ်ကောင်စီနှင့် နီးစပ်သော စီးပွားရေးသတင်းရင်းမြစ်က ဆိုသည်။

“ပိုက်ဆံလွယ်လွယ် ခပ်ယူတဲ့သဘောမျိုးပဲ လုပ်တာပဲ။ ခက်ခက်ခဲခဲ လမ်းခင်းတာတို့ (နေပြည်တော်မှာ) သိပ်မလုပ်ဘူး။ လမ်းခင်းတဲ့ဟာတော့ ရှားတယ်။ လုပ်ပေးမယ့်သူရှိမှ ပြိုင်မှာပဲ။ အဖွဲ့အကြီးကြီး မဖွဲ့ထားဘူး။ အဲဒီဗိုလ်ကြီးနှစ်ယောက်နဲ့တင် အကုန်လုံးကို ကိုင်ထားတာ” ဟု ၎င်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများကို ရာထူးလက်ဝယ်ဖြင့် ကြီးကြပ်နေသူ ဗိုလ်ချုပ်ကြီး၏ မိသားစုပိုင်ကုမ္ပဏီများက ဌာနဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ရရှိနေခြင်းမှာ အထူးအဆန်းတော့ မဟုတ်ပေ။ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်ကြီးများက မရေမတွက်နိုင်သော လုပ်ငန်းများဖြင့် စီးပွားရေးအကျိုးအမြတ် ထူထောင်ရယူကြသည်မှာ ဓမ္မတာလိုဖြစ်နေသည်။

“အခုချိန်က အကျိုးစီးပွား ကြီးကြီးမားမားဖြစ်တာပေါ့။ နဂိုကတည်းကလည်း အကျိုးစီးပွားတွေက ရှိခဲ့တယ်။ အခုချိန်မှာလည်း ရှိတယ်။ သူတို့ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ခေါင်းဆောင်တွေက အကျိုးစီးပွားတွေကတော့ ရစမြဲပါပဲ” ဟု အာဏာသိမ်းပြီးနောက် စစ်တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးလင်းထက်အောင်က မှတ်ချက်ပြုသည်။

မိုးမြင့်ထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်ပပချစ်တို့အပြင် အရွယ်ရောက်ပြီး သားသမီးသုံးဦးတို့သည် ၂၀၂၁ ကတည်းက အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူခြင်း ခံထားရသည်။

လက်ရဲဇက်ရဲ ပြည်ထဲရေးဝန်ကြီးဟောင်း

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်စိုးထွဋ်လည်း အရေးယူခံထားရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အလိုကျ အာဏာသိမ်းမှု ဆန့်ကျင်သူမှန်သမျှကို နည်းလမ်းမျိုးစုံဖြင့် အရက်စက်ဆုံးဖြိုခွင်းခဲ့သူမှာ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ဖြစ်သည်။ များစွာသော စစ်ဗိုလ်ချုပ်များအနက် သနားညှာတာမှုကင်းမဲ့သူ၊ လက်ရဲဇက်ရဲရှိသူအဖြစ် ဥပဓိရုပ်၌ပင် ပေါ်လွင်နေသူဖြစ်သည်။

စစ်ကောင်စီလက်ထက် လူမဆန်ဆုံးလုပ်ရပ်တစ်ခုဖြစ်သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီလိုလားသူ အရပ်သားနှစ်ဦးတို့ကို ကြိုးပေးကွပ်မျက်ခဲ့ရာ၌ အနီးကပ်ကြီးကြပ်ခဲ့သူမှာ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးအနေဖြင့် လက်နက်ကိုင်ရဲတပ်ဖွဲ့အပြင် အစဉ်အဆက် နာမည်ဆိုးဖြင့်ကျော်ကြားသည့် စလုံးလုံးဌာန၊ အကျဉ်းဦးစီးဌာနတို့ကို စိတ်ကြိုက်ကိုင်တွယ်ရသူ ဖြစ်သည်။ ၎င်း၏လက်ထက်တွင် လူပေါင်းတစ်သောင်းကျော် ဖမ်းဆီးထောင်ချခံရပြီး အကျဉ်းထောင်များအတွင်း ရောက်သည့်တိုင် နည်းမျိုးစုံဖြင့် နှိပ်စက်ညှဉ်းပန်းခံရတတ်သည်။

ဗိုလ်သင်တန်းအပတ်စဉ် ၆၄ (OTS-64) တက်ရောက်ခဲ့သူ စိုးထွဋ်မှာ နဝတကောင်စီအတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦးနှင့်အတူ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့သူ ဗိုလ်မှူးချုပ်လွန်းမောင်၏သား ဖြစ်သည်။

ဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ ယခင်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်ခဲ့သည်။ အာဏာမသိမ်းမီ လအနည်းငယ်အလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အစားထိုးခန့်အပ်ခဲ့သည်။

စစ်ဘက်ထောက်လှမ်းရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ကြိုကြိုတင်တင်ပို့ခဲ့ခြင်းမှာ အာဏာသိမ်းရန် ပြင်ဆင်မှုတစ်ခုပင်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ပြည်ထဲရေးဝန်ကြီးအဖြစ်သာမက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ်ပါ ခန့်အပ်ခံရသည်အထိ မင်းအောင်လှိုင် အထူးအားထားခဲ့သူဖြစ်သည်။

စစ်ခေါင်းဆောင်၏ အနီးကပ်လူယုံတစ်ဦးဖြစ်သော ပြည်ထဲရေးဝန်ကြီးဟောင်းမှာ သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးနည်းတူ စီးပွားရေးသောင်းကျန်းသူပင်ဖြစ်သည်။

မိသားစုပိုင်ကုမ္ပဏီများ ထူထောင်ထားပြီး ဖခင်ဖြစ်သူ စရဖချုပ်ဖြစ်ချိန်ကတည်းက ဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သားများပိုင်ဆိုင်သည့် ကုမ္ပဏီများက ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လမ်းဆောက်လုပ်ရေးစီမံကိန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ ဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သားများဖြစ်ကြသည့် မင်းသန်းထွဋ်၊ စည်သူထွဋ်နှင့် စိုးမိုးထွဋ်တို့ပိုင် H Double H ကုမ္ပဏီကို နယ်စပ်ရေးရာဝန်ကြီးဌာနက လုပ်ပိုင်ခွင့်ချပေးခဲ့ခြင်းပင်။

DICA မှတ်တမ်းများအရ စိုးထွဋ်သားများပိုင် H Double H ကုမ္ပဏီသည် ဆောက်လုပ်ရေးနှင့် သတ္တုတူးဖော်ရေး အပါအဝင် လုပ်ငန်းအမျိုးအစား ၂၆ မျိုးအထိ လုပ်ကိုင်နေသည်။ ထို့ပြင် Cherry Chapter Myanmar နှင့် Strong Step အမည်ရှိကုမ္ပဏီများလည်း ထူထောင်ကာ ဓာတ်ငွေ့ထုတ်ယူရေး၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ သစ်ထုတ်လုပ်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ မြို့ပြင်အင်ဂျင်နီယာလုပ်ငန်းများနှင့် လက်လီလက်ကားဖြန့်ဖြူးရောင်းချရေးအထိ လုပ်ကိုင်လျက်ရှိသည်။

ဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတတ် (MEHL) ၌ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်သည်။ ဦးပိုင်လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Myanmar Imperial Jade သည် နာမည်ကျော် ဖားကန့်ဒေသ၌ ကျောက်စိမ်းလုပ်ငန်းလိုင်စင် အများဆုံးရရှိထားသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းက ဖားကန့်ဒေသ၌ ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် သေဆုံးခဲ့ရသည့် မြေပြိုမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရာ၌ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် ပါဝင်ခဲ့သဖြင့် အကျိုးစီးပွားပဋိပက္ခဖြစ်နေကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအဖွဲ့ Justice For Myanmar က ထောက်ပြခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက်တွင် ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးစိုးထွဋ် ပို၍တန်ခိုးထွားလာကာ ရဲတပ်ဖွဲ့ဝင်များ၏ ယူနီဖောင်းမှစ၍ ဝန်ကြီးဌာနတစ်ခုလုံး၏ အသုံးစရိတ်များနှင့် ပတ်သက်၍ အလွဲသုံးစားပြုကာ ကိုယ်ကျိုးရှာခဲ့ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။

စစ်ခေါင်းဆောင်က ၎င်းအပေါ် အမြင်မကြည်လင်တော့ကြောင်း ဗိုလ်ချုပ်ကြီးစိုးထွဋ်က အသိပေးကာ အကူအညီပေးရန် တောင်းဆိုခဲ့ဖူးကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးနှင့် နီးစပ်သူက တစ်ဆင့်စကားတစ်ဆင့်နား ဖောက်သည်ချသည်။

ဩဂုတ်လဆန်းပိုင်း၌ ပြုလုပ်ခဲ့သော မာရဝိဇယဘုရားပွဲအပြီးတွင် အူမကြီးကင်ဆာဝေဒနာ ခံစားနေရသူ ဗိုလ်ချုပ်စိုးထွဋ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆေးခွင့်ဖြင့် နှစ်လ အနားပေးခဲ့သည်ဟု ဆိုသည်။ အရေးပေါ်ကာလသက်တမ်း ခြောက်လတိုးပြီးနောက် စစ်ကောင်စီက အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဗိုလ်ချုပ်ကြီးစိုးထွဋ်လည်း ပြည်ထဲရေးဝန်ကြီးနေရာမှ အပြီးတိုင် အနားပေးခံရသည်။ ထို့ပြင် ဒုဝန်ကြီးချုပ်ရာထူးမှပါ အနားပေးခံရသည်။​

လက်ရှိအချိန်တွင် မိုးမြင့်ထွန်းနည်းတူ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်လည်း စစ်ဆေးအရေးယူခံနေရသည်ဟု သိရသည်။ အကြောင်းရင်းအသေးစိတ်ကို မသိရသေးသော်လည်း မိုးမြင့်ထွန်းမိသားစုပိုင်ကုမ္ပဏီများ လုပ်ပိုင်ခွင့်ရခဲ့သည့် စီမံကိန်းတင်ဒါအချို့သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆက်စပ်နေသည်က သတိချပ်ဖွယ်ဖြစ်သည်။ 

အကျင့်ပျက်ရာဇဝင်ရှိသူ စီးကူးဒုဝန်ကြီး

မိုးမြင့်ထွန်းနှင့်အတူ အရေးယူခံရသည့် စီးပွားကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်။

မိုးမြင့်ထွန်းနှင့်အတူ တစ်ပါတည်း အရေးယူခံနေရသည့် စီးပွားကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်မှာ ယခင်ကတည်းက နာမည်ပျက်ရှိသူဖြစ်ကာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရလက်ထက်တွင် ကုန်သွယ်ညွှန်ချုပ်အဖြစ်မှ ထုတ်ပယ်ခံရသူဖြစ်သည်

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် ယာဉ်ယန္တရားကြီးများ တရားမဝင် ဝင်ရောက်နေမှုအပေါ် စုံစမ်းစစ်ဆေးရန် သမ္မတရုံးက ညွှန်ကြားခဲ့သော်လည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်း မရှိသဖြင့် ဦးညွန့်အောင်နှင့် တခြားအစိုးရအရာရှိများကို ၂၀၁၆ ခုနှစ်တွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ဦးညွန့်အောင်မှာ စီးပွားကူးသန်းဝန်ကြီးဌာနသို့ ၁၉၉၉ ဝန်းကျင်တွင် ပြောင်းရွှေ့လာသူဖြစ်သည်။ ယင်းမတိုင်မီက စစ်ထောက်လှမ်းရေးတွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဦးညွန့်အောင်မှာ သူငယ်ချင်းများဖြစ်ကြသည်။ စစ်တက္ကသိုလ်အပတ်စဉ် (၃၀) ကို အတူတူတက်ရောက်ခဲ့သူများဖြစ်သည်။

အကျင့်ပျက်ခြစားမှုဖြင့် ကုန်သွယ်ညွှန်ချုပ်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသူ ဦးညွန့်အောင်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားကူးသန်းဒုဝန်ကြီးဖြစ်လာသည်။ ထိုမျှသာမကဘဲ စစ်ကောင်စီ၏ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကော်မတီ၌ အတွင်းရေးမှူးဖြစ်သည်။

ထို့ပြင် သူငယ်ချင်းဖြစ်သူ မိုးမြင့်ထွန်း ဥက္ကဋ္ဌတာဝန်ယူထားသည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရကာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးကော်မတီ၏ လုပ်ငန်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရသည်။

ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ်ရန်နောင်စိုးကို စတင်ဖမ်းဆီးပြီးနောက် မိုးမြင့်ထွန်းနှင့် ဦးညွန့်အောင်တို့ကို ဆက်လက်အရေးယူခဲ့ခြင်းဖြစ်သည်။ ရန်နောင်စိုးမှာ မိုးမြင့်ထွန်း၏ လူပင်ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံမှ ချွတ်ခြုံကျကာ တိုင်းပြည်စီးပွားရေး ပျက်သုဉ်းနေသော်လည်း စစ်ဗိုလ်ချုပ်ကြီးများ၏ အကျင့်ပျက်ခြစားမှုအကြောင်း အပုပ်နံ့လှိုင်လှိုင်ထွက်လာသည်။ ရန်ကုန်မြို့၌ပင် လူအများ ဆန်ဆီ တန်းစီတိုးဝယ်နေရချိန် နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများက ဒေါ်လာသန်းနှင့်ချီ ကိုယ်ကျိုးရှာသည့်ဖြစ်စဉ်ကြီး ဘူးပေါ်သလို ပေါ်ပေါက်လာခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button