သတင်း

ညွှန်ချုပ်တာဝန်မှ ထုတ်ပယ်ခံထားရသူ စစ်ကောင်စီ၏ ဒုဝန်ကြီး ဖြစ်လာ

စစ်ကောင်စီခန့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးညွန့်အောင်မှာ လွန်ခဲ့သော ၅နှစ်က ဖားကန့်တွင် တရားမဝင်စက်ယန္တရား အမြောက်အမြားရောက်ရှိနေမှုဖြင့် စုံစမ်းစစ်ဆေးခံရပြီးနောက် ကုန်သွယ်ရေးဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်ရာထူးမှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။ 

၂၀၁၅ ဒီဇင်ဘာမှ ၂၀၁၆ ဇန်နဝါရီအတွင်း ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းများတွင် တရုတ်ဘက်မှ တရားမဝင်ယန္တရားကြီးများ အရေအတွက်အလွန်အကျွံသုံးစွဲနေမှုကို ထိရောက်သည့် အရေးယူမှုမရှိကြောင်း စိစစ်တွေ့ရှိ၍ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က အလုပ်ဖြုတ်ခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေတို့နှင့်အညီ သမ္မတအမိန့်ဖြင့် ဦးညွန့်အောင်ကို အငြိမ်းစားပေးလိုက်သည်ဟု ၂၀၁၆၊ ဖေဖော်ဝါရီ ၂၉ ရက်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း၌ ဖော်ပြသည်။

ထိုကိစ္စဖြင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းမှာလည်း ဦးညွန့်အောင်နှင့်အတူ တစ်ရက်တည်း ထုတ်ပယ်ခံခဲ့ရသည်။

ဦးညွန့်အောင်သည် လက်ရှိ စစ်တပ်တွင် အသက်အငယ်ဆုံးထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၃၀တွင် အတူတက်ခဲ့သည်ဟု Myanmar Now ၏ ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ထောက်လှမ်းရေးဗိုလ်ကြီးတာဝန်ထမ်းဆောင်နေသည့် ဦးညွန့်အောင်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၁၉၉၉ ဝန်းကျင်၊ ဗိုလ်ချုပ်ကျော်သန်း စီးပွားကူးသန်းဝန်ကြီးဖြစ်နေချိန်တွင် ထိုဌာနသို့ ပြောင်းရွှေ့လာသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး စီးပွားကူးသန်းမှ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ပြောင်းပြီး မကြာမီတွင် ဦးညွန့်အောင်က အဆိုပါဌာနသို့ ရောက်လာကြောင်း ထိုသတင်းရင်းမြစ်ထံမှ သိရသည်။

ဦးသိန်းစိန်အစိုးရလက်ထက်က စီးပွားကူးသန်း၌ ဒုညွှန်ချုပ်တာဝန် ထမ်းဆောင်နေချိန်တွင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ရွေ့လျားစစ်ဆေးရေးအဖွဲ့(Mobile Team)ကို ဦးညွန့်အောင် ဦးဆောင်ခဲ့ဖူးသည်ဟု ၎င်းက ဆက်ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် စီးပွားကူးသန်းကို ပါဝါတက်အောင်လုပ်ချင်တာပေါ့ဗျ။ ဒီနယ်စပ်အကုန်လုံးက Custom (အကောက်ခွန်)ကလည်း သူတို့အောက် အကုန်လုံးဖြစ်ရမယ်။ အဲဒါမျိုးလုပ်ချင်တာ”ဟု ထိုစဉ်က ဦးညွန့်အောင်၏ ခြေလှမ်းကို အထက်ပါသတင်းရင်းမြစ်က သုံးသပ်သည်။

ထိုအဖွဲ့မှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရအဖွဲ့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့ထံသို့ တာဝန်လွှဲပြောင်းသည့် ၂၀၁၆ တွင် ဖျက်သိမ်းခံရသည်။

ထို့နောက် ငါးနှစ်ကြာ ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် NLD ၏ အရပ်သားအစိုးရအဖွဲ့ကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဦးညွန့်အောင်ကို စစ်ကောင်စီက စီးပွားရေး၊ ကုန်သွယ်ရေး ကိစ္စများတွင် ပြန်၍နေရာပေးသည်။

လက်ရှိတွင် စီးပွားကူးသန်းဒုဝန်ကြီးတာဝန်ထမ်းဆောင်နေသည့် ဦးညွန့်အောင်မှာ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဦးဆောင်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

ဦးညွန့်အောင်၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနတွင် ဝန်ကြီးအဖြစ် ဦးသိန်းစိန်အစိုးရလက်ထက် ထိုဌာန ဒုဝန်ကြီး၊ ကြံ့ခိုင်ရေးပါတီဝင် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာပွင့်ဆန်းကို ခန့်ထားသည်။

စစ်တပ်က ရလဒ်ကို ငြင်းပယ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မရမ်းကုန်း မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာပွင့်ဆန်းဝင်ပြိုင်ရာတွင် NLD မှ ဒေါ်မိုးမိုးစုကြည်ကို မဲ ၃၀,၀၀၀ နီးပါး အကွာဖြင့် အပြတ်အသတ်ရှုံးခဲ့ရသည်။

ဒေါက်တာပွင့်ဆန်းသည် ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ပီဘီဘီအုပ်စုကုမ္ပဏီ (P. P. B -Myanmar Co., Ltd)၊ ၁၉၉၄ တွင် တိုးချဲ့ထူထောင်သည့် စက္ကူနှင့် စက္ကူထုတ်လုပ်ငန်း ကြယ်ပျံကုမ္ပဏီလီမိတက် (Kyei Pyan Co., Ltd) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ 

စစ်အုပ်စုသည် ယခင်ကတည်းက စစ်ဗိုလ်ချုပ်ကြီးများနှင့် ခရိုနီကြီးများကို နေရာနှင့် လုပ်ပိုင်ခွင့်ပေးသည့် အစဉ်အလာရှိပြီး ယခုတစ်ကြိမ် ထပ်မံအာဏာသိမ်းပြီးနောက်တွင် အလားတူဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ရန်ကုန်မှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

“သူတို့အကျိုးစီးပွားကို လုပ်မဲ့သူအကုန်လုံးက သူတို့ကို သစ္စာခံတဲ့သူကိုပဲ အခြေခံပြီးတော့ ဖွဲ့စည်းထားတာ။ အမှန်အတိုင်းပြောရရင် သူတို့ကိုယ်တိုင်လုပ်လို့မရလို့ လုပ်လို့ရတဲ့သူတွေကို လုပ်ခိုင်းတဲ့သဘောပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စီးပွားကူးသန်းဌာန အကြီးအကဲများဖြစ်သည့် ဒေါက်တာပွင့်ဆန်းနှင့် ဦးညွန့်အောင်လက်ထက် မြန်မာ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် မူဆယ်တွင် တရုတ်ဘက်မှ အဆိုပြုထားသည့် ကွန်တိန်နာနှင့် ကုန်သွယ်သည့်စနစ်ကို အသက်သွင်းထားသည်။

ထိုစနစ်ကြောင့် ကုန်တင်ကားများ တရုတ်ဘက်သို့ တိုက်ရိုက်သွားခွင့်မရတော့ဘဲ မူဆယ်တွင် ယာဉ်မောင်းနှင့် ပစ္စည်များ လွှဲပြောင်း၊ ပိုးသတ်ပြီးမှ တင်ပို့နိုင်၍ ကွန်တိန်နာတစ်လုံးလျှင် ယွမ် ၆,၀၀၀ (ကျပ် ၁၈ သိန်း) ခန့် စရိတ်ပိုလာကြောင်း ကုန်သည်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

အာဏာသိမ်းစစ်ကောင်စီက ဝန်ကြီးဌာနများကို စိတ်ကြိုက်ပြန်လည်ဖွဲ့စည်းသည့်အခါ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရှုံးခဲ့သည့် ကြံ့ခိုင်ရေးပါတီဝင်များ၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေခတ်တွင် တာဝန်ယူခဲ့သည့် ဝန်ကြီးဟောင်းများ၊ စစ်တပ်အရာရှိဟောင်းနှင့် NLD နှင့် မပြေလည်သူများကို ရာထူးတာဝန်များ ပေးအပ်ထားသည်။

ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အထူးစီးပွားရေးဇုန်ကော်မတီ စသည်တို့တွင်လည်း စစ်ကောင်စီစိတ်ကြိုက် ပြောင်းလဲထားသည်။

မြန်မာ၏ အထူးစီးပွားရေးဇုန် ၃ ခုအနက် အအောင်မြင်ဆုံးဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနေရာတွင်လည်း NLD အစိုးရလက်ထက်တွင် ထုတ်ပယ်ခံရသည့် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဦးရန်နိုင်ထွန်းကို ခန့်သည်။

သွင်းကုန်ထုတ်ကုန်လိုင်စင်များ ထုတ်ပေးရာတွင် လစ်ဟာမှုများရှိသည်ဆိုကာ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို ၂၀၁၉ ဇန်နဝါရီလအတွင်း သမ္မတဦးဝင်းမြင့်အမိန့်ဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button