သတင်း

NLD လက်ထက်တွင် ထုတ်ပယ်ခံရသူ စစ်ကောင်စီခန့် သီလဝါအထူးစီးပွားရေးဇုန်ဥက္ကဋ္ဌဖြစ်လာ 

အာဏာသိမ်းစစ်ကောင်စီက အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီများကို ၎င်းတို့စိတ်ကြိုက် ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ဝန်ထမ်းအကြီးအမှူးအဖြစ်မှ ထုတ်ပယ်ခံရသူကို သီလဝါအထူးစီးပွားရေးဇုန် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ 

စစ်ကောင်စီခန့် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဖြစ်လာသူမှာ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်သူ ဦးရန်နိုင်ထွန်းဖြစ်ပြီး NLD အစိုးရလက်ထက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

သွင်းကုန်ထုတ်ကုန်လိုင်စင်များ ထုတ်ပေးရာတွင် လစ်ဟာမှုများရှိသည်ဆိုကာ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း သမ္မတဦးဝင်းမြင့်အမိန့်ဖြင့် ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ 

သွင်းကုန်ထုတ်ကုန်လိုင်စင်များ၊ ပါမစ်များ ထုတ်ပေးရာတွင် ချွတ်ယွင်းချက်၊ အားနည်းချက်၊ လစ်ဟာချက်များရှိသဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေအရ အပြစ်ပေးအရေးယူခံခဲ့ရခြင်းဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

ဦးရန်နိုင်ထွန်းသည် ယခင်က တရုတ် − မြန်မာနယ်စပ် မူဆယ်ရှိ နယ်စပ်ကုန်သွယ်ရေးဌာနတွင် တာဝန်ယူခဲ့စဉ် ကုန်သည်များကြား မမျှမတလုပ်ဆောင်ခဲ့သည်ဆိုသော စွပ်စွဲချက်များဖြင့် တိုင်ကြားခံခဲ့ရကာ ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခံခြင်းခံခဲ့ရသည်။ 

ယခင်စစ်အစိုးရများလက်ထက်တွင် စစ်ဘက်မှ ပြောင်းလာသည့် တပ်မတော်အရာရှိများကို ဌာနဆိုင်ရာအများစု၌ ခန့်အပ်ခဲ့ရာ ရွေးကောက်ခံအရပ်သားအစိုးရဖြစ်သော NLD အစိုးရလက်ထက်တွင် မိုးကျရွှေကိုယ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်။

စစ်တပ်ကျောထောက်နောက်ခံရှိသူများသည် အရပ်သားများနှင့် စဉ်းစားတွေးခေါ်မှုပုံစံမတူဘဲ ကျင့်သားရနေသည့် အမိန့်နာခံမှုအပေါ်တွင် မူတည်ဆောင်ရွက်သဖြင့် အဆင်မပြေမှုများစွာ ရှိလာနိုင်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

“ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်။ အပြင်မှာရှိနေတဲ့ တကယ့်အခက်အခဲတွေကို သူတို့ နားမလည်တော့ဘူး။ ဒီပြဿနာလေးတွေကတော့ သူတို့မှာရှိတယ်” ဟု ၎င်းက ပြောသည်။

အအောင်မြင်ဆုံးအထူးစီးပွားရေးဇုန်အဖြစ် အသိအမှတ်ပြုခံထားရသည့် သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းကို ဦးဆောင်ခဲ့သူမှာ ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD အစိုးရလက်ထက် နှစ်ခုလုံးတွင် အထူးစီးပွားရေးဇုန်စီမံကိန်းများတွင် ဦးဆောင်ပါဝင်ဆောင်ရွက်ခဲ့သူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဦးဆက်အောင်၏ နေရာတွင် သီလဝါအထူးစီးပွားရေးဇုန်ဥက္ကဋ္ဌအဖြစ် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံခဲ့ရသူ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးရန်နိုင်ထွန်းကို စစ်ကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အလားလူ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူနှင့် တနင်္သာရီတိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီများကိုလည်း စစ်ကောင်စီက ၎င်းတို့စိတ်ကြိုက် ပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဥက္ကဋ္ဌဖြစ်လာသူ ရဲမှူးချုပ်ဟောင်းနှင့် ဒုဝန်ကြီးဟောင်း 

ရဲမှူးချုပ်ဟောင်းနှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဒုဝန်ကြီးဟောင်းဖြစ်ခဲ့သူ ဦးမြင့်သိန်းကို ကျောက်ဖြူအထူးစီးပွားရေးဇုန်ဥက္ကဋ္ဌအဖြစ် စစ်ကောင်စီက ပြန်လည်ခန့်အပ်ခဲ့သည်။ (ဓာတ်ပုံ − Supplied) 

စစ်ကောင်စီခန့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဥက္ကဋ္ဌဖြစ်လာသူမှာ ရဲမှူးချုပ်ဟောင်းတစ်ဦးဖြစ်သူ ဦးမြင့်သိန်းဖြစ်သည်။ ၎င်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ကျောင်းဆင်းဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွင် ရဲမှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ရဲမှူးချုပ်ဟောင်း ဦးမြင့်သိန်းမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့တွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။

ထို့ပြင် ဦးမြင့်သိန်းသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ထိုစီမံကိန်းကို လုပ်ကိုင်ခွင့်ရရှိခဲ့သည် တရုတ်နိုင်ငံပိုင် CITC ကော်ပိုရေးရှင်းကို ရွေးချယ်ရာတွင် တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူးတာဝန်ယူခဲ့သူဖြစ်သည်။ 

ဦးသိန်းစိန်အစိုးရလက်ထက်က ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံရင်းနှီးမြှုပ်နှံမည်ဟု သဘောတူခဲ့ပြီး ရှယ်ယာထည့်ဝင်ရာတွင် တရုတ်က ၈၅ ရာခိုင်နှုန်း၊ မြန်မာက ၁၅ ရာခိုင်နှုန်းသာ ပိုင်ဆိုင်သဖြင့် တရုတ်က အသာစီးရမည်ကို စိုးရိမ်မှုများရှိခဲ့သည်။

ထို့အပြင် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားခြင်းကြောင့် တရုတ်၏ ကြွေးမြီထောင်ချောက်အတွင်း ပိတ်မိမည်ကို စိုးရိမ်ခဲ့ကြပြီး NLD အစိုးရလက်ထက်တွင် ရှယ်ယာခွဲဝေမှုအချိုးကို ပြင်ဆင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏကို ကနဦးအဆင့်အကောင်အထည်ဖော်မှုအဖြစ် ၁ ဒသမ ၄ ဘီလျံသို့ လျှော့ချခဲ့သည်။

NLD အစိုးရလက်ထက်က ထိုပြင်ဆင်မှုကို ဦးမြင့်သိန်းအပါအဝင် ယခင်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များက ကျေနပ်မှုမရှိသဖြင့် စစ်ကောင်စီလက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်များကို ပြန်လည်ပြင်ဆင်ရန် စီစဉ်နေသည်ဟုလည်း နီးစပ်သူအချို့က Myanmar Now ကို ပြောသည်။ 

စစ်ကောင်စီက တနင်္သာရီတိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအောင်စိုးကို ခန့်အပ်ခဲ့သည်။ 

ဦးအောင်စိုးသည် ဦးသိန်းစိန်အစိုးရလက်ထက်က အမျိုးသားပို့ကုန်မဟာဗျူဟာစီမံကိန်းရေးဆွဲရာတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သူဖြစ်သည်။ 

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ တပ်မတော်အစိုးရလက်ထက်ကတည်းက စတင်ခဲ့သော်လည်း စီမံကိန်းလုပ်ပိုင်ခွင့်ရ အီတာလျံထိုင်းကုမ္ပဏီသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ လုပ်ငန်းမဆောင်ရွက်နိုင်သဖြင့် ၂၀၂၁ ဇန်နဝါရီတွင် စာချုပ်ဖျက်သိမ်းကာ လုပ်ပိုင်ခွင့်ရုပ်သိမ်းခဲ့သည်။

စစ်ကောင်စီက အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီများကို ပြင်ဆင်ဖွဲ့စည်းရာတွင် ရန်ကုန်၊ တနင်္သာရီနှင့် ရခိုင်ပြည်နယ်မှ တိုင်းနှင့် ပြည်နယ်အဆင့် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တချို့ကို ကော်မတီဒုဥက္ကဋ္ဌများအဖြစ် နေရာပေးထားပြီး ဌာနဆိုင်ရာအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများကို ကော်မတီအဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းထားသည်။ 

ထိုသို့ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီများ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ခြင်း မရှိဘဲ ပြီးခဲ့ရက်ပိုင်းအတွင်း ပေါ်ထွက်လာသည့် မြန်မာနိုင်ငံပြန်တမ်းအရသာ သိရခြင်းဖြစ်သည်။

အထူးစီးပွားရေးဇုန်များအကောင်အထည်ဖော်ရာတွင် ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီဟူ၍ အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပြီး ဗဟိုအဖွဲ့ဥက္ကဋ္ဌမှာ စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဖြစ်သည်။ 

စစ်ကောင်စီက အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာအများစုအတွက် NLD မဟုတ်သည့် ယခင်အစိုးရများလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်ဗိုလ်ချုပ်ဟောင်းများကို ပြန်လည်အသုံးပြုထားပြီး စီးပွားရေးကဏ္ဍနှင့် ဆိုင်သော အရေးကြီးကော်မတီ၊ ကော်မရှင်ဥက္ကဋ္ဌများအဖြစ် လက်ရှိစစ်ကောင်စီအဖွဲ့ဝင် စစ်ဗိုလ်ချုပ်ကြီးများကို ခန့်အပ်ထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ခန့်အပ်ထားသည်။ ၎င်းသည် တပ်မတော်တွင် နံပါတ်လေးအဆင့်ရှိသည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်ကာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က သွားလေရာခေါ်သွားလေ့ရှိသည့် အနီးကပ်လူယုံ စစ်ဗိုလ်ချုပ်ကြီးဖြစ်သည်။ 

Show More

Related Articles

Back to top button