စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ယမန်နေ့ (သီတင်းကျွတ်လပြည့်ည) တွင် ဆီမီးပူဇော်ပွဲသပိတ် ပြုလုပ်နေသည့်နေရာကို အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲချခဲ့မှုကြောင့် ကလေးများ၊ အရပ်သားများ၊ ကာကွယ်ရေးအဖွဲ့ဝင်များအပါအဝင် သေဆုံးသူ နှစ် ဒါဇင်နီးပါးရှိပြီး ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ပြီး စစ်တပ်ထိန်းချုပ်ထားသည့် မုံရွာမြို့ပေါ်တွင် သီတင်းကျွတ်ကာလပျော်ပွဲရွှင်ပွဲ ခြိမ့်ခြိမ့်သဲသဲကျင်းပနေချိန် ထိုနေရာမှ ၁၀ မိုင်ခန့်အကွာ တော်လှန်ရေး အင်အားစုများထိန်းချုပ်ထားသည့်ကျေးရွာမှ ဆီမီးထွန်းပွဲကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုသို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ခြင်းဖြစ်သည်။
ချောင်းဦးမြို့အနောက်ဘက်ရှိ ဘုံတိုကျေးရွာ၌ ယမန်နေ့ ည ၇ နာရီကျော်တွင် ဆီမီးထွန်းရင်း သပိတ် ပြုလုပ်နေချိန် နမခ မှ တက်လာသည့် လေထီးက ဗုံး နှစ်လုံး ကြဲချခဲ့ခြင်း ဖြစ်သည်။
သပိတ်တရားဟောရန် စီစဉ်နေချိန် ကျေးရွာမူလတန်းကျောင်းဝင်းအနီး မြေကွက်လပ်ရှိ လူအုပ်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ထိုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရသည့် ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ လူတွေလည်းစုရပ်ရောက်ပြီ အဲ့ဒီမှာ ပါရာမော်တာတက်လာတယ်လို့သတင်းရတယ်။ တချို့က တက်တက်ချင်းမှာပဲ အိမ်ပြန်သွားကြတာပေါ့ တစ်ဝက်ကျော်လောက်က။ တချို့ကနည်းနည်းကျန်သေးတယ်။ အဲ့ဒါကိုလည်းအကုန်လုံးက ပြန်ဖို့ သတင်းကို စောင့်နေကြတာ”ဟု အထက်ပါ တာဝန်ခံက ဆိုသည်။
ပုံမှန်အားဖြင့် စက်တပ်လေထီးမှာ ၁၀ မိနစ်မှ ၁၅ မိနစ်ဝန်းကျင်ခန့်ကြာမြင့်သော်လည်း ယမန်နေ့က လေကြောင်းသင့်နေသည့်အတွက် ပုံမှန်အချိန်ထက် ခပ်မြန်မြန်ရောက်ရှိလာကြောင်း ၎င်းက ပြောသည်။
“ လေကလည်း လေသင့်တယ်။ လေစုန်ဖြစ်နေတယ်။ လေကမြောက်ကနေ နမခ ဘက်ကနေ တိုက်နေတဲ့အချိန်မှာ ပုံမှန်ထက်ကိုမြန်တယ်။ ပုံမှန်ဆိုရင် အဲ့ဒီလိုနေရာမျိုး ရောက်ဖို့ဆိုတာက ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ရှိတယ်။ ခုက ၇ မိနစ်လောက်နဲ့ ရောက်လာတာ။ အဲ့ဒီလိုအချိန်မှာ ရောက်လာပြီးတော့ နှစ်လုံးဆက်တိုက်ချသွားတာ”ဟု ပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
၎င်းအပါအဝင် ချောင်းဦး ပကဖ အဖွဲ့ဝင် ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦး ကျဆုံးခဲ့ကြောင်း ဆက်ပြောသည်။
အခင်းဖြစ်နေရာတွင် ကူညီကယ်ဆယ်သူများ၊ တော်လှန်ရေးအဖွဲ့ဝင်များနှင့်ဒေသခံများအား Myanmar Now က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သေဆုံးသူ ဦးရေမှာ ၂၀ ဦးထက်မနည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၄၀ ကျော်ရှိနေသည်။
ထိခိုက်သေဆုံးဒဏ်ရာရသူများတွင် အထက်ပါ ကာကွယ်ရေးအဖွဲ့ဝင်များအပြင် အသက် လေး ငါးနှစ် အရွယ် ကလေးများအပါအဝင် အရပ်သားများ၊ မုံရွာ -အမြင့်လမ်းစစ်ဘေးရှောင်ကူညီနေသူများ ပါဝင်ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ထို့ပြင် သေဆုံးသူများအနက် မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီမှအဖွဲ့ဝင်အချို့ပါဝင်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများက လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
မုံရွာနမခနှင့်နီးကပ်သော်လည်း တော်လှန်ရေးအင်အားစုအားကောင်းသည့် ချောင်းဦး-မုံရွာ အမြင့်လမ်း တစ်လျှောက် သပိတ်များ၊ ဆန္ဒ ပြပွဲများ မကြာခဏပြုလုပ်ကြသည်။
ယမန်နေ့ညကလည်း ချောင်းဦးအပါအဝင် ဖားကန့်၊ ဆားလင်းကြီး၊ ပုလဲ၊ လောင်းလုံစသော နိုင်ငံအနှံ့မှ ဒေသခံများက ဆီမီးသပိတ်ပြုလုပ်ခဲ့ကြသည်။
သီတင်းကျွတ်ဆီမီးသပိတ်တွင် “ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်မှုထမ်းဥပဒေနှင့် တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လူထုဆန္ဒ သုံးရပ် ဖော်ထုတ်ရေး ပြုလုပ်ရန် မုံရွာ-အမြင့် လမ်း သပိတ်ဦးဆောင်ကော်မတီ ကလည်း ထုတ်ပြန်ထားသည်။

မည်သူမည်ဝါ ခွဲခြားရန် ခက်ခဲ
ဗုဒ္ဓဘာသာဝင်များ၏ အခါကြီးရက်ကြီးသမယဖြစ်သော သီတင်းကျွတ်လပြည့်ညတွင် ဆီမီးသပိတ် ပြုလုပ်နေကြချိန် လူနှစ်ရာခန့်ရှိသည့် လူအုပ်ထဲသို့ ဗုံး နှစ်လုံးကျရောက်ပေါက်ကွဲခြင်းဖြစ်သဖြင့်ရုပ်အလောင်းများကို တစစီလိုက်လံကောက်ယူခဲ့ရကြောင်း ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူတို့က ပြောသည်။
“ ရုပ်အလောင်းတွေက မပီပြင်ဘူးဗျ။ တချို့ကျတော့ အူတွေပွင့်တာတွေရှိတယ်။ ဗိုက်ပွင့်တာတွေရှိ တယ်။ တချို့ပေါင်ရင်းကပြတ်သွားတာတွေရှိတယ်။ ခေါင်းတွေပြုတ်ထွက်သွားတာတွေလည်းရှိတယ်။ တည့်တည့်ကြီးကို ကျတော့ဘယ်လိုမှ ရှောင်ချိန်လည်း မရလိုက်သလို ပြေးလို့လွှားလို့လည်းမလွတ်တော့ ဘူးပေါ့”ဟု ချောင်းဦးမြို့နယ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ထို့ကြောင့် သေဆုံးသူစာရင်းနှင့်တကွ အတည်ပြုနိုင်ရန် ခက်ခဲနေကြောင်း ကူညီကယ်ဆယ်ရေးတွင် ပါဝင်နေသည့် ချောင်းဦးဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။
“ဘာလို့လဲဆိုရင် တချို့အပိုင်းအစတွေက ဆက်လို့ တွဲလို့ကို မရတဲ့အခါကျတော့ ဘယ်သူ ဘယ်ဝါ ဆိုတာ ကို အတည်ပြုဖို့ခက်တယ်။ ပျောက်ဆုံးသဘောမျိုး ဖြစ်နေတာတွေပေါ့။ စာရင်းအတိအကျ ယူဖို့က အဲ့ဒီနေရာကို ပြန်ကပ်ဖို့မလွယ်တာရယ် တကွဲတပြားစီ အဆင်ပြေသလို ဆေးကုသမှုခံယူရ တော့ တစ်နေရာချင်းစီကို လိုက်ပြီးတော့ သတင်းအတိအကျယူဖို့မလွယ်သေးတဲ့အခြေအနေဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုအပြီး မှောင်မည်းနေသည့် မြေပြင်တွင် အော်ဟစ်ငိုကြွေးနေသူများ၊ အမှောင်ထု ကြားထဲ မီးရောင်သဲ့သဲ့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်နေသူများ၊ ပျောက်ဆုံးသည့် မိသားစုဝင်များကို အော်ဟစ်ရှာဖွေနေသူများ၊ ကယ်ပါယူပါ အော်ဟစ်ညည်းတွားနေသူများ၊ ယူကြုံးမရ စိတ်ပျက်ဝမ်းနည်း ဒေါသထွက်နေကြသည်ကို အခင်းဖြစ်ပွားရာနေရာမှ ရုပ်သံဖိုင်များတွင် တွေ့မြင်ရသည်။
လေကြောင်းတိုက်ခိုက်ခံရသည့်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိသည့်ကျေးရွာဖြစ်ပြီး ပထမဆုံးအကြိမ် ဖြစ်သလို တော်လှန်ရေးအင်အားစုများလည်း အခြေစိုက်ထားသည့် ရွာမဟုတ်ကြောင်း ဒေသခံများထံက သိရသည်။
ထိုတိုက်ခိုက်မှုအပြီး ည ၁၁ နာရီဝန်းကျင်တွင် လေထီးဖြင့် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့သလို အနီး ဝန်းကျင်ရှိ စစ်တပ် တပ်စွဲထားရာနေရာများမှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။
ထိခိုက်ဒဏ်ရာရသူများအနက် ဦးခေါင်း၊ မျက်နှာတွင် ထိခိုက်ဒဏ်ရာရသူများ၊ ခြေ၊ လက်အပါအဝင် ကိုယ်အင်္ဂါချို့တဲ့နိုင်သည့်အထိ ဆိုးရွားသည့်ဒဏ်ရာများ အပါအဝင် ထိခိုက်ဒဏ်ရာပြင်းထန်သူ အများအပြား ပါဝင်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများထံက သိရသည်။
“ကျန်းမာရေးစောင့်ရှောက်မှုက ဆေးဝါးရှိတာလေးနဲ့ဝိုင်းပြီးတော့ အနီးကပ်ကုသမှုပေးနေပါတယ်။ ဆေးဝါးကတော့ လုံလောက်တဲ့အနေအထားမှာတော့မရှိဘူး” ဟု အထက်ပါ တက်ကြွလှုပ်ရှားသူ အမျိုးသားကပြောသည်။
အရေးပေါ်ဆေးဝါးများနှင့် သွေးအမျိုးစားမျိုးစုံလိုအပ်နေကြောင်း မုံရွာခရိုင် တပ်ရင်း ၄၊ တပ်ခွဲ ၃ က လူမှုကွန်ရက်စာမျက်နှာမှတဆင့် အကူညီတောင်းထားသည်။
လေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးဒဏ်ရာရသူစာရင်းကောက်ယူနေဆဲဖြစ်ပြီး အချက်အလက် အတိအကျ မသိရသေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယနေ့ (အောက်တိုဘာလ ၇ ရက်နေ့) ညနေတွင် Myanmar Now ကို ပြောသည်။
“အခါကြီးရက်ကြီး ပြည်သူတွေ ကောင်းမှုကုသိုလ်လုပ်နေကြတဲ့အချိန်မှာ ဒီလိုမျိုး စစ်တပ်ကတော့ သူ့ရဲ့ သရုပ်မှန်ကိုတော့ ထပ်ပြီးပြလိုက်တာပါပဲ။ အချိန်အခါမရွေး လူမျိုးဘာသာမရွေး ပြည်သူလူထုကို သတ်ဖြတ်ဖို့ အဆင်သင့်ရှိနေတယ်ဆိုတဲ့ သူ့ရဲ့သရုပ်မှန်ကို ထပ်ပြီးတော့ ပြလိုက်တဲ့သဘောပါပဲ။ အဲ့ဒီတော့ အကြမ်းဖက်စစ်တပ် ကို အမြစ်ဖြတ်နိုင်မှသာလျှင် ဒီလိုအဖြစ်ဆိုးမျိုးတွေကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ် ” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
စစ်တပ် စီစဉ်သည့် မြို့ပေါ်က ပျော်ပွဲရွှင်ပွဲ
မုံရွာမြို့အရှေ့ပိုင်း ကျောက္ကာလမ်းမကြီးဘေးရှိ စိမ်းစိုဝန်းဟု လူသိများသည့် ပြည်သူ့ဥယျာဉ် ဖွင့်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ရာ Lဆိုင်းဇီ၊ တန်ခွန်ကျော်၊ ကောင်းမိုးယံ၊ ယွန်းသီရိကျော် စသည့် သီဆိုသူများစွာ ပါဝင်သော ဖျော်ဖြေပွဲကို ထည့်သွင်းကျင်းပခဲ့ပြီး လူဦးရေ သောင်းနှင့်ချီ တက်ရောက်ခဲ့သည်။

မိုင်အနည်းငယ်မျှသာဝေးသည့်နေရာတွင် စစ်အုပ်စုထိန်းချုပ်ထားရာနေရာ ပျော်ပွဲရွှင်ပွဲလုပ်ပေးနေပြီး ဆီမီးထွန်းညှိ ပူဇော်နေသည့် နေရာကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းမှာ ပြည်သူအ ချင်းချင်းကြား ရန်တိုက်ပေးသည့် လုပ်ရပ်ဖြစ်ကြောင်း စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းဆွေက မှတ်ချက်ပြုသည်။
“အခုကိစ္စကလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ဒေသတစ်ခုတည်း တစ်ရက်တည်းမှာပဲ တစ်နေရာမှာတော့ ပျော်ပွဲရွှင်ပွဲတွေ အကြီးအကျယ်ကျင်းပပေးတယ်။ တစ်နေရာမှာတော့ ဆီမီးထွန်းညှိပူဇော်နေတဲ့ လူအုပ်ပေါ်ကို ရက်ရက်စက်စက် ဗုံးတွေကြဲချတယ်ဆိုတာ အကွက်ကျကျ စီစဉ်ပြီးလုပ်တာပေါ့”
“ အဲ့ဒီလိုလုပ်ခြင်းအားဖြင့် ထိခိုက်နစ်နာရတဲ့ဘက်ကနေ ပျော်နေပါးနေတဲ့ပြည်သူတွေကို မုန်းတီးမယ်။ အဲ့ဒီအမုန်းတရားကို အခြေခံပြီးဖြစ်လာတဲ့နောက်ဆက်တွဲပဋိပက္ခတွေကြားထဲမှာ ပြည်သူလူထုက နစ် သွားပြီးတော့ အဓိက လက်သည်တရားခံဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ပျောက်သွားအောင် ဝေဝါးသွား အောင်လုပ်တာပေါ့။ ဒါကြောင့်ဒါက Community Crisis ကို ဖန်တီးတဲ့လုပ်ရပ်လို့ပဲမြင်ပါတယ်”ဟု ၎င်းက ဆိုသည်။
နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာပြီး အရပ်သားများကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
စစ်တပ်သည် ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ အခါကြီးရက်ကြီးသမယတွင် တအာင်း တပ်မတော် (TNLA) ထိန်းချုပ်မြို့များဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ နှင့် သီပေါမြို့များကိုလည်း ယမန်နေ့ နံနက် အစောပိုင်းမှာပင် လေကြာင်း တိုက်ခိုက်ခဲ့သည်။



