သတင်း

စစ်ကြောရေးအရာရှိ ဗိုလ်မှူးသန်းထွဋ်နှင့် အဖွဲ့ကို PDF က လှည့်စားပြီး လုပ်ကြံတိုက်ခိုက်

စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးတပ်ရင်းတစ်ခုမှ ဗိုလ်မှူးသန်းထွဋ်နှင့် အဖွဲ့သည် သေနတ်ဝယ်ယူလိုသော အရပ်သားများအသွင်ဆောင်ကာ ဇန်နဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက နေပြည်တော်၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာ တောင်ငူခရိုင်အတွင်းရှိ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးအနီးတစ်ဝိုက်တွင် ရောက်ရှိခိုက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ထိုလုပ်ကြံမှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ တောင်ငူခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၃၅၀၁ က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၃) တွင် သတင်းထုတ်ပြန်ခဲ့သည်။

သေဆုံးသူတို့မှာ ရန်ကုန်တိုင်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားလှသော စစ်ကြောရေးစခန်းများကို အဓိကကြီးကြပ်ပြီး စစ်ကောင်စီကို တော်လှန်နေသော မြို့ပြောက်ကျားများကို ဖိနှိပ်နေသည့် ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့မှ အရာရှိဖြစ်သူ အသက် ၃၈ နှစ်ခန့်အရွယ် ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ ဖြစ်သည်။

ထိုထောက်လှမ်းရေးနှစ်ဦးမှာ အရပ်သားနှစ်ဦးနှင့်အတူ သေနတ်ဝယ်ယူရန် ဆိုကာ PDF အဖွဲ့ဝင်များနှင့် အချိန်းအချက်ပြုခဲ့ကြောင်း၊ သို့ရာတွင် ၎င်းတို့စီးနင်းလာသောကားကို ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၁၊ ၆ ဖာလုံအနီးသို့ အရောက်တွင် တောင်ငူ PDF တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခံခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှင့် အတူပါလာသော အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့မှာ ယခင် PDF အဖွဲ့ဝင်ဟောင်းများဖြစ်ပြီး စစ်ကောင်စီထံ ဖမ်းဆီးခံရပြီးနောက် ၎င်းတို့သဘောအလျောက်သော်လည်းကောင်း သို့မဟုတ် အကျပ်ကိုင်ဖိအားပေးမှုကြောင့်သော်လည်းကောင်း စစ်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးနေသူများဖြစ်ကြောင်း Myanmar Now အနေဖြင့် နားလည်ပါသည်။

ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို ပစ်ခတ်လုပ်ကြံပြီးနောက် ၎င်းတို့နှစ်ဦးအား ခေါ်လာစဉ် ထွက်ပြေးရန် ပြုသဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသော်လည်း ထိုသတင်းကိုအတည်မပြုနိုင်သေးပေ။

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၁ မိုင်အနီးတွင် ဇန်နဝါရီ ၂၂ ရက်က တော်လှန်ရေးအဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့မှ ဗိုလ်မှူးသန်းထွဋ်။ ဓာတ်ပုံ – ပဲခူး PDF

ယခုအခြေအနေကို သိရှိသော ထောက်လှမ်းရေးဆိုင်ရာသတင်းရင်းမြစ်တစ်ဦးအဆိုအရ ဗိုလ်မှူးသန်းထွဋ်နှင့် PDF တို့ ချိန်းဆိုခဲ့သော နေရာမှာ အမြန်လမ်း ၁၄၅ မိုင်ဖြစ်ကြောင်း၊ ထို ၁၄၅ မိုင်တွင် စစ်ကောင်စီတပ်ဖွဲ့များက အင်အားအများအပြားဖြင့် စောင့်ဆိုင်းနေသည်ဟု သိရှိရသည်။

ထို့ပြင် ၎င်းတို့ကားနောက်တွင် ဗိုလ်ကြီးတစ်ဦးဦးဆောင်သည့် နောက်ထပ်တစ်ဖွဲ့လည်း ပါရှိကြောင်း၊ သို့သော် ဒုတိယကားမှာ ကားဘီးပေါက်သဖြင့် ရှေ့ကားနှင့် အဆက်ပြတ်သွားကာ မထင်မှတ်ဘဲ မိုင်တိုင် ၁၆၁ မိုင်အနီးတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အရှေ့ကသွားတဲ့အဖွဲ့က ကျွံဝင်သွားတာ။ ၁၄၅ မိုင်မှာ ချိန်းထားတာ အဲဒီမှာ ပြင်ဆင်ပြီးသားနေရာပဲ၊ ဒီဘက်(စစ်တပ်) က သတ်ကွင်းပေါ့။ ဟိုဘက်က နေရာရွှေ့လိုက်တယ် ၁၆၁ ရောက်ပြီး သူတို့ (PDF) သတ်ကွင်းထဲ ရောက်သွားတယ်” ဟု ထိုသတင်းရင်းမြစ်က ဆိုသည်။

PDF ဘက်က ထုတ်ပြန်ချက်တွင်မူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကင်းပုန်းဝပ်ကာ ကားတွင် ပါလာသည့် သတင်းပေး PDF အဖွဲ့ဝင်ဟောင်းနှစ်ဦးကို ဖုန်းဆက်ကာ ကားရပ်ခိုင်းပြီး ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်က လက်နက်များဖြင့် ပြန်လည်ပစ်ခတ်၍ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ၎င်းတို့ထံမှ ၉ မမ ပစ္စတို (၂) လက်၊ ကျည် (၁၂) တောင့်၊ ယာဉ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၁ မိုင်အနီးတွင် ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့ထံမှ တော်လှန်ရေးအဖွဲ့ ရရှိသည့် ပစ္စည်းများ။ ဓာတ်ပုံ – ပဲခူး PDF

၎င်းတို့၏ ထုတ်ပြန်ချက်တွင် မျက်နှာဝါးထားသော အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများ တောတွင်းတစ်နေရာတွင် လဲကျသေဆုံးနေပုံ ဓာတ်ပုံများလည်း ထုတ်ပြန်ထားသည်။

PDF က သိမ်းဆည်းရမိသည့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း တပ်တွင်းထုတ်ပေးထားသည့် စာရွက်စာတမ်းတစ်ခုတွင် ဗိုလ်မှူးသန်းထွဋ်၏ နာမည်၊ အသက်၊ ရာထူးနှင့် ၎င်းသည် စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးတပ်မှ ဆိုသည်ကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည်။

ပြည်လမ်းနှင့် ရန်ကုန်လေဆိပ်လမ်းဆုံအနီး ၉ မိုင်ခွဲတွင် တည်ရှိသော ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့ (စရက-၁) တာဝန်ခံ ဗိုလ်မှူးသန်းထွဋ်သည် ၎င်းတပ်ရင်းတွင် စစ်ဆင်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်းအထက်တွင် တပ်မှူး ဗိုလ်မှူးချုပ်နေလင်းထွန်းနှင့် ဒုတိယတပ်ဖွဲ့မှူး ဗိုလ်မှူးကြီးမြတ်ကိုတို့ ရှိကာ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးကို ယနေ့တွင် ဌာနတွင်းစုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့၍ စစ်ဆေးခံနေရသည်ဟု သိရှိရသည်။

၎င်းတို့တပ်ရင်းသည် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) လက်အောက်ရှိ တပ်ရင်းဖြစ်ပြီး၊ စရဖဌာနကို စစ်ကောင်စီအဖွဲ့တွင် ပါဝင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဦးဆောင်နေသည်။

ဗိုလ်မှူးသန်းထွဋ်နှင့်ကား ရန်ကုန်မြို့မှ ထွက်ခွာသွားသည့် နေရာအတိအကျကို ရန်ကုန်မြို့မှ မြို့ပြပြောက်ကျားတပ်ဖွဲ့များပူးပေါင်းထားသည့် Yangon UG Association(YUA) က ပဲခူး PDF များကို သတင်းလှမ်းပေးခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၁ မိုင်အနီးတွင် ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့ထံမှ တော်လှန်ရေးအဖွဲ့ ရရှိသည့် ပစ္စည်းများ။ ဓာတ်ပုံ – ပဲခူး PDF

“မြေအောက်တော်လှန်ရေး UG တွေထဲ သူတို့ အသွင်ယူစိမ့်ဝင်နေတာလည်း သိပါတယ်။ သိပေမဲ့ သူတို့ဆီက သတင်းအချက်အလက်တွေ လိုချင်နေတဲ့အတွက် သိသိနဲ့ ကျနော်တို့ စောင့်နေတာ။ ကျနော်တို့လိုချင်တဲ့ အချက်အလက်အပြည့်အစုံမရသေးလို့။ အခုကျတော့ အကုန်ရတော့ တိတိကျကျ သတင်းပေးဆောင်ရွက်တာပါ” ဟု Yangon UG Association (YUA) က ပြောသည်။

ပြီးခဲ့သည့်လပိုင်းက အမှတ်(၁) တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်၏ အစီရင်ခံစာဆိုသည့် အသံဖိုင်နှင့် စာမျက်နှာ ၃၃ မျက်နှာပါ စာတမ်းတစ်ခု လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့ပြီး ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျားတပ်ဖွဲ့များအတွင်းအသွင်ယူလုပ်ဆောင်ကာ ဖမ်းဆီးခဲ့သည်ဆိုသည့် အချက်အလက်များ ပါဝင်သည်။

ထိုအစီရင်ခံစာတွင် ယခုလုပ်ကြံခံရမှုတွင် ပါဝင်သူ တပ်ကြပ်ကြီးမြင့်အောင်သည် ကိုမဟာအမည်ဖြင့် မြို့ပြပြောက်ကျားအဖွဲ့ဝင်အဖြစ် အသွင်ယူလုပ်ဆောင်ခဲ့သည်ဆိုသော အချက်ပါဝင်ပြီး၊ ထိုအချက်ကို YUA က အတည်ပြုသည်။

တော်လှန်ရေးအဖွဲ့များကို အသွင်ယူဖမ်းဆီးနေသည့် စစ်ကောင်စီ၏ အစီအမံ။ ဓာတ်ပုံ – ပေးပို့

၎င်းတို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များကို ဖမ်းဆီး၊ စစ်ကြောရေးလုပ်ငန်းများဦးဆောင်လုပ်ခဲ့သူတစ်ဦးမှာ ယခုအသတ်ခံရသူ ဗိုလ်မှူးသန်းထွဋ်ဖြစ်သည်ဟုလည်း YUA က ပြောသည်။

“သူက (ဗိုလ်မှူးသန်းထွဋ်) အသွင်ယူတွေကို ဦးဆောင်နေတာ စစ်ကြောရေးမှာ လက်စောင်းထက်တဲ့အပြင် UG တွေကြားထဲမှာ သပ်ရှိုသွေးခွဲမှုတွေ အသွင်ယူမှုတွေကို အဓိကလုပ်ဆောင်နေတဲ့သူပါ ဒီကြားထဲမှာ အထင်လွဲမှုတွေဖြစ်အောင် လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လုပ်နေသူပါ။ မိတဲ့သူတွေကို တန်ပြန်ထောက်လှမ်းရေးလုပ်နေတာလည်း သူပဲ” ဟု သူက ပြောသည်။

အခင်းဖြစ်ပွားရာနေရာသည် အမြန်လမ်းမနှင့် တစ်မိုင်ခန့်ဝေးသည်ဟု အမြန်လမ်း မိုင်တိုင် ၁၄၆ ရှိ ဇီးပင်သာရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တောစပ်ပေါ့။ အဲဒီမှာ အမျိုးသားအလောင်း နှစ်လောင်းတွေ့တယ်။ ကားတစ်စီးကို မီးရှို့သွားတယ်” ဟု သူက ပြောသည်။

တော်လှန်ရေးအဖွဲ့များကို အသွင်ယူဖမ်းဆီးနေသည့် စစ်ကောင်စီ၏ အစီအမံ ။ ဓာတ်ပုံ – ပေးပို့

သေဆုံးနေသူ ၂ ဦးသည် အရပ်ဝတ်အဝတ်အစားနှင့် ဖြစ်ပြီး ဦးခေါင်းနားထင်၊ ရင်ဝတို့၌ ကျည်ဆန်ဒဏ်ရာ ၂ ချက်စီခန့် တွေ့ရသည်ဟု ဇီးပင်သာရဲစခန်းက ပြောသည်။

“အလောင်းတွေကို မီးမရှို့သွားပါဘူး။ သေနတ်ဒဏ်ရာနဲ့ ပက်လက်တွေ တွေ့ရတာ၊ ဒီအမှုကို ရေတာရှည်ရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေတယ်” ဟု တာဝန်ကျရဲ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

အလောင်းများကို ညနေအချိန်တွင် အမှတ် (၃) စစ်မြေပြင်ဆေးတပ်ရင်းသို့ သယ်ဆောင်သွားသလို မီးရှို့ခံထားရသောကားကို ယမန်နေ့ ည ၉ နာရီတွင် ကရိန်းနှင့် သယ်သွားသည်ဟု သိရသည်။ ထိုအလောင်း ၂ လောင်းသည် ဗိုလ်မှူးသန်းထွဋ်နှင့်တပ်ကြပ်ကြီးမြင့်အောင်တို့ ဟုတ်မဟုတ်ကို ဇီးပင်သာရဲစခန်းနှင့် ရေတာရှည်ရဲစခန်းတို့က မပြောပေ။

ဗိုလ်မှူးသန်းထွဋ်နှင့် အတူပါလာသော စာရွက်စာတမ်းများကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပြီး မော်တော်ကားအရောင်းအဝယ်စာချုပ်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက စရက-၁ ထံသို့ ဆိုင်ခန်းချိပ်ပိတ်ထားမှု ပြန်လည်စိစစ်ပေးရန် တင်ပြစာ၊ ကားလိုင်စင်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း စစ်တပ်ထောက်ခံစာတို့ တွေ့ရသည်။

တော်လှန်ရေးအဖွဲ့များကို အသွင်ယူဖမ်းဆီးနေသည့် စစ်ကောင်စီ၏ အစီအမံ။ ဓာတ်ပုံ – ပေးပို့

သေဆုံးသူ ဗိုလ်မှူးသန်းထွဋ်သည် ရန်ကုန်မြို့တွင် နေထိုင်သူဖြစ်ပြီး ထောက်လှမ်းရေးနှင့် စစ်ကြောရေးတွင် အဓိကတာဝန်ရှိသူတစ်ဦးဟု Myanmar Now ၏နောက်ထပ် တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သူက ဒုတိယဗိုလ်မှူးကြီးဖြစ်နေပြီ။ အပွင့်မတင်ရသေးတာပေါ့။ သူတို့က ထောက်လှမ်းရေးပိုင်းကို တာဝန်ယူရတာ UG ကွန်ရက်တွေ၊ ဆန္ဒပြသူတွေကို ထောက်လှမ်းတာတို့ အဓိကလုပ်ရတယ်။ စစ်ကြောရေးကတော့ ရေကြည်အိုင်က အဖွဲ့တွေ လုပ်ကြတာ ပိုများတယ်။ ဒါပေမဲ့ သူတို့လည်း လုပ်ကြတယ်” ဟု ထိုတပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

နေပြည်တော်တွင် တာဝန်ထမ်းဆောင်ဆဲ အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးကလည်း ဗိုလ်မှူးသန်းထွဋ်၏ စရက-၁ သည် ယမန်နှစ်က စစ်တပ်က ကြိုးပေးသတ်ဖြတ်လိုက်သော NLD ပါတီလွှတ်တော်အမတ်၊ ဟစ်ဟော့ပ်အဆိုတော် ကိုဇေယျာသော်ကို ဖမ်းဆီးခဲ့သည့် တပ်ဖွဲ့ဖြစ်သည်ဟု ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button