ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ မဲစာရင်းများကို အောက်တိုဘာလ ၆ ရက်နေ့ညက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ထံက သိရသည်။
မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာ စာကြည့်တိုက်တွင် ကပ်ထားသည့် မဲပေးခွင့်ရှိသူများစာရင်းများကို ယင်းနေ့ ည ၁၁ နာရီခွဲခန့်တွင် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သာယာဝတီခရိုင် အမှတ် (၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၂) က ပြောသည်။
မဲစာရင်း ကပ်ထားသည့် ကျောက်သင်ပုန်းများကို ဆီလောင်းမီးရှို့ခဲ့ပြီး အထိအခိုက်မရှိ ပြန်ဆုတ်ခွာခဲ့ကြောင်း အဆိုပါတပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်တိမ်တိုက်ဆိုသူက ပြောသည်။
“ မီးရှို့ပြီးတော့၊ ပြန်လည်ပစ်ခတ်မှုဆိုတာတော့ မရှိခဲ့ဘူး။ မဲရုံစောင့်တွေနဲ့ စောင့်အိပ်တဲ့သူတွေရှိရင်တော့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ချင်ဖြစ်သွားမှာပေါ့လေ” ဟု ၎င်းက ဆိုသည်။
ထိုသို့ မဲစာရင်းများကို မီးရှို့ ဖျက်ဆီးခံရပြီးနောက် နောက်တစ်နေ့ (အောက်တိုဘာလ ၇ ရက်နေ့) မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဆင်တဲကန်းကျေးရွာသို့ ရောက်ရှိလာပြီး ရွာခံများကို စစ်ဆေး မေးမြန်းခဲ့ကြောင်း၊ ရွာတွင် တပ်စွဲရန်နှင့် နယ်မြေရှင်းလင်းမှုများ လုပ်ရန် စီစဉ်နေသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကော်မရှင်သည် ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ပြီးအပိုင်း သုံး ပိုင်းခွဲကာ ကျင်းပသွားမည်၊ ရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပသွားမည်ဟု ထုတ်ပြန်ထားသည်။
ထို့ကြောင့် စစ်ကော်မရှင်က မဲစာရင်းဟု ခေါ်သည့် ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူများစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ထိ ၎င်းတို့ နယ်မြေ စိုးမိုးသော ဒေသများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရုံးခွဲများတွင် သွားရောက်ကြည့်ရှုရန် ကြေညာနေခြင်းဖြစ်သည်။
စစ်တပ်သည် ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ပျက်ပြားအောင်လှုံ့ဆော်ပါက ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူခြင်းများလုပ်နေရာ မကြာသေးခင်က ကယား (ကရင်နီ) ပြည်နယ် ၊ မြို့တော် လွိုင်ကော်တွင် အသက်မပြည့်သေးသူများကိုပါ ဖမ်းဆီး၍ ပြင်းပြင်းထန်ထန် အရေးယူခဲ့သည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားအောင် လှုံ့ဆော်မှုဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အမှု ၂၄ မှုအတွက် အရေးယူထားသူ ၆၄ ဦး ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်ထွန်းနောင်က အောက်တိုဘာလ ၃ ရက်နေ့က ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ပြောထားသည်။
ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း မှ ကာကွယ်ပေးရေး ဥပဒေအရ ထောင်ဒဏ်၊ငွေဒဏ်များ အပါအဝင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားပြီးမကြာသေးခင်ကလည်း သီတင်းကျွတ်ဆီမီးသပိတ်အဖြစ် ရွေးကောက်ပွဲ ဆန့်ကျင်ရေးအပါအဝင် လူထု ဆန္ဒ ၃ ရပ် ဖော်ထုတ်ရေးလှုပ်ရှားမှု နိုင်ငံအနှံ့ ပြုလုပ်ခဲ့ကြသေးသည်။
ထိုလှုပ်ရှားမှုအနက် ချောင်းဦးမြို့နယ်မီးထွန်းသပိတ်သည် အောက်တိုဘာလ ၆ ရက်နေ့ညက ဗုံးကြဲခံရသောကြောင့် လူ ၂၀ ထက်မနည်းသေဆုံးကာ လူ နှစ်ဒါဇင်ထက်မနည်း ဒဏ်ရာရခဲ့သည်။
စစ်ကော်မရှင်က ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဟန့်တားသွားမည်ဟု အထက်ပါ PDF တပ်ခွဲမှူးက ပြောသည်။
အရပ်သားပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် စိတ်ဝင်စားမှုနည်းပါးသော်လည်း အုပ်ချုပ်ရေးပိုင်း၏ ဖိအားများကြောင့် အကြောက်တရားများဖြင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။
“ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲတွင်ပါဝင်လိုက်ခြင်းက ကိုယ့်ဘဝကိုယ် မြေကြီးထဲကို ဆွဲနှစ်နေသလို ပဲလို့ ပြောချင်ပါတယ်၊ အတတ်နိုင်ဆုံး မပါဝင်ကြဖို့ ရှောင်ကြဉ်ပါလို့ပဲ ပြောချင်ပါတယ်ဂ ဟု ၎င်းက ဆက်ပြောသည်။
ပြည်ခရိုင်အတွင်း နေထိုင်သူ ဒေသခံအမျိုးသားတစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ကပ်ထားသော မဲစာရင်းများလာကြည့်ရှုသူနည်းပါးသည်ကို တွေ့မြင်ရကြောင်း ဆိုသည်။
“နံနက်ဆို ရုံးကို အုပ်ကြီးတွေလာကြတယ်၊ လူတွေကလည်း ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပဲ။ အရင်လို ရုတ်ရုတ်သဲသဲ လာကြည့်တာမျိုးတော့ မတွေ့ဘူး။ စောသေးတာပဲ ပါမလားတော့မသိဘူး။ အရင် ရွေးကောက်ပွဲလိုတော့ မဟုတ်ဘူး” ဟု အသက် ၄၀ နီးပါးအရွယ် ထိုသူက ပြောသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲအတွက် မဲစာရင်းလိုက်ကပ်ခြင်း၊ မဲရုံနေရာအပါအဝင် စသည့် ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်နေပြီး မြို့ကြီးများပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မဟန့်တားနိုင်စေရန် လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ဘက်က တတ်နိုင်တဲ့ ခွန်အားရှိသမျှလုပ်သွားမယ်၊ သူတို့ရဲ့ ထွက်ပေါက်လည်း မဖြစ်အောင် ၊ အပြီးသတ်ပဲ သူတို့ကို လုပ်ဆောင်သွားမှာပါ” ဟု ဗိုလ်တိမ်တိုက်က ပြောသည်။
ပြည်သူများအနေဖြင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ နေထိုင်သည့် နေရာများအနီး သွားလာနေထိုင်ခြင်းမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားကြသည်။
လက်ရှိတွင် စစ်ကော်မရှင်ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီ ခြောက်ခု မှ ကိုယ်စားလှယ်လောင်း ၃၉၆၁ ဦး၊ တိုင်းနှင့်ပြည်နယ်မှ ဝင်ပြိုင်မည့် ၅၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တစ်သီးပုဂ္ဂလ ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦး ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။



