သတင်း

စစ်ကောင်စီ ပိတ်ဆို့ထား၍ စစ်တွေ၊ ကျောက်ဖြူမှ ဒေသခံများ စစ်ရှောင်ရန် အခက်တွေ့

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရှိသည့် ဒေသနှစ်ခုတွင် တိုက်ပွဲဖြစ်လာနိုင်သဖြင့် ဒေသခံများ မြို့မှ ထွက်ခွာရန် AA က တိုက်တွန်းထားသော်လည်း ဒေသခံများ ပိတ်ဆို့ခံနေရသည်။

အိန္ဒိယနှင့် တရုတ်စီမံကိန်းများရှိသော ပြည်နယ်မြို့တော် စစ်တွေနှင့် ကျောက်ဖြူတို့တွင် နေထိုင်သော ဒေသခံများကို မြို့မှ အမြန်ဆုံးထွက်ခွာရန် AA စစ်ဦးစီးချုပ်က ယမန်နေ့က တိုက်တွန်းခဲ့သော်လည်း စစ်တပ် ပိတ်ဆို့ထား၍ ထွက်ခွာရန် အခက်တွေ့နေကြောင်း သိရသည်။

အဆုံးအဖြတ်တိုက်ပွဲများ ဖြစ်လာနိုင်သဖြင့် အဆိုပါ ဒေသနှစ်ခုမှ ပြည်သူများ အဆင်ပြေသည့်နည်းလမ်းဖြင့် လွတ်မြောက်နယ်မြေများသို့ ထွက်ခွာကြရန် အာရက္ခတပ်​တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီ ၁၀ ရက်တွင် ကျရောက်သော AA ၁၅ နှစ်ပြည့် မွေးနေ့တွင် ပေးပို့သည့်သဝဏ်လွှာတွင် ပြောထားသည်။

တစ်ကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားသည့် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစတင်၍ တစ်မြို့မှ တစ်မြို့သို့ ကုန်းလမ်း၊ ရေလမ်းဖြင့် ခရီးသွားလာခွင့် ပိတ်ထားသဖြင့် ဘေးလွတ်ရာ တိမ်းရှောင်ရန် ခက်ခဲနေပြီး လက်ရှိတွင် ပိုခက်ခဲသွားပြီဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ထွက်ဖို့ကလည်း လွယ်တာမဟုတ်ဘူး။ ခိုးကြောင်ခိုးဝှက်လည်း သွားရတယ်။ ပိုက်ဆံလည်း (စစ်ကောင်စီတပ်သားတွေကို) ပေးရတယ်၊ ဖမ်းမိသွားရင်လည်း တာဝန်ယူတာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့မှ ထွက်ခွာမည်ဆိုပါကလည်း အဆင့်ဆင့်သော စစ်ကောင်စီတပ်သားများကို လာဘ်ငွေများ ပေးရပြီး ကုန်းပေါ်မှ စစ်သားများနှင့် အဆင်ပြေပြီဆိုသော်လည်း ရေယာဉ်ပေါ်မှ စစ်သားများ၏ ဖမ်းဆီးမှုကို ခံရတတ်၍ ၎င်းက ထိုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

“ထိုင်းတို့၊ မလေးရှားတို့ကို သွားသလိုမျိုး ကိုယ်ဖြစ်ကိုယ်ခံ” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်တော်မြို့တော် ပတ်ပတ်လည်တွင် အင်အားအများအပြားဖြင့် ကင်းလှည့် စောင့်ကြည့်လျက်ရှိသည်။ ဘေးလွတ်ရာသို့ မထွက်ခွာနိုင်ပါက တိုက်ပွဲဖြစ်ပွားလာလျှင် အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ထိုအမျိုးသားက ဆိုသည်။

ရခိုင်ဒေသအခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

စစ်တွေဒေသခံအများစုသည် မြို့ပေါ်တိုက်ပွဲများကို စိုးရိမ်၍ ဒေသတွင်း စစ်ပွဲများစတင်ချိန်ကတည်းက ရန်ကုန်နှင့် ကျေးလက်ဒေသများသို့ စစ်ကောင်စီက ပိတ်ပင်ထားသည့်ကြားမှ အသက်စွန့်ကာ ထွက်ပြေးသွားကြသည်။

အထူးသဖြင့် အခြေခံပညာစာမေးပွဲ ပြီးဆုံးသည့် မတ်လအတွင်း အများစုက ထွက်ခွာသွားခြင်းဖြစ်ပြီး မြို့တွင် လူအနည်းစုသာ ကျန်ရှိကာ မြို့တွင်းနေသူများလည်း အိမ်တွင်းသာ နေထိုင်ကြသဖြင့် လမ်းသွားလမ်းလာ မရှိသလောက် နည်းပါးသည်ဟု သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကောင်စီကတော့ အစိုးရဧည့်ရိပ်သာမှာ ရေလောင်းမဏ္ဍပ်တစ်ခု ဆောက်နေတယ်။ ဒါပေမဲ့ လူတွေ သွားကြမှာမဟုတ်ဘူး။ သူတို့အချင်းချင်းပဲ လောင်းကြမယ်ထင်တယ်။ သင်္ကြန်နဲ့ နီးနေပေမဲ့ မြို့မှာ တိတ်ဆိတ်နေတယ်။ သီချင်းတီးတာ၊ ဆိုတာလည်း မရှိဘူး” ဟု ၎င်းက ဆိုသည်။

အလားတူ တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့မှ ဒေသခံများလည်း စစ်ကောင်စီရန်မှ ဘေးလွတ်ရာသို့ ထွက်ပြေးရန် ခက်ခဲနေပြီး မြို့ခံအများစုမှာ အဆင်ပြေသည့်နည်းလမ်းဖြင့် တိတ်တဆိတ်ထွက်ပြေးရကြောင်း ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။

“မနေ့က ဗိုလ်ချုပ်ပြောလိုက်တဲ့စကားက ရေပန်းစားနေတယ်။ သူသူငါငါ စကားပြောရတဲ့အထဲမှာ အဲဒီကိစ္စကို ထည့်ပြောကြတယ်။ အခုလို သိလိုက်ရတဲ့အတွက် ဒီနေ့ သို့မဟုတ် မနက်ဖြန်လောက်မှာ မြို့ထဲမှာ လူလျော့သွားမယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

AA စစ်ဦးစီးချုပ်က ဒေသခံများကို ထွက်ခွာရန် တရားဝင်ပြောလိုက်သောကြောင့် စစ်ကောင်စီက ယခင်ကထက် ပိုမို တင်းကျပ်ကာ ထွက်ခွာခြင်းကို ကန့်သတ်လာမည်ကိုလည်း စိုးရိမ်မိသည်ဟု ၎င်းက ဆက်ပြောသည်။

တရုတ်စီမံကိန်းများရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း လက်ရှိတွင် စစ်ရေးငြိမ်သက်နေကြောင်း သိရသည်။

စစ်တွေမြို့တွင် အိန္ဒိယ၏ ကုလားတန်စီမံကိန်းရှိသလို ကျောက်ဖြူမြို့နယ်တွင် တရုတ်၏ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများ ရှိနေသည်။

ရခိုင်လူထုကို အများအပြားသေစေလိုသည့် ယုတ်ညံ့သည့်ရည်ရွယ်ချက်ဖြင့် စစ်တွေ၊ ကျောက်ဖြူကဲ့သို့ အဓိကကျသည့်မြို့များတွင် ပြည်သူများကို အတင်းအဓမ္မပိတ်လှောင်ထားသည်၊ AA ကို စစ်မြှူခေါ်သွင်းကာ အများပြည်သူနေထိုင်သည့်မြို့ရွာများတွင် စစ်တလင်းဖန်တီးရန်အတွက် ပရိယာယ်အမျိုးမျိူးဖြင့် လုပ်ဆောင်လာနေသည်ကို တွေ့ရသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီ ၁၀ ရက်နေ့ သဝဏ်လွှာတွင် ပြောထားသည်။

စစ်တွေ၊ ကျောက်ဖြူကို တိုက်ခိုက်ရန် AA က အဆင်သင့်ရှိနေပုံရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

“တကယ်တမ်း တိုက်ဖို့အတွက် ပြောနေတာဖြစ်တယ်။ စစ်တွေ၊ ကျောက်ဖြူကို ချန်ထားခဲ့ရင်တော့ ကိုယ်တို့ လိုချင်တဲ့ရည်မှန်းချက် ပြည့်စုံလိမ့်မယ်မဟုတ်။ ဒါကြောင့် အဲဒီဒေသက ပြည်သူတွေ အထိအခိုက်နာကျင်မှု မရှိအောင် သတိပေးတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

“အဆုံးအဖြတ်တိုက်ပွဲလို့ ပြောလို့ရတယ်။ အဓိကဖြစ်တဲ့ အမ်း၊ အဲဒါကိုလည်း တိုက်နေပြီ။ ဟိုဘက်မှာ စစ်တွေ၊ ဒီဘက်မှာ စစ်တွေပေါ့။ အဲဒါတွေရတာနဲ့ သံတွဲတို့၊ ဂွတို့ဆိုတာလည်း သိပ်ခက်ခဲမှာမဟုတ်ဘူး”

လက်ရှိတိုက်ပွဲသည် သမိုင်းနှင့်အနာဂတ်ကံတရားအလှည့်အပြောင်းတစ်ခုလုံးကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်သည်။ တော်လှန်ရေးကြီးကို အပြီးသတ်အောင်ပွဲခံပြီး အာရက္ခတို့ဇာတိမြေကို လုံးဝလွတ်မြောက်အောင် လုပ်နိုင်ခါမှ ဘဝလုံခြုံမည်၊ မတရားမှုများအဆုံးသတ်မည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

“ကိုယ့်အမျိုးသားကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင် ပုံဖော်နိုင်ဖို့၊ အနာဂတ်ကမ္ဘာ့သမိုင်းမှာ အာရက္ခပြည်သားတွေ ဂုဏ်သိက္ခာရှိရှိ၊ လူမှန်နေရာမှန် ရှင်သန်ရပ်တည်နိုင်ကြဖို့။ အချိန်ခါသင့် ဒီရေအသင့် လေအသင့် အောင်ပွဲမျှော်လင့်ချက်ရောင်နီသစ်တွေနဲ့အတူ ကိစ္စလက်ကျန်တွေကို အပြတ်ဖြတ် စာရင်းရှင်းလိုက်ကြမယ်” ဟု ဗိုလ်ချုပ်က ၎င်း၏စစ်သည်များကို ဦးတည်ပြောခဲ့သည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခု ဧပြီပထမပတ်အထိ ရက္ခိုင့်တပ်မတော်(AA) ဟုလည်းကောင်း၊ ၂၀၁၉ ဧပြီ ၁၀ မှ ၂၀၂၄ ဧပြီ ၉ အထိ ရက္ခိုင့်တပ်တော်(AA) ဟုလည်းကောင်း ပြောင်းလဲသုံးစွဲလာရာမှာ ယခုအခါ အာရက္ခတပ်တော် (AA) ဟု ထပ်မံ ပြောင်းလဲသုံးစွဲလာသည်။

နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကိုမူ အမည်ပြောင်းခြင်း မရှိပေ။

ယခုနှစ်သင်္ကြန်တွင် လုံခြုံရေး ဦးစားပေးကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဧပြီ ၁၁ ရက်စွဲဖြင့် သတိပေးထားသည်။

ပျော်ပွဲရွှင်ပွဲ၊ အလှူအတန်း၊ ကုသိုလ်ကောင်းမှုလုပ်ငန်းများကို လူစုလူဝေးဖြင့် မပြုလုပ်ကြရန်လည်း အဆိုပါ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

AA သည် အာရက္ခနိုင်ငံတော်သီချင်းကိုလည်း ဖန်တီးထားကာ ၎င်းတို့၏တော်လှန်ရေးအစိုးရအဖွဲ့ကိုလည်း “အာရက္ခပြည်သူ့အစိုးရ” ဟု ခေါ်ဝေါ်သုံးစွဲကာ ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို လုပ်ဆောင်နေသည်။

တစ်ဖက်တွင်လည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားများလည်ပတ်နိုင်ရန်အတွက် လူငယ်အများအပြားကို သင်တန်းပေးနေပြီး အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ရဲသင်တန်းပေးနေကြောင်း သိရသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ အမ်း၊ မောင်တောရှိ စစ်စခန်းများကို တိုက်နေသည်။

AA သည် ရခိုင်တစ်ပြည်နယ်လုံးကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် စစ်စခန်းများကို တိုက်နေသည်ဟု ဧပြီ ၅ ရက်နေ့က ထုတ်ပြန်သည်။

Show More

Related Articles

Back to top button