သတင်း

ပြည်ထဲရေးဝန်ကြီးသားများ အစိုးရစီမံကိန်းလုပ်ကိုင်ခွင့်ရရှိမှုအပေါ် ဝေဖန်ခံရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လမ်းဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို လက်ရှိပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သားများဦးစီးသည့် ကုမ္ပဏီက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ကိုင်ခွင့်ရခဲ့ခြင်းသည် အစိုးရဝန်ကြီးဌာနများ အဂတိကင်းစင်မှု ရှိမရှိအပေါ် မေးခွန်းထုတ်ဖွယ်ဖြစ်သည်ဟု လူ့အခွင့်အရေးကိစ္စများနှင့် တပ်မတော်စီးပွားရေးလုပ်ငန်းများကို လေ့လာစောင့်ကြည့်သည့် Justice for Myanmar အဖွဲ့က ယနေ့ (ဇူလိုင် ၂၉) ထုတ်ပြန်သည်။  

အဆိုပါလမ်းဆောက်လုပ်ရေးစီမံကိန်းကို ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သားများဖြစ်သည့် ဦးမင်းသန်းထွဋ်၊ ဦးစည်သူထွဋ်နှင့် ဦးစိုးမင်းထွဋ် ပိုင်ဆိုင်သည့် H Double H ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ကိုင်ခွင့်ချပေးခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အချက်အလက်များအရ H Double H ကုမ္ပဏီသည် ဆောက်လုပ်ရေးနှင့် သတ္တုတူးဖော်ခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းအမျိုးအစား ၂၆ မျိုး လုပ်ကိုင်လျက် ရှိသည်။  

အဆိုပါဆောက်လုပ်ရေးလုပ်ငန်းနေရာမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအုပ်စုရှိ လပ်တိုင်-နားခိုက်လမ်းပေါ်တွင် တည်ရှိသည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ဝက်ဆိုက်တွင် ရေးသားဖော်ပြထားသည်။ 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အုပ်ချုပ်သည့် PNO ၏ တင်ပြတောင်းခံချက်အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အဆိုပါဆောက်လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်ဟု PNO ၏ ရေးသားဖော်ပြမှုအရ သိရသည်။ PNO သည် ၁၉၉၁ တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ 

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ၂၀၂၀ ဖေဖော်ဝါရီလအတွင်း ပြည်ထဲရေးဝန်ကြီးဖြစ်လာခဲ့သည်။ ထိုမတိုင်မီက အရှေ့ပိုင်းတိုင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်လည်းကောင်း၊ စစ်ဥပဒေချုပ်အဖြစ်လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) အရာရှိချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်အဖြစ် လုပ်ကိုင်နေချိန်တွင် ၎င်း၏သားများ ပိုင်ဆိုင်သည့်ကုမ္ပဏီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အဆိုပါလမ်းဆောက်လုပ်ရေးစီမံကိန်းကို လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ 

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၏သားများပိုင်ဆိုင်သည့် H Double H ကုမ္ပဏီကို နယ်စပ်ရေးရာဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းမှာ ဝန်ကြီးဌာနအပေါ် မေးခွန်းထုတ်ဖွယ်ဖြစ်စေသည်ဟု Justice for Myanmar အဖွဲ့က ဆိုသည်။ 

“အဆိုပါဆောက်လုပ်ရေးလုပ်ငန်းအပြင် တပ်မတော်လက်အောက်ရှိ ဝန်ကြီးဌာနများက ပုဂ္ဂလိကကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုထားသည့် စီမံကိန်းများနှင့် သက်ဆိုင်သည့်အချက်အလက်များကို ဖွင့်ဟကြေညာပေးရန် တောင်းဆိုသည်” ဟုလည်း Justice for Myanmar က ဆိုသည်။ 

အစိုးရကဏ္ဍ ဝယ်ယူဖြည့်တင်းရေးလုပ်ငန်းစဉ် (Public Procurement) သည် ကြီးမားသော လုပ်ငန်းအချိုးအစားရှိသည့်အပြင် “ဌာနဆိုင်ရာဝန်ထမ်း အကြီးအမှူးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန်ထိတွေ့ချိတ်ဆက်မိနိုင်သော နေရာဖြစ်သဖြင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေ အများဆုံးရှိသည့်နေရာဖြစ်ကြောင်း” မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကိုယ်တိုင်လည်း ၂၀၁၈ အတွင်းက မှတ်ချက်ပြုထားဖူးသည်။

အစိုးရ၏ ဝယ်ယူဖြည့်တင်းရေးလုပ်ငန်းများတွင် ဦးစီးဦးဆောင်ပြုလုပ်နေသည့် တာဝန်ရှိသူများက ၎င်းတို့တာဝန်ယူရသော အခန်းကဏ္ဍအလိုက် အဂတိလိုက်စားမှုမဖြစ်စေရေး ကိုယ်တိုင်က ရိုးသားဖြောင့်မတ်မှုနှင့် တာဝန်ယူမှုရှိရန် အရေးကြီးသည်ဟု ဦးအောင်ကြည်က ဆိုခဲ့သည်။ 

တပ်မတော်သည် တပ်ပိုင်စီးပွားရေးလုပ်ငန်းထူထောင်ပြီး နိုင်ငံ၏ အချက်အချာကျသော စီးပွားရေးလုပ်ငန်းများကို နှစ်ကာလရှည်ကြာစွာ ခြယ်လှယ်လုပ်ကိုင်နေခဲ့သည့် မှတ်တမ်းများရှိသဖြင့် အစိုးရ၏ စီးပွားရေးလုပ်ငန်းများကို စစ်ဗိုလ်ချုပ်များ၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အသုံးချမှုများရှိသည်ဟု နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက မကြာခဏ စွပ်စွဲလေ့ရှိသည်။ 

DICA ၏ အချက်အလက်များအရ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သားသုံးဦးသည် Cherry Chapter Myanmar၊ Strong Step အမည်ရှိ ကုမ္ပဏီများ ထူထောင်လုပ်ကိုင်နေသည်ကိုလည်း တွေ့ရသည်။ အဆိုပါကုမ္ပဏီများသည် သတ္တုတူးဖော်ရေး၊ ဓာတ်ငွေ့ထုတ်ယူရေး၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ သစ်ထုတ်လုပ်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ မြို့ပြအင်ဂျင်နီယာလုပ်ငန်းများနှင့် လက်လီလက်ကားရောင်းချရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။ 

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုယ်တိုင်သည်လည်း တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တွင် ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူများအနက် တစ်ဦးဖြစ်ကာ ဦးပိုင်၏ လက်အောက်ခံကုမ္ပဏီ Myanmar Imperial Jade သည် ကျောက်စိမ်းလုပ်ငန်းလိုင်စင် အများဆုံးပိုင်ဆိုင်ထားသည်။  

သို့သော်လည်း ဇူလိုင် ၂ က ဖားကန့် မြို့နယ် ဝှေခါမှော်နေရာ၌ ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် သေဆုံးစေခဲ့သည့် မြေပြိုမှုဖြစ်စဉ်နှင့်ပတ်သက်၍ သမ္မတဦးဝင်းမြင့်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ရာတွင် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်က အဖွဲ့ဝင်ဖြစ်နေသည့်အတွက် ၎င်း၏ အစိုးရဌာနဆိုင်ရာ ရာထူးတာဝန်နှင့် အကျိုးစီးပွားပဋိပက္ခ ရှိလာနိုင်သည်ဟု ဇူလိုင် ၇ တွင် Justice for Myanmar က ထောက်ပြထားသည်။ 

Show More

Related Articles

Back to top button