ဆောင်းပါးအာဘော်

အကြမ်းဖက်ခံသည့် ပြည်သူတို့ ရသင့်ရထိုက်သည့် တရားမျှတမှု

၂၀၂၁ ဖေဖော်ဝါရီ ၁တွင်  အကြမ်းဖက်စစ်တပ် မတရား အာဏာသိမ်းယူချိန်မှစ၍ ၎င်းတို့၏စစ်ဘက်ဆိုင်ရာအရာရှိများ ဦးဆောင်ကာ အရပ်သား ပြည်သူလူထုအပေါ်  မီးကုန်ယမ်းကုန် အကြမ်းဖက်တိုက်ခိုက်လာသည့်အပြင် အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်မရွေး အစုလိုက်အပြုံလိုက် အကြမ်းဖက် မတရားပြုကျင့်မှုများ၊ သတ်ဖြတ်မှုများ၊ ဖမ်းဆီးချုပ်နှောင်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို စနစ်တကျ ကြိုတင်ကြံစည်ကာ ကျူးလွန်လျက်ရှိပါသည်။ ယခုအခါ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဟု တစ်ဖက်သတ် အမည်ပြောင်းလဲပေးထားသော ဤတရားမဝင် စစ်အကြမ်းဖက်အဖွဲ့သည်  ၎င်းတို့၏ ဥပဒေချိုးဖောက်မှုများ အကြွင်းမဲ့ မျက်ကွယ်ပြုခံနေရသေးသည်ကို နှစ်ခြိုက်ပျော်မွေ့လျက် ရှိနေပါသေးသည်။ သို့သော် ဤအချက်ကို ဂျာမနီနိုင်ငံအစိုးရက ကူညီပြောင်းလဲပေးနိုင်ပါသည်။

မြန်မာနိုင်ငံအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားဖြစ်မှုကို ထိခိုက်သော ရာဇဝတ်မှုများ၏ အဓိကတာဝန်ရှိသူများနှင့် ဗိုလ်ချုပ်ကြီးများအား ယခုနှစ် ဇန်နဝါရီလတွင် ကျွန်တော်အပါအဝင်၊ မြန်မာနိုင်ငံမှ တစ်သီးပုဂ္ဂလတိုင်ကြားသူ (၁၆) ဦး၊ နှင့်အတူ Fortify Rights မှ ဂျာမနီနိုင်ငံ ဖယ်ဒရယ်ပြည်ထောင်စု အစိုးရရှေ့နေချုပ်ထံသို့ ရာဇဝတ်မှုဆိုင်ရာတိုင်ကြားစာ တင်သွင်းကာ အမှုဖွင့်ခဲ့ပါသည်။ ကမ္ဘာတလွှား တရားစီရင်ပိုင်ခွင့်၏ အခြေခံမူအရ အမှုဖွင့်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ကမ္ဘာတလွှား တရားစီရင်ပိုင်ခွင့် ဆိုသည်မှာ အဘယ်နည်း။ 

ကမ္ဘာတဝှမ်း မည်သည့်နေရာ၌မဆို ဖြစ်ပွားခဲ့သည့် ကမ္ဘာ့အဆိုးရွားဆုံး ရာဇဝတ်မှုများတွင် ကျူးလွန်ခံရသူများ၊ ကျူးလွန်ခံရခြင်းမှ လွတ်မြောက်လာသူများကို ဤကမ္ဘာတလွှား တရားစီရင်ပိုင်ခွင့်ရှိသည့် နိုင်ငံများက တရားမျှတမှုထံ လမ်းဖွင့်ပေးနိုင်သော တရားစွဲဆိုနိုင်ခြင်း ဥပဒေဆိုင်ရာ မူဘောင်တစ်ရပ်ဖြစ်ပါသည်။

ကျွန်တော် ဤစာကိုရေးနေစဉ်တွင်ပင် ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုများ လျော့ပါးသွားခြင်းအလျင်းမရှိ၊ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပါသည်။ အာဏာသိမ်းစစ်အုပ်စု၏ တပ်သားများက မြန်မာနိုင်ငံတဝှမ်းရှိ အရပ်သားပြည်သူလူထု၏ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လူဦးရေ ၁၅သိန်းကျော်ကို နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးသူများဖြစ်စေခြင်း၊ အယောက် (၁၇၀၀၀) ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို သေဒဏ် အတင်းအကြပ် ချမှတ်ခြင်းတို့ကို ကျူးလွန်နေပြီး   အရပ်သား(၃၀၀၀)ကျော်ကို သတ်ဖြတ်ခဲ့ပါသည်။ ဤလုပ်ရပ်များ၏ အဓိက ရည်ရွယ်ချက်မှာ   ၅၅ သန်းကျော်သော ပြည်သူလူထုကြီးကို ရက်စက်စွာဖိနှိပ်အုပ်ချုပ်နိုင်ရန် အပြင်းအထန် ကြိုးပမ်းအားထုတ်နေခြင်း ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက မကြာသေးမီက ပြုစုထားသော မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း အာဏာသိမ်းစစ်အုပ်စု၏ တပ်သားများမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်မှု (၆၄) မှုကျူးလွန်ရာတွင် အရပ်သား (၇၆၆)ယောက်ကို သတ်ဖြတ်ခဲ့ပါသည်။ 

စစ်အကြမ်းဖက်အဖွဲ့၏ အာဏာလုယူခြင်း (၂) နှစ်ပြည့်သည့် ၂၀၂၃၊ ဖေဖော်ဝါရီ (၂) တွင် စစ်ကောင်စီက မြို့နယ် (၃၇) မြို့နယ်တွင် စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန်သည်။ ယနေ့အချိန်တွင် မြို့နယ် (၃၃၀) ရှိသည့်အနက် မြို့နယ် (၅၀) သည် စစ်အုပ်ချုပ်ရေး  လက်အောက်တွင် ရှိနေသည်။ စစ်အာဏာသိမ်းအဖွဲ့က အရပ်သား ပြည်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်သူများနှင့် သတင်းသမားများအပေါ် စစ်အုပ်ချုပ်ရေးနှင့် စစ်ခုံရုံးတင်ခြင်းများ ကျင့်သုံးမည်ဟု ဆုံးဖြတ်ထားသည်ကို ထင်ဟပ် ဖော်ပြနေသည်မှာ စိုးထိတ်ဖွယ် ဖြစ်သော်လည်း၊ တဖက်တွင်မူ ယင်းဖော်ပြချက်သည်ပင်လျှင် အကြမ်းဖက်စစ်တပ်၏ အားနည်းချက်ဖြစ်ကြောင်း သက်သေအထောက်အထား ဖြစ်ပါသည်။ စစ်အာဏာသိမ်းအဖွဲ့အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကာလရှည်ကြာစွာ ပိုင်ဆိုင်ထိန်းချုပ်ထားသည့် နယ်မြေများ၊ စီမံအုပ်ချုပ်မှုများနှင့် ဝန်ဆောင်မှုများရှိသည့် မြို့နယ်များသာမက အထက်ဖော်ပြပါမြို့နယ်များ တွင်လည်း ဖိနှိပ်ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါ။

စစ်အကြမ်းဖက်အဖွဲ့၏ စစ်အာဏာသိမ်းမှုနှင့် စက်ဆုပ်ရွံရှာဖွယ် စစ်ရာဇဝတ်မှုများကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံသားများသည် တော်လှန်တိုက်ပွဲဝင်လျက်ရှိပါသည်။ လက်နက်မဲ့ အရပ်သားပြည်သူများကို စစ်အကြမ်းဖက်အဖွဲ့၏  အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အကြောက်တရား သွတ်သွင်းရေး ဝါဒဖြန့်လုပ်ဆောင်ခြင်းရန်မှ ကာကွယ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဒေသတွင်းဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ရာပေါင်းများစွာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းတည်ထောင်လာခဲ့ကြသည်။ ၂၀၂၁၊ စက်တင်ဘာ (၇) တွင် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက အခြားရွေးချယ်စရာမရှိတော့သဖြင့် “ပြည်သူ့ခုခံကာကွယ်ရေးတိုက်ပွဲ”အဖြစ် မြန်မာအကြမ်းဖက်စစ်အုပ်စုကို တရားဝင်စစ်ကြေညာခဲ့ပါသည်။ 

မြန်မာစစ်တပ်၏ သမိုင်းတလျှောက် လူ့အခွင့်အရေးချိုးဖောက်မှုများမှ မျက်ကွယ်ပြုခံရမှုများသည် အာဏာသိမ်းမှု မတိုင်မီကတည်းကပင်ဖြစ်သည်။ မြန်မာအာဏာပိုင်များသည် ၁၉၇၀ ပြည့်လွန်နှစ်များမှ စတင်ကာ ရိုဟင်ဂျာလူမျိုး အရပ်သား မူဆလင်ဘာသာဝင်များအပေါ်တွင် လူအခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျနှင့် နေရာအနှံ့ ကျူးလွန်လာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် မြန်မာစစ်တပ် (သို့မဟုတ်) တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် (၂၀၁၆ – ၂၀၂၁) ၏ ရွေးကောက်ခံ အရပ်သားအစိုးရအဖွဲ့ ကြီးကြပ်မှုနောက်ကွယ်၌ နိုင်ငံရေးအကာအကွယ်ယူကာ   “နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး” ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဥ်းသတ်ဖြတ်ရေးအစီအစဉ်တစ်ရပ်ကို ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါသည်။

အခြားသော တိုင်းရင်းသားနယ်မြေများတွင်လည်း စစ်ရာဇဝတ်မှုများနှင့် လူသားဖြစ်မှုကို ထိခိုက်သော ရာဇဝတ်မှုများ၏ တရားခံမှာလည်း ဤမြန်မာစစ်တပ်ပင် ဖြစ်ပါသည်။ အဆိုပါ နယ်မြေများတွင် စစ်တပ်၏ “ဖြတ်လေးဖြတ်”ဗျူဟာကို ကာလကြာရှည်စွာ အသုံးပြုခဲ့ကြောင်းကို တိုင်းရင်းသား လူအခွင့်အရေးအဖွဲ့များက မှတ်တမ်းတင်ထားပါသည်။ ဤ“ဖြတ်လေးဖြတ်”ဗျူဟာသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ရန်ပုံငွေ၊ စားနပ်ရိက္ခာ၊ ထောက်လှမ်းရေးသတင်းအချက်အလက်နှင့် လူသစ်စုဆောင်းရေးစသည်တို့ကို လက်လှမ်းမှီ ရယူနိုင်မှုမရှိစေရန်အတွက် အလွန်တရာရက်စက်စွာ ကာကွယ်တားဆီးသည့် စစ်တပ်၏ လုပ်ဆောင်ချက်တစ်ရပ် ဖြစ်ပါသည်။ စစ်အာဏာသိမ်းအဖွဲ့သည် အဆိုပါနည်းဗျူဟာကို ၎င်းအားဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDFs)များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAOs) များသာမက အမြဲလိုလိုပင် အရပ်သားပြည်သူများအပေါ်တွင်ပါ ယနေ့ထိတိုင် ဆက်လက် အသုံးပြုနေဆဲဖြစ်သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့၊ Data for Myanmar, Fortify Rights နှင့် Myanmar Witness အဖွဲ့အစည်းတို့၏ အဆိုအရ မကြာသေးမီ လများအတွင်း စစ်အာဏာသိမ်းအဖွဲ့သည် ရခိုင်၊ ကရင်နီ၊ ကရင်၊ ကချင်နှင့် ချင်းပြည်နယ်တို့အပြင် စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ အရပ်သားပြည်သူတို့ နေထိုင်ရာမြို့ရွာများကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများနှင့် မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ ကျွန်တော်လုပ်ကိုင်သည့် လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းများကြောင့် စစ်တပ်က ကျွန်တော့်ကို ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းသဖြင့် ရှောင်တိမ်းထွက်ပြေးနေစဉ်အတွင်း ကျွန်တော်နှင့် ကျွန်တော်၏ မိသားစုဝင်များကိုယ်တိုင် ထိုလေကြောင်းတိုက်ခိုက်မှုများကြုံတွေ့ခဲ့ကြပြီး အသက်ဘေးအန္တရာယ်မှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြပါသည်။ ဤတိုက်ခိုက်မှုများကို ကြိုးကိုင်အမိန့်ပေးသူအားလုံး တာဝန်ခံမှု ရှိစေရမည်။ သို့မဟုတ်ပါက ဤသို့တိုက်ခိုက်မှုများသည် ရပ်တန့်သွားလိမ့်မည် မဟုတ်ပါ။

ကမ္ဘာတဝှမ်းရှိ အစိုးရများက မြန်မာပြည်သူများ၏ တောင်းဆိုချက်များအရ အကြမ်းဖက် စစ်အာဏာသိမ်းအဖွဲ့အပေါ် ပိတ်ဆို့အရေးယူမှုများအား အကောင်အထည်ဖော် အရေးတယူ လုပ်ဆောင်နေသော်လည်း ထိရောက်မှု သိပ်မရှိခဲ့ပါ။ စစ်အာဏာသိမ်းအဖွဲ့၏ ရက်စက်ယုတ်မာမှုများအတွက် ၎င်းတို့ကိုယ်တိုင် တာဝန်ခံမှုရှိစေရန်မဆိုထားနှင့်၊ ၎င်းတို့၏ တိုက်ခိုက်မှုများ အဆုံးသတ်သွားရေးအတွက် လိုအပ်သည်များကို လုပ်ဆောင်ရန်ပင် နိုင်ငံတကာ အသိုင်းအဝိုင်းက လျစ်လျူရှုထားလျက်ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်လူမျိုးများဦးဆောင်ပြီး ဂျူးလူမျိုးများကို ရက်စက်စွာ မီးလောင်တိုက်သွင်း၍ လူမျိုးသုဥ်းသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါမီးလောင်တိုက်သွင်းခြင်းမှ ကျွင်းကျန်သော ပြာမှုန့်များထဲမှ မွေးဖွားလာသော “နောင်ဘယ်သောအခါမျှ (Never Again)” ဟူသော ဆောင်ပုဒ်သည် ဤသို့လူမျိုးသုဥ်းသတ်ဖြတ်မှုများ နောက်ထပ်မဖြစ်စေရဟု ဆိုလိုပါသည်။ အဆိုပါ ဆောင်ပုဒ်လေး၏ အခြေခံသဘောတရားသည် နိုင်ငံတကာစံသတ်မှတ်ချက်နှင့် ကတိကဝတ်ဖြစ်သင့်သော်လည်း လက်တွေ့မှာမူ ဝမ်းနည်းစွာပင် ၎င်းသည် အဆံမပါ အခွံချည်းသာရှိသကဲ့သို့ အဓိပ္ပာယ်မဲ့နေခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ရာဇဝတ်မှုကျူးလွန်နေသူများကို အရေးယူရန်အတွက်  ကမ္ဘာ့နိုင်ငံရေးအသိုင်းအဝိုင်းက ဆန္ဒပြင်းပြမနေခြင်းသည် စစ်အာဏာရှင်စနစ်ကို ပျိုးထောင်ပေးနေခြင်းသက်သက်သာဖြစ်သည်။ တက်ကြွလှုပ်ရှားသူများပါ၀င်သော Justice for Myanmar ၏ ၂၀၂၃   ဇန်နဝါရီ ၂၅ ရက်နေ့ထုတ်  အစီရင်ခံစာတွင် တရားမဝင် စစ်အာဏာသိမ်းအဖွဲ့အား ကူညီထောက်ပံ့မှုပေးနေသော ပြည်ပအစိုးရနှင့် နိုင်ငံတကာ အဖွဲ့ အစည်းပေါင်း (၆၀) ကျော်ကို ဖော်ထုတ်ခဲ့ပါသည်။

မြန်မာစစ်တပ်၏ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ လူသားဖြစ်မှုကို ထိခိုက်သော ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အာဏာသိမ်းအဖွဲ့ကို ထောက်ခံခြင်း နှင့် ကြား‌နေခြင်း မပြုလုပ်ရပါ။ အကယ်၍ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)တွင် ပါဝင်သော အိမ်နီးချင်းနိုင်ငံများက ပြစ်မှုကျူးလွန်သူများကို အလျှော့ပေးဆက်ဆံပါက ၎င်းတို့၏  ပြစ်မှုကျူးလွန်မှုများကို အကြွင်းမဲ့မျက်ကွယ်ပြုပေးခြင်းဆီသို့ တက်လှမ်းရန်  လှေကားထစ်တစ်ခု ဆောက်လုပ်ပေးခြင်းသာဖြစ်သည်။ ဤအပြုအမူမျိုး၏ အန္တရာယ်ပေးနိုင်သော ခြိမ်းခြောက်မှုများသည် မြန်မာနိုင်ငံတွင်းသာမက နယ်စပ်နယ်နိမိတ်ကိုပင် ကျော်လွန်ကာ သက်ရောက်မည်မှာ မလွဲပါ။

အစိုးရအဖွဲ့အစည်းအသီးသီးက ပြတ်သားစွာ အရေးယူဆောင်ရွက်ရမည်။ စစ်အာဏာသိမ်းအဖွဲ့၏ ရာဇဝတ်မှုများကို တုံ့ပြန်ရန်အတွက် လိုအပ်သော တာဝန်ခံမှုလုပ်ငန်းစဉ် အစပျိုးလုပ်ဆောင်မှုများ အားလုံးတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ကူညီထောက်ပံ့ပေးသင့်သည်။ အထူးသဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံတွင် တွေ့ကြုံခံစားနေရသော ရာဇဝတ်မှုများကို ဂျာမန်လူမျိုးများဦးဆောင်သော စုံစမ်းစစ်ဆေးမှုများတွင် လိုအပ်သည်များကို ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း အစိုးရအဖွဲ့အစည်းများက ဂျာမနီနိုင်ငံအာဏာပိုင်များကို အချက်ပြအသိပေးသင့်သည်။ ထို့အပြင် အဆိုပါနိုင်ငံများသည် မြန်မာနိုင်ငံတွင်းရှိ ရာဇဝတ်မှု ကျူးလွန်ခံရခြင်းမှ လွတ်မြောက်လာသူများအတွက် တရားမျှတမှုရရှိစေရန်ရည်ရွယ်ချက်ဖြင့် အာဂျင်တီးနား၊ တူရကီနှင့် အင်ဒိုနီးရားနိုင်ငံတို့က အဆက်မပြတ်ကြိုးပမ်း အားထုတ်ပေးနေခြင်း တို့အပါအဝင် အခြားသော ကမ္ဘာတလွှား တရားစီရင်ပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို အစပျိုးလုပ်ဆောင်ရာတွင်လည်း ကူညီထောက်ပံ့ပေးသင့်သည်။

ထို့အပြင် အစိုးရအဖွဲ့အစည်းများအနေဖြင့် စစ်အာဏာသိမ်းအဖွဲ့၏ ဝင်ငွေ၊ လက်နက်နှင့် နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ရေး ကြိုးပမ်းမှုများကိုလည်း ငြင်းပယ်ရန်အတွက် ပိုမိုအားထုတ်သင့်သည်။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် စစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုတားမြစ်ချက်ကို လွန်ခဲ့သည့် နှစ်များစွာကပင် အကောင်အထည်ဖော် ချမှတ်ခဲ့သင့်သည်။

တစ်ချိန်တည်းမှာပင် အခြားသော ရာဇဝတ်မှုကျူးလွန်ခံရသူများနှင့် ကျူးလွန်ခံရမှုမှ လွတ်မြောက်လာသူများသာမက မြန်မာနိုင်ငံတွင်း လူမျိုးသုဥ်းသတ်ဖြတ်မှု၊ လူသားဖြစ်မှုကို ထိခိုက်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူများကပါ ရှေ့သို့ထွက်လာကာ  ကိုယ်ပိုင်အတွေ့အကြုံ ဖြစ်စဉ်များကို မျှဝေပေးရန်အတွက်   အားပေး တိုက်တွန်းလိုပါသည်။ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ လူသားဖြစ်မှုကို ထိခိုက်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများသည် ဤကမ္ဘာပေါ်တွင် ၎င်းတို့အတွက် လုံခြုံသောနေရာ မရှိတော့ကြောင်းနှင့် ၎င်းတို့ ကျူးလွန်ခဲ့သော ရက်စက်ယုတ်မာသော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ခံရခြင်းမှ မလွတ်မြောက်နိုင်တော့ကြောင်းကို သေချာစွာ နားလည်သိရှိစေရန်အတွက် ကျွန်တော်တို့အားလုံး အတူတကွ လက်တွဲလုပ်ဆောင်ရမည်ဖြစ်သည်။ “နောင်ဘယ်သောအခါမျှ (Never Again)” ဟူသော ဆောင်ပုဒ်သည် လက်တွေ့တွင် အမှန်တကယ် ဖြစ်တည်လာစေရန်အတွက် ကျွန်တော်တို့အားလုံး အတူတကွ လုပ်ဆောင်ရပေမည်။

မှတ်ချက် – နစ်ကီဒိုင်းမွန်း (ရဲမြင့်ဝင်း)သည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ကွန်စတန့်ဇ် တက္ကသိုလ် (University of Konstanz)မှ နိုင်ငံရေးနှင့် ဥပဒေရေးရာ မနုဿဗေဒဘာသာရပ်တွင် ဒဿနိက ဗေဒပါရဂူဘွဲ့(Ph.D.)အတွက် စာတမ်းပြုစုနေသူတစ်ဦးဖြစ်သည်။ သူသည် Fortify Rights ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် သူသည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ကျူးလွန်ခဲ့သည့် ရက်စက်ယုတ်မာသောရာဇဝတ်မှုများအတွက် ဂျာမနီနိုင်ငံတွင် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာတင်သွင်းကာ အမှုဖွင့်တိုင်ကြားခဲ့သူ (၁၆) ဦးတွင် ပါဝင်သူတစ်ဦးလည်းဖြစ်သည်။

Show More

Related Articles

Back to top button