အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အထုတ်ပယ်ခံ ကုန်သွယ်ရေးညွှန်ချုပ်ဟောင်းကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ခိုင်း

ဦးသိန်းစိန်အစိုးရလက်ထက်တွင် စုံစမ်းစစ်ဆေးခံရပြီးနောက် ကုန်သွယ်ရေးညွှန်ချုပ်အဖြစ်မှ အရေးယူထုတ်ပယ်ခံရသူ ဦးညွန့်အောင်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားကူးသန်းဒုဝန်ကြီးဖြစ်လာသည့်ပြင် ယခုအခါ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီတွင် အတွင်းရေးမှူးဖြစ်လာသည်။ 

စစ်ထောက်လှမ်းရေးဟောင်းတစ်ဦးလည်းဖြစ်သူ ဦးညွန့်အောင်ကို အာဏာသိမ်းစစ်ကောင်စီက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အတွင်းရေးမှူးအဖြစ် ခန့်အပ်ထားကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက ထုတ်ပြန်သည့် မြန်မာနိုင်ငံပြန်တမ်းအရ သိရသည်။ 

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် ယာဉ်ယန္တရားကြီးများ တရားမဝင် ဝင်ရောက်နေမှုအပေါ် စုံစမ်းစစ်ဆေးရန် သမ္မတရုံးက ညွှန်ကြားခဲ့သော်လည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်း မရှိသဖြင့် ဦးညွန့်အောင်နှင့် တခြားအစိုးရအရာရှိများကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။ 

ထိုစဉ်က ရာထူးမှ ထုတ်ပယ်ခံရသူများတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်နှင့်အတူ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းနှင့် ကချင်ပြည်နယ်ရှိ အစိုးရအရာရှိများ ပါဝင်ခဲ့သည်။

အရေးယူထုတ်ပယ်ခံရဖူးသူ ကုန်သွယ်ရေးညွှန်ချုပ်ကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းတွင် တာဝန်ပေးခြင်းမှာ ဆီလျော်ခြင်း မရှိဟု အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက မှတ်ချက်ပြုသည်။ 

အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခံရသူဟု ဆိုနိုင်သည့် ဦးညွန့်အောင်မှာ စီးပွားကူးသန်းဝန်ကြီးဌာနသို့ ၁၉၉၉ ဝန်းကျင်တွင် ပြောင်းရွှေ့လာသူဖြစ်သည်။ ထိုစဉ်က ၎င်းမှာ စစ်ထောက်လှမ်းရေးတွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဦးညွန့်အောင်မှာ အာဏာသိမ်းခေါင်းဆောင်၏ အနီးကပ်လူယုံတော်တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် စစ်တက္ကသိုလ်အပတ်စဉ် ၃၀ အတူတက်ခဲ့သူဖြစ်သည်။ စစ်ကောင်စီအဖွဲ့ဝင် မိုးမြင့်ထွန်းမှာ တပ်မတော်၌ နံပါတ် ၄ အဆင့်အရေးပါဆုံးရာထူးဖြစ်သည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်သည်။ ​

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၌ အပတ်စဉ်တူ သူငယ်ချင်းဖြစ်သူ ဦးညွန့်အောင်က အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။ ထို့ပြင် ဦးညွန့်အောင်မှာ စစ်ကောင်စီ၏ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌလည်း ဖြစ်သည်။​ 

စစ်တပ်က အာဏာသိမ်းပြီး တစ်ပတ်အတွင်း စီးပွားကူးသန်းဒုဝန်ကြီးဖြစ်လာသူ ဦးညွန့်အောင်မှာ မှောင်ခိုကုန်သွယ်မှုပပျောက်ရေးအတွက် ပေါ်ပေါက်ဖူးသည့် ရွေ့လျားစစ်ဆေးရေးအဖွဲ့ (Mobile Team) ကို ဒုညွှန်ချုပ်ဘဝဖြင့် ဦးဆောင်ဖူးသည်။ 

၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် Mobile Team အဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ ဖျက်သိမ်းရသည့် အကြောင်းရင်းများတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ဖမ်းဆီးရမိသည့် တရားမဝင်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ခြင်းများလည်း ပါဝင်သည်။ 

ဥပမာအားဖြင့် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက နောင်ချိုတွင် အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိရာ၌ နိုင်ငံပိုင်သတင်းစာပါ စာရင်းနှင့် အမှန်တကယ်ဖမ်းမိသည့်စာရင်း ကွာခြားနေကြောင်း ဝေဖန်မှုများရှိခဲ့သည်။​

စစ်ကောင်စီက ယခင်ရှိခဲ့ဖူးသည့် Mobile Team နည်းတူ တရားမဝင်ကုန်သွယ်မှု ထိန်းချုပ်ရန် လှုပ်ရှားလာခြင်းဖြစ်သည်ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုပြီး လာဘ်ပေးလာဘ်ယူမှု ကြီးထွားလာနိုင်ကြောင်း အခြားလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။ 

“နောက်ဆုံးကတော့ အာရကေ (ငွေကြေး) လမ်းကြောင်းပဲ ဖြစ်သွားမှာပဲ။ အကုန်လုံးက အာရကေတွေပဲ။ အခုက လဝကတောင်မှ မူဆယ်လမ်းမှာ ဘာမဆိုင်ညာမဆိုင် ပိုက်ဆံပေးနေရတာ။ ငါးထောင်တို့ တစ်သောင်းတို့ ပေးနေရတာ” ဟု မန္တလေးမြို့မှ အသက် ၆၀ ကျော်အရွယ် သွင်းကုန်လုပ်ငန်းရှင်က ပြောသည်။  

စစ်ကောင်စီ၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုသည်မှာ လုံခြုံရေးအကြောင်းပြချက်ဖြင့် လမ်းမပေါ်ရောက်လာသည့် စစ်ဆေးရေးဂိတ်များနည်းတူ ကုန်သွယ်မှုကြီးကြပ်မည့် ဝန်ထမ်းများကို အာဏာတိုးပေးသည့် သဘောဆောင်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီလက်ထက်တွင် သွင်းကုန်ထိန်းချုပ်လာသည့်ပြင် တရုတ် – မြန်မာနယ်စပ်တွင် ကုန်သွယ်ရေးစနစ်အပြောင်းအလဲများကြောင့် ကုန်ကျစရိတ်ကြီးမားလာ၍ ပုံမှန်ကုန်သွယ်မှုများပင် ရပ်တန့်နေကြောင်းလည်း ၎င်းက ဆိုသည်။

မူဆယ်ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်တချို့ကို ပြီးခဲ့သည့်နှစ် ဧပြီလနှင့် ဇူလိုင်လအတွင်း တရုတ်က တစ်ဖက်သတ် ပိတ်ပင်ခဲ့သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို တရုတ်က အကန့်အသတ်ဖြင့်သာ ပြန်ဖွင့်ပေးခဲ့သည်။

တရုတ်နိုင်ငံဘက်ခြမ်းသို့ ကုန်တင်ကားများ တိုက်ရိုက်သွားခွင့်မရသောကြောင့် ကွန်တိန်နာတစ်လုံးလျှင် တရုတ်ငွေ ယွမ် ၆,၀၀၀ (ကျပ် ၁၈ သိန်း) ခန့် စရိတ်ပိုလာကြောင်း နယ်စပ်ကုန်သွယ်ရေးအသိုင်းအဝိုင်းထံမှ သိရသည်။ 

ထို့ပြင် နယ်စပ်ရှိ စစ်ကောင်စီ၏ အကောက်ခွန်၊ နယ်စပ်ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ရဲနှင့် စစ်သားများကိုလည်း ငွေကြေးပေးဆောင်နေရပြီး နေရာဌာနတစ်ခုလျှင် ကျပ်ငါးထောင်မှ သုံးသောင်းအထိ ကုန်ကျနေကြောင်း ကုန်တင်ယာဉ်မောင်းများနှင့် ကုန်သည်များက ဆိုသည်။ 

ပြည်တွင်းဝယ်လိုအားကြောင့် ကုန်ပစ္စည်းများ အပြိုင်အဆိုင်တင်သွင်းနေရာတွင် စစ်ကောင်စီက သွင်းကုန်လိုင်စင်ဖြင့် ထိန်းချုပ်ထားသဖြင့် မှောင်ခိုလမ်းကြောင်းကိုသာ အားကိုးရမည့် အခြေအနေဖြစ်ကြောင်း အထက်ပါ သွင်းကုန်လုပ်ငန်းရှင်က ဆိုသည်။ 

“လွယ်ကူတာတွေ အကုန်လုံးကို ခက်ခဲအောင်လုပ်တယ်။ တိုင်းပြည်က နောက်ပြန်ပြီးတော့ အနှစ် ၂၀ လောက် ဆုတ်သွားတယ်” ဟု ၎င်းက ပြောသည်။​

စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ အာဏာမသိမ်းမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ အောက်တိုဘာမှ ၂၀၂၁ ဇန်နဝါရီအထိ မူဆယ်အခြေပြု နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ကာလတူ၌ ၃၂၄ သန်းသာရှိသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းကို စစ်ကောင်စီဒုဥက္ကဋ္ဌ ဦးဆောင်မည်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုထိန်းချုပ်ရေးအတွက် ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်သည့် ကော်မတီအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ 

အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှ ပြီးခဲ့သည့် အောက်တိုဘာလအထိ ၉ လတာအတွင်း ဖမ်းမီးရမိသည့် တရားမဝင်ကုန်သွယ်မှုအမှုတွဲပေါင်း ၁၅၀၀ ကျော်ရှိကာ တန်ဖိုးအားဖြင့် ကျပ်သန်း ၆၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။​

ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှုညွှန်းကိန်းအရ နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် မြန်မာက အဆင့် ၈၂ နေရာတွင် ရပ်တည်နေပြီး၊ ကပ်လျက်ရှိ အဆင့် ၈၃ နှင့် ၈၄ ရှိ နိုင်ငံများမှာ လစ်ဗျားနှင့် အီရတ်ဖြစ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button