သတင်း

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် ပြန်လည်စစ်ဆေးခံနေရ

ရာထူးမှ အနားပေးခံထားရသည့် ပြည်ထဲရေးဝန်ကြီးဟောင်းကို နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်စစ်ဆေးနေပြီး ဆက်စပ်ရဲမှူးကြီးတချို့လည်း စစ်ဆေးခံနေရသည်ဟု သိရသည်။

ရာထူးမှ အနားပေးခံခဲ့ရသည့် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားမှုများနှင့် ပတ်သက်၍ ဒုတိယအကြိမ် ပြန်လည်စစ်ဆေးခံနေရသည်ဟု နီးစပ်သူအချို့နှင့် ရဲအရာရှိများက ဆိုသည်။

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ယခုလ ဒုတိယပတ်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ၎င်းနှင့် ဆက်စပ်သည့် ရဲမှူးကြီးတချို့လည်း စစ်ဆေးခံနေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာမှ ရဲမှူးတစ်ဦးက ပြောသည်။

“ဝန်ကြီးဟောင်းက ဒုတိယအကြိမ် ပြန်စစ်ဆေးခံနေရတာ သေချာတယ်။ သူ့မိန်းမက (လာဘ်ပေးလာဘ်ယူ) အတော်ဆိုးတယ်။ သူ့မိန်းမလုပ်ထားတာနဲ့ ပတ်သက်ပြီး ဆက်စပ်သူတွေပါ စစ်ဆေးခံနေရတာ”

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သော ပြည်ထဲရေးဝန်ကြီးဟောင်းသည် စက်တင်ဘာလကုန်ပိုင်းတွင် ရာထူးမှ အနားပေးခံရခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ထိုစဉ်က ကြေညာချက်တွင် မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်စေသည်ဟု ပါရှိသည်။

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တစ်ချိန်တည်း ရာထူးမှ အနားပေး အရေးယူခံရသူများမှာ စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ၎င်း၏ တပည့်ဖြစ်သူ ဗိုလ်မှူးချုပ်ရန်နောင်စိုးနှင့် စီးပွားကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်တို့ဖြစ်သည်။

အာဏာသိမ်းပြီးနောက် စီးပွားရေးနှင့် ဆိုင်သော ကော်မတီ၊ ကော်မရှင်များတွင် ဥက္ကဋ္ဌတာဝန်ယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ ထောင်ဒဏ်တစ်သက်တစ်ကျွန်း (အနှစ် ၂၀) ချမှတ်အရေးယူကြောင်း စစ်ကောင်စီက ကြေညာပြီး ဖြစ်သည်။

ပြန်လည်စစ်ဆေးခံနေရသည့် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ရဲတပ်ဖွဲ့ဝင်များ၏ ယူနီဖောင်းမှစ၍ ဝန်ကြီးဌာနတစ်ခုလုံး၏ အသုံးစရိတ်များနှင့် ပတ်သက်၍ အလွဲသုံးစားပြုကာ ကိုယ်ကျိုးရှာခဲ့သည့်အပြင် ကျပ်သိန်းဆယ်ဂဏန်းယူ၍ နိုင်ငံကူးလက်မှတ်လုပ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ သိန်းထောင်ချီရယူခြင်းတို့ကိုလည်း ကျူးလွန်ထားသည်ဟု နီးစပ်သူများက ဆိုသည်။

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဇနီး ဒေါ်နီလာစိန်တို့နှင့် ဆက်စပ်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်တာဝန်ယူထားသူ ရဲမှူးကြီးကျော်သီဟ အပါအဝင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ရဲမှူးကြီးအဆင့်ရှိသူနှစ်ဦးလည်း စစ်ဆေးခံနေရသည်ဟု သိရသည်။

“အာဏာရှိတုန်းကတော့ မချစ်တော့လည်း အောင့်ကာ နမ်းခဲ့ရတာပေါ့ကွာ။ ခု နန်းကျချိန်ရောက်တော့ တိုင်ကြတာနေမယ်” ဟု ပြည်ထဲရေးဝန်ကြီးဟောင်း ပြန်စစ်ဆေးခံနေရခြင်းအပေါ် အထက်ပါ ရဲမှူးက မှတ်ချက်ပြုသည်။

စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဟောင်း ပြန်လည်စစ်ဆေးခံနေရခြင်းအပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၏ ဇနီးဖြစ်သူ ဒေါ်နီလာစိန်သည် ယောကျ်ားဖြစ်သူထက် ငွေတောင်းကြမ်းသူဖြစ်သည်ဟု Myanmar now က ဆက်သွယ်မေးမြန်းခဲ့သော ရဲအရာရှိများက ဆိုသည်။

စစ်ခေါင်းဆောင်အလိုကျ အာဏာသိမ်းမှုဆန့်ကျင်သူမှန်သမျှကို နည်းလမ်းမျိုးစုံဖြင့် အရက်စက်ဆုံးဖြိုခွင်းခဲ့သူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ တွင် ပြည်ထဲရေးဝန်ကြီးဖြစ်လာသူဖြစ်ကာ ယင်းမတိုင်မီက စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်နှင့် စစ်ဥပဒေချုပ်တာဝန်ယူခဲ့သူဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ လူမဆန်ဆုံးလုပ်ရပ်တစ်ခုဖြစ်သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီလိုလားသူ အရပ်သားနှစ်ဦးကို ကြိုးပေးကွပ်မျက်ရာ၌ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုယ်တိုင် အနီးကပ်ကြီးကြပ်ခဲ့သည်။

ဗိုလ်ချုပ်စိုးထွဋ်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နည်းတူ စီးပွားရေးသောင်းကျန်းသူဖြစ်ကာ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဖြစ်ချိန်ကတည်းက မိသားစုပိုင်ကုမ္ပဏီပိုင်များ ထူထောင်ကာ စီးပွားရှာခဲ့သူဖြစ်သည်။

၎င်း၏ သားများဖြစ်သော မင်းသန်းထွဋ်၊ စည်သူထွဋ်နှင့် စိုးမိုးထွဋ်တို့ပိုင် H Double H ကုမ္ပဏီသည် ရှမ်းပြည်နယ်အတွင်း လမ်းဆောက်လုပ်ရေးစီမံကိန်းများ လုပ်ကိုင်ခွင့်ရခဲ့သည်။ ထို့ပြင် Cherry Chapter Myanmar နှင့် Strong Step အမည်ရှိ ကုမ္ပဏီများလည်း ထူထောင်ကာ ဓာတ်ငွေ့ထုတ်ယူရေး၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ သစ်ထုတ်လုပ်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ မြို့ပြင်အင်ဂျင်နီယာလုပ်ငန်းများနှင့် လက်လီလက်ကားဖြန့်ဖြူးရောင်းချရေးအထိ လုပ်ကိုင်လျက်ရှိသည်။

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၏ လတ်တလောအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button