သတင်း

စစ်ကြောရေးစခန်းများကိုင်တွယ်သူ ဒုပြည်ထဲရေးဝန်ကြီးဖြစ်လာ 

အရေးပေါ်ကာလ သက်တမ်းခြောက်လတိုးပြီးနောက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က တန်ပြန်ထောက်လှန်ရေးဌာန အကြီးအမှူးဖြစ်ခဲ့သူ ဒုတိယစစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်တိုးရီကို ပြည်ထဲရေးဒုဝန်ကြီးအဖြစ် အစားထိုးခန့်အပ်လိုက်သည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးတစ်ဦးဖြစ်သူ ဗိုလ်ချုပ်စိုးတင့်နိုင်ကို စစ်ဘက်မူလတာဝန်များ ထမ်းစေကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကြေညာပြီး နောက်တစ်ရက်တွင် ဗိုလ်ချုပ်တိုးရီကို ပြည်ထဲရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဒုပြည်ထဲရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခံရသူ ဗိုလ်ချုပ်တိုးရီမှာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၏ တန်ပြန်ထောက်လှမ်းရေးဌာန အကြီးအမှူးအဖြစ် လုပ်ရှားခဲ့သူဖြစ်ကြောင်း အာဏာပြီးနောက် စစ်တပ်ကို စွန့်ခွာခဲ့သူ CDM ဗိုလ်ကြီးတစ်ဦးက ဆိုသည်။

“သူက ရုံးတွင်းမှာတော့ ကြာပြီ။ စရခအသိုင်းဝိုင်းထဲမှာပဲ ကျင်လည်နေတာ။ စရခမှာ ဌာနကြီးတွေ ရှိတယ်။ အဲထဲမှာမှ သူက တန်ပြန်ထောက်လှမ်းရေးပေါ့ဗျာ။ ဌာနကြီး အကြီးအမှူးကနေမှ ဒုစရဖချုပ်ပေးလိုက်တာ” ဟု ၎င်းက ပြောသည်။

“ဒုစခရ နှစ်ယောက်ရှိတယ်။ ပြည်တွင်းနဲ့ ပြည်ပပေါ့။ တိုးရီက ပြည်တွင်းကိစ္စတွေကိုင်တာ။ စစ်ကြောရေးတို့ ဘာတို့ သူတို့ကိုင်တာ။ သူတို့အောက်မှာ ရှိတယ်။ တန်ပြန်ထောက်လှမ်းရေး လုပ်ပြီးမှ အသွင်ယူပြီးတော့မှ ဖမ်းဆီးရမိအောင် လုပ်တာတို့ စစ်ကြောရေးလုပ်တာတို့ အဓိက သူတို့ကိုင်တာပေါ့။​ နိုင်ငံရေးအကုန် သူတို့နဲ့ဆိုင်တယ်”

အာဏာသိမ်းမှု ဆန့်ကျင်သူများကို ဖမ်းဆီးကာ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်လေ့ရှိသဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်ကြောရေးစခန်းများမှာ စစ်ဘက်ရေးရာလုံခြုံရေးဌာနအောက်တွင် ရှိသည်။ နှိပ်စက်ခံရသူ အများအပြား စစ်ကြောရေးတွင် သေဆုံးလေ့ရှိသည်။​

မကြာမီက ရန်ကုန်ရှိ စစ်ဘက်ရေးရာလုံခြုံရေး တပ်ရင်းတစ်ခုကို တာဝန်ယူကိုင်တွယ်သူ ဗိုလ်မှူးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီက ဒုထောက်လှမ်းရေးအကြီးအကဲကို ပြည်ထဲရေးဝန်ကြီးဌာန ပို့လိုက်ခြင်းလည်းဖြစ်သည်။

ရန်ကုန်ရှိ အမှတ် (၁) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်ဖွဲ့ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ PDF အဖွဲ့တစ်ခုက ရန်ကုန် – မန္တလေးအမြန်လမ်းပေါ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။​

အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူများကို ဖြိုခွင်းနှိမ်နင်းနိုင်ရန် စစ်ကောင်စီက စစ်ထောက်လှမ်းရေးဌာနကို ဖွဲ့စည်းပုံတိုးချဲ့ဖွဲ့စည်းခဲ့သည်။ ပြီးခဲ့သည့်နှစ်ဆန်းပိုင်းတွင် နေပြည်တော်အခြေစိုက် စရခရုံးချုပ်အောက်တွင် အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည်ဟု ဌာနနှစ်ခုခွဲကာ ဗိုလ်မှူးချုပ် နှစ်ဦးကို ဗိုလ်ချုပ်အဆင့် ရာထူးတိုးပေးကာ ကွပ်ကဲရေးမှူးများအဖြစ် ခန့်အပ်ခဲ့သည်။

စရဖကွပ်ကဲရေးမှူးနှစ်ဦးကို စစ်တိုင်းမှူးနှင့် အဆင့်တူပေးလိုက်ခြင်းမှာ စစ်ဘက်ထောက်လှမ်းရေးလုပ်ငန်းကို လုပ်ပိုင်ခွင့်တိုးပေးလိုက်ခြင်းဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်တစ်ခုက မှတ်ချက်ပြုခဲ့သည်။​

စစ်ဘက်ထောက်လှန်းရေးကို ဖွဲ့စည်းပုံတိုးချဲ့ လှုပ်ရှားစေပြီးနောက် တော်လှန်ရေးအဖွဲ့များအတွင်း စိမ့်ဝင်ကာ အသွင်ယူထောက်လှမ်းပြီး ဖမ်းဆီးခြင်းများ ရှိခဲ့သည်။ ၎င်းတို့အနက် အထင်ရှားဆုံးမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်မင်းယုခေါ် ကိုဂျင်မီနှင့် NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ဖြစ်သည်။

ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များကို ဦးဆောင်ပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်သည်ဆိုကာ ၎င်းတို့နှစ်ဦးအပါအဝင် လှိုင်သာယာမြို့နယ်မှ အာဏာသိမ်းမှုဆန့်ကျင်သူနှစ်ဦးကို စစ်ကောင်စီက ယမန်နှစ်က ကြိုးပေးကွပ်မျက်ခဲ့သည်။

စစ်တပ်တွင်း၌ ဒုချုပ်နေရာ အများစုကို တပ်ချုပ်နှင့် နီးစပ်သူများသာ ထားလေ့ရှိသည်ဖြစ်ရာ ဗိုလ်ချုပ်တိုးရီသည်လည်း အာဏာသိမ်းခေါင်းဆောင်၏ လူယုံတော်တစ်ဦးဖြစ်ကြောင်း အထက်ပါ CDM ဗိုလ်ကြီးက မှတ်ချက်ပြုသည်။

စစ်ကောင်စီ၏ လက်ရှိပြည်ထဲရေးဝန်ကြီးဖြစ်သူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည်လည်း ယခင်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဟောင်းဖြစ်သည့်နည်းတူ ၎င်းအရင် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေသည်လည်း စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်များ ဖြစ်သည်။

“ပြည်တွင်းက ကိစ္စတွေ ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင်လို့ သူ့ကို ပေးတယ် ထင်တယ်” ဟု CDM ဗိုလ်ကြီးက ဗိုလ်ချုပ်တိုးရီ ပြည်ထဲရေးဝန်ကြီးဖြစ်လာသည့်အပေါ် မှတ်ချက်ပြုသည်။​

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စစ်ကောင်စီက စစ်ဘက်၊ ရဲဘက်နှင့် အုပ်ချုပ်ရေးဘက်မှ ထောင်နှင့်ချီသော ဝန်ထမ်းများကို ဘွဲ့ထူးဂုဏ်ထူးပေးခဲ့ရာတွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ အရာရှိများလည်း ပါဝင်ခဲ့သည်။ စစ်တပ်တွင် ရှားရှားပါးပါးဂုဏ်ပြုလေ့ရှိသည့် သူရဘွဲ့ရသူ လေးဦးသာ ရှိသည့်အနက် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦးနှင့် အရာခံဗိုလ်တစ်ဦး ပါဝင်ခဲ့ကာ ဒုစရခချုပ် ဗိုလ်ချုပ်တိုးရီကို စစ်ကောင်စီက ဇေယျကျော်ထင်ဘွဲ့ပေးခဲ့သည်။​

ဒုပြည်ထဲရေးဝန်ကြီးအဖြစ် အစားထိုးခံရသူ ဗိုလ်ချုပ်တိုးရီမှာ အာဏာသိမ်းရန် လပိုင်းအလိုက ရက္ခိုင့်တပ်တော် (AA) နှင့် သွားရောက်တွေ့ဆုံပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲမှု သေချာစေရေး ဆောင်ရွက်ခဲ့သူဖြစ်သည်ဟုလည်း သိရသည်။

ဗိုလ်ချုပ်တိုးရီသည် လက်ရှိစစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ဖြစ်သူ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဗိုလ်သင်တန်းအပတ်စဉ် ၇၇ (OTS-77) တက်ရောက်ခဲ့သူဖြစ်သည်ဟု CDM ဗိုလ်ကြီးထံက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button