သတင်း

ဒေသခံများ စစ်တွေနှင့် ကျောက်ဖြူမှ အမြန်ဆုံးထွက်ခွာကြရန် AA ခေါင်းဆောင်သတိပေး

စစ်တွေနှင့် ကျောက်ဖြူတွင် နေထိုင်ကြသည့် အရပ်သားများ မြို့ကို စွန့်ခွာရန် AA ခေါင်းဆောင်က တိုက်တွန်းလိုက်သည်။ အဆုံးအဖြတ်တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု ဆိုသည်။

အဆုံးအဖြတ်တိုက်ပွဲများ ဖြစ်လာနိုင်သည့်အတွက် စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် ရခိုင်တောင်ပိုင်းမြို့ ကျောက်ဖြူမှ အရပ်သားများ မြို့ကို စွန့်ခွာကာ လွတ်မြောက်နယ်မြေများထံ ရွှေ့ပြောင်းနေထိုင်ရန် ရခိုင်တပ် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ (ဧပြီ ၁၀) တွင် သတိပေးလိုက်သည်။

AA တည်ထောင်သည့် ၁၅ နှစ်မြောက် နှစ်ပတ်လည်နေ့ သဝဏ်လွှာတွင် သူက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး သူတည်ထောင်ထားသည့် တပ်ကိုလည်း ‘ရက္ခိုင့်တပ်တော်’ အစား ‘အာရက္ခတပ်တော်’ ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

၂၀၀၉ ခုနှစ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အခြေစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် စတင်ဖွဲ့စည်းခဲ့သည့် AA သည် မြောက်ပိုင်းမဟာမိတ်တို့နှင့် ပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့နယ် ၉ ခုကို စစ်ကောင်စီလက်ထဲမှ သိမ်းပိုက်ထားသည်။

AA သည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထားပြီး ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင်နေသည်။

ကျောက်တော်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၃၇၇) အမြောက်တပ်ရင်းကို ၂၀၂၄ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် AA က သိမ်းပိုက်ခဲ့စဉ်။ (ဓာတ်ပုံ – AA)

တစ်ပြိုင်တည်းတွင် AA ခေါင်းဆောင်က ပြည်နယ်မြို့တော် စစ်တွေနှင့် ရခိုင်တောင်ပိုင်းမြို့ ကျောက်ဖြူကိုပါ ဆက်လက်သိမ်းပိုက်မည်ဟု စစ်ကောင်စီကို ရာဇသံပေးခဲ့ခြင်းဖြစ်သည်။

AA ၏ နိုင်ငံအနောက်ပိုင်းထိုးစစ်ကို စစ်ကောင်စီက အပြင်းအထန်ခုခံနေရသည်၊ AA သိမ်းပိုက်ချေမှုန်းလိုက်သည့် စစ်ကောင်စီတပ်ရင်းစုစုပေါင်းသည် ၂၉ ရင်းအထိရှိပြီး ဒါဇင်နှင့်ချီသောအရာရှိများအပါအဝင် စစ်သားထောင်ချီ AA ထံ လက်နက်ချကြသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း AA က ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် ဒေသအနှံ့အပြားမှ ထိုးစစ်များကို ရင်ဆိုင်နေရသည်။

သို့သော်လည်း မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ကမျှ စစ်ကောင်စီတပ်၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို ခြိမ်းခြောက်နိုင်ခြင်း၊ သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ။

AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရသွားလျှင် ထိုအစဉ်အလာ ကျိုးပျက်မည်ဖြစ်သည်။

ယခင် ၂၀၁၉ ၊ ၂၀၂၂ ကာလ ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီသည် ရေတပ်အသာစီးဖြင့် AA ကို တိုက်ခိုက်နိုင်ခဲ့သော်လည်း ယခုတစ်ကျော့ပြန်ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီရေတပ်သည်လည်း အထိနာခဲ့သည်။

ကျောက်တော်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၃၇၇) အမြောက်တပ်ရင်းကို ၂၀၂၄ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် AA က သိမ်းပိုက်ခဲ့စဉ်။ (ဓာတ်ပုံ – AA)

AA  က ၎င်းတို့သည် စစ်သင်္ဘော ၅ စီးကို ကျောက်တော်နှင့် မင်းပြားမြို့နယ် ရေကြောင်းတိုက်ပွဲအတွင်း တိုက်ခိုက်နှစ်မြှုပ်ခဲ့ပြီး စစ်သင်္ဘော ၄ စီးကိုလည်း ရေချ၍ မရနိုင်သည်အထိ ဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် စစ်အသုံးစရိတ် ကျပ်ဘီလျံ ၅၆၃၅ အထိ တိုးမြှင့်သုံးစွဲထားသော စစ်ကောင်စီတပ်သည် နိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိုးစစ်များနည်းတူ AA ၏ နိုင်ငံအနောက်ပိုင်းမှ ထိုးစစ်တွင်လည်း အထိနာနေပြီး AA သိမ်းပိုက်ထားသော မြို့နယ်များကို မကြာခဏ လာရောက်ဗုံးကြဲတိုက်လျက်ရှိသည်။

လေတပ်၏ တိုက်ခိုက်မှုကြောင့် နိုင်ငံအနှံ့ လူနေအိမ်အများအပြား ပျက်စီးလျက်ရှိသည်။

Show More

Related Articles

Back to top button