သတင်း

စစ်ထောက်လှမ်းရေးဟောင်းများ၏ အကြံဉာဏ်ဖြင့် စစ်ကောင်စီလှုပ်ရှားနေ

အာဏာသိမ်းစစ်ကောင်စီက စစ်ဘက်ရေးရာလုံခြုံရေးဌာနကို ဖွဲ့စည်းပုံတိုးချဲ့လိုက်သည့်ပြင် ယခင်စစ်ထောက်လှမ်းရေးဟောင်းများ၏ အကြံဉာဏ်ဖြင့် အကွက်စိပ်လှုပ်ရှားနေကြောင်းလည်း စစ်တပ်သတင်းရင်းမြစ်တစ်ခုက ပြောသည်။

နေပြည်တော်အခြေစိုက် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခ) ရုံးအောက်တွင် အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည်ဟု ဌာနနှစ်ခုခွဲလိုက်ကာ ဗိုလ်မှူးချုပ်နှစ်ဦးကို ဗိုလ်ချုပ်အဆင့် ရာထူးတိုးပေးပြီး ကွပ်ကဲရေးမှူးများအဖြစ် ခန့်အပ်လိုက်သည်ဟု သိရသည်။ 

ရက်စွဲအတိအကျ မသိရသော်လည်း အောက်မြန်မာပြည်ကွပ်ကဲရေးမှူး (အကမ) အဖြစ် ဗိုလ်ချုပ်အောင်ကျော်ကျော်၊ အထက်မြန်မာပြည်ကွပ်ကဲရေးမှူး (ထကမ) အဖြစ် ဗိုလ်ချုပ်ကျော်ကျော်လွင်တို့ကို ခန့်အပ်ခြင်းဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“ဖွဲ့စည်းပုံချဲ့တယ်ဆိုတာ စရဖချုပ်အောက်မှာ ဒုစရဖချုပ်အပြင် မြန်မာပြည် အထက်အောက်ခွဲပြီး ဗိုလ်ချုပ်နှစ်ယောက်ထည့်လိုက်တာက ထူးခြားတယ်လေ။ စစ်တိုင်းတွေမှာ ဒုတိုင်းမှူးအပြင် စစ်ဦးစီး ဗိုလ်မှူးချုပ်တွေ ထပ်ထည့်သလိုပေါ့” ဟု အမည်မဖော်လိုသူ ယင်းသတင်းရင်းမြစ်က ပြောသည်။

“အထက်အောက် ကွပ်ကဲရေးမှူး နှစ်ယောက်ပြန်ထားတယ်။ ဗိုလ်ချုပ်အဆင့်ထိ တိုးလိုက်တယ်။ Power (လုပ်ပိုင်ခွင့်အာဏာ) ပြန်တင်တဲ့သဘောပဲ”

စရဖကွပ်ကဲရေးမှူးနှစ်ဦးကို စစ်တိုင်းမှူးနှင့် အဆင့်တူပေးလိုက်ခြင်းဖြစ်ကာ အထက်မြန်မာပြည်ကွပ်ကဲရေးမှူးဖြစ်လာသူ ဗိုလ်ချုပ်ကျော်ကျော်လွင်မှာ လက်ရှိမန္တလေးတိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ကိုကိုဦးနှင့် စစ်တက္ကသိုလ်အပတ်စဉ် ၃၈ အတူတူတက်ရောက်ခဲ့သူဟု သိရသည်။​ 

အာဏာသိမ်းစစ်ကောင်စီက ယခင်စစ်ထောက်လှမ်းရေးများ၏ အကြံဉာဏ်ဖြင့် အကွက်စိပ်လှုပ်ရှားနေခြင်းဖြစ်နိုင်သည်ဟုလည်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“ထလရ (ထောက်လှမ်းရေး) တွေ အကွက်ပိုစိပ်လာလိမ့်မယ်။ အရင်ထလရဆရာတွေဆီက အကြံဉာဏ်ယူနေတယ်လို့ ယူဆရတယ်။ အကွက်စိပ်လာမယ်ဆိုတာက ထလရရဲ့ လုပ်ပိုင်ခွင့် ပိုလာမယ်။ Action (အရေးယူဆောင်ရွက်မှု) တွေ ပိုမြန်လာနိုင်မဲ့ သဘောပေါ့” ဟု ၎င်းက ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ထောက်လှမ်းရေးဟောင်းများကို အကြံပေးအဖြစ် ပြန်လည်ခေါ်ယူထားကြောင်း ယခုလဆန်းပိုင်းတွင် ဧရာဝတီသတင်းဌာနက ရေးသားထားသည်။ 

ထောက်လှမ်းရေးအရာရှိဟောင်းများဖြစ်သည့် ဦးခင်မောင်သိန်း၊ ဦးငွေထွန်းနှင့် ဦးသိန်းဆွေတို့ နေပြည်တော်သို့ သွားရောက်ကာ စစ်ကောင်စီကို ကူညီလျက်ရှိကြောင်း၊ အမေရိကန်သံတမန်ဟောင်း Bill Richardson လာရောက်ပြီးနောက် အင်းစိန်ထောင်တွင် ငါးလကျော်ကြာ ထိန်းသိမ်းခံထားရသူ အမေရိကန်သတင်းသမားတစ်ဦး လွတ်မြောက်ခဲ့ခြင်းမှာ ၎င်းတို့အစီအစဉ်ဖြစ်ကြောင်း ဧရာဝတီသတင်းက ဆိုသည်။ 

မြန်မာနိုင်ငံသို့ နှစ်ကြိမ်ထက်မနည်း လာရောက်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သူ အမေရိကန်လွှတ်တော်အမတ်ဟောင်းလည်းဖြစ် ဝါရင့်သံအမတ်ဟောင်းလည်းဖြစ်သူ Richardson ၏ အကူအညီဖြင့် Denny Fenster မှာ နိုဝင်ဘာ ၁၅ ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသက် ၈၀ ကျော်အရွယ် စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်ကို ရန်ကုန်မြို့၌ ဒီဇင်ဘာ ၅ ရက်က သွားရောက်တွေ့ဆုံခဲ့သည်။ 

စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်ကို ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၌ အာဏာသိမ်းစစ်ခေါင်းဆောင် သွားရောက်တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ – ကကကြည်း) 

မရမ်းကုန်းမြို့နယ်ရှိ နေအိမ်သို့ မင်းအောင်လှိုင် သွားရောက်တွေ့ဆုံရာတွင် ဦးခင်ညွန့်က ပင်စင်နှင့် အကျိုးခံစားခွင့်များ ပြန်ပေးရန် တောင်းဆိုခဲ့ရာ စစ်ကောင်စီက ဖြည့်ဆည်းပေးခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ရေးသားထားသည့်နည်းတူ အထက်ပါ စစ်တပ်သတင်းရင်းမြစ်ကလည်း Myanmar Now ကို အတည်ပြုသည်။​

၂၀၀၄ ခုနှစ်အတွင်းက အာဏာရှင်ဟောင်း ဦးသန်းရွှေဖြုတ်ချခဲ့သည့် ထောက်လှမ်းရေးအကြီးအကဲနှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက် ဝန်ကြီးချုပ်နှင့် အတွင်းရေးမှူးဖြစ်သူ ဦးခင်ညွန့်ကို အာဏာသိမ်းပြီး ၁၀ လကျော်အကြာတွင် မင်းအောင်လှိုင်က လူသိရှင်ကြား သွားရောက်တွေ့ခဲ့သည်။ 

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ တင်ပြခဲ့ကြောင်းလည်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။ 

ဦးခင်ညွန့် ဦးဆောင်သော စစ်ထောက်လှမ်းရေးအဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် ဖျက်သိမ်းပြီးနောက် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ရာတွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၏ အုပ်ချုပ်မှုနှင့် မလွတ်ကင်းစေရန် တွဲဖက်ဖွဲ့စည်းခဲ့သော်လည်း ယခုအခါ သီးသန့်ကွပ်ကဲရေးမှူးများ ထည့်သွင်းပြင်ဆင်လိုက်သည်။​

စရဖများအနေဖြင့် ယခင်က စစ်တိုင်းမှူးများမှတစ်ဆင့် သတင်းပို့နေခဲ့ကြသော်လည်း ယခုအခါ ကွပ်ကဲရေးမှူးများမှတစ်ဆင့် နေပြည်တော်သို့ တိုက်ရိုက်ပေးပို့နိုင်မည်ဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

“ထိပ်ဆုံးအဆင့်ထိ သတင်းစီးဆင်းမှုက အရမ်းမြန်သွားမယ်။ လုပ်ပိုင်ခွင့်ပိုများပြီး ပိုမြန်လာမယ်။ စရဖ G1 (စစ်ဦးစီးပထမတန်း) တွေ၊ တပ်မှူးတွေ အလုပ်ပိုရှုပ်လာနိုင်တယ်။ ကွပ်ကဲမှု နှစ်ခုဖြစ်သွားမယ်။ တိုင်းမှူးဆီက အမိန့်ရော၊ ထကမ/အကမ မှူးတွေဆီက အမိန့်ရော ဖိအားတွေ များလာလိမ့်မယ်” ဟု လည်း ၎င်းက ပြောသည်။

နေပြည်တော်ရှိ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးအောက်တွင် စစ်ဘက်ရေးရာလုံခြုံရေးဌာနကြီး (စရက) ခြောက်ခုရှိသည့်ပြင် ရန်ကုန်နှင့် အခြားနေရာများ၌လည်း စစ်ဘက်ရေးရာလုံခြုံရေး အတတ်သင်ကျောင်းနှင့် အကူတပ်များ ရှိသည်။ 

အာဏာသိမ်းမှု ဆန့်ကျင်သူများ ဖမ်းဆီးခံရပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံရသည့်နေရာဖြစ်သော၊ နှိပ်စက်မှုကြောင့် လူအများအပြား သေဆုံးရသောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်ကြောရေးစခန်းများမှာလည်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့အောက်တွင် ရှိသည်။ 

လက်ရှိ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးဖြစ်သည်။ ၎င်းသည် အာဏာသိမ်းစစ်ကောင်စီ၏ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သည်။ ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်မှာ ဗိုလ်ချုပ်တိုးရီဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက စစ်ဘက်၊ ရဲဘက်နှင့် အုပ်ချုပ်ရေးဘက် ဝန်ထမ်းအများအပြားကို ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခဲ့ရာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ အရာရှိများလည်း ပါဝင်ခဲ့သည်။

တပ်မတော်သားလေးဦးကို စစ်တပ်၌ ရှားရှားပါးပါး ဂုဏ်ပြုချီးမြှင့်လေ့ရှိသည့် သူရဘွဲ့ပေးခဲ့ရာတွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် အရာခံဗိုလ်တစ်ဦး ပါဝင်ခဲ့သည်။ ထို့ပြင် ဒုစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်သူ ဗိုလ်ချုပ်တိုးရီကို စစ်ကောင်စီက ဇေယျကျော်ထင်ဘွဲ့ပေးသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button