
မလျော်ဩဇာသုံးခြင်း၊ လာဘ်စားခြင်း စွဲချက်များဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်၏ သားတစ်ဦး၊ အမှုနှင့် ဆက်စပ်သည့် ရဲမှူးကြီးတစ်ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးနေသည်ဟု သတင်းရင်းမြစ် ၃ ခုထံမှ သိရသည်။
ဝန်ကြီးဟောင်း၏ သားများဖြစ်ကြသော စီးပွားရေးလုပ်ငန်းရှင် ဦးမင်းသန်းထွဋ်၊ ဦးစည်သူထွဋ်၊ ဦးစိုးမိုးထွဋ်တို့ထဲမှ မည်သူ့ကို ဖမ်းဆီးသွားသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။
ဆက်စပ်ဖမ်းဆီးခံရသည့် ရဲမှူးကြီးမှာ ယခင် ရဲတပ်ဖွဲ့ စီမံရေးရာဌာနဌာနမှူးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟ ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဝန်ကြီးဟောင်းကို နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးပြီးနောက် နိုဝင်ဘာ ၁၀ ရက်တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်ဟု စစ်ကောင်စီက ကြေညာသည်။ နောက်တစ်ရက် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် အကျဉ်းထောင်သို့ ဖမ်းဆီးပို့ဆောင်လိုက်ပြီး သားဖြစ်သူကိုပါ တစ်ပါတည်း ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။
“သူ့ကို ဖမ်းတဲ့အချိန် သူ့သားကိုလည်း စစ်ဆေးဖို့ ခေါ်သွားတယ်၊ ရဲမှူးကြီးကျော်သီဟကိုလည်း စစ်ဆေးဖို့ ဖမ်းခေါ်သွားတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဖမ်းဆီးသွားသော်လည်း မည့်သည့်နေရာတွင် အကျဉ်းချ ထိန်းသိမ်းထားသည်ကို မသိရပေ။
“စစ်ထောင်မှာတော့ မထားဘူး။ နေအိမ်မှာ မဟုတ်ဘဲ အကျယ်ချုပ်နဲ့ စောင့်ကြည့်ပြီး ထားမှာပါ” ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံစစ်ဆေးခံနေရသည့် ၎င်း၏သားနှင့် ရဲမှူးကြီးကျော်သီဟတို့၏ နောက်ဆက်တွဲအခြေအနေကိုလည်း မသိရှိရပေ။
“ပြန်တော့ မလွတ်ကြသေးဘူး။ စစ်ဆေးခံနေရတုန်းပဲ” ဟု ပြည်ထဲရေးဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သားဖြစ်သူများ၏ H Double H ဆောက်လုပ်ရေးကုမ္ပဏီသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လမ်းဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ကိုင်ခွင့်ရခဲ့သည်။
ထိုလုပ်ပိုင်ခွင့်ကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချပေးခဲ့ခြင်းဖြစ်သည်။ ပြည်ထဲရေးဝန်ကြီး၏ မိသားစုဝင်များ အဆိုပါ စီမံကိန်းလုပ်ခွင့်ရခြင်းသည် အဂတိကင်းစင်မှု ရှိမရှိအပေါ် မေးခွန်းထုတ်ဖွယ်ဖြစ်သည်ဟု တပ်မတော်စီးပွားရေးလုပ်ငန်းများ လေ့လာစောင့်ကြည့်သည့် Justice for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အချက်အလက်များအရ H Double H ကုမ္ပဏီသည် ဆောက်လုပ်ရေးနှင့် သတ္တုတူးဖော်ခြင်းလုပ်ငန်းအပါအဝင် လုပ်ငန်းပေါင်း ၂၆ မျိုး လုပ်ကိုင်လျက်ရှိသည်ဟု ဖော်ပြထားသည်။
DICA ၏ အချက်အလက်များအရ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သားများသည် Cherry Chapter Myanmar,Strong Step စသည့် ကုမ္ပဏီများကို ထူထောင်ထားသည်ကိုလည်း တွေ့ရသည်။
အဆိုပါ ကုမ္ပဏီများသည် သတ္တုတူးဖော်ရေး၊ ဓာတ်ငွေ့ထုတ်ယူရေး၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ သစ်ထုတ်လုပ်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ မြို့ပြအင်ဂျင်နီယာလုပ်ငန်းများနှင့် လက်လီလက်ကားရောင်းချရေးလုပ်ငန်းများအထိ လုပ်ကိုင်နေသည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အမှုနှင့် ဆက်စပ်၍ မိသားစုဝင်များ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ရဲမှူးကြီးများနှင့် လုပ်ငန်းရှင်အချို့လည်း စစ်ဆေးခံနေရသည်ဟု သိရသည်။
“စီးပွားရေးသမားတွေဆီက ကျပ်သိန်းထောင်ချီ တောင်းတာက သူ့မိန်းမက ရဲမှူးကြီးတွေကို ခိုင်းတာ၊ ပတ်စ်ပို့ကတော့ သူ့သား ခရီးသွားလုပ်ငန်းအတွက် လုပ်ပေးတာ” ဟု ယင်းဖြစ်စဉ်ကို သိရှိသူ နေပြည်တော်မှ အရာထမ်းဝန်ထမ်းတစ်ဦးက ပြောသည်။
“ခုနောက်ဆက်တွဲ စစ်ဆေးခံနေရတဲ့သူတွေက ပြစ်ဒဏ်သေချာပြီဆိုရင်တော့ အရပ်ဘက်ထောင်ကို သွားရမှာပေါ့” ဟု ယင်းအရာထမ်းက ဆိုသည်။
စစ်ခုံရုံးနှင့် ထောင်ဒဏ်ချမှတ်သူများကို စစ်ထောင်တွင်သာ ထားရှိပြီး အရပ်ဘက်အကျဉ်းထောင်သို့ ပို့ဆောင်ခြင်း မရှိသောကြောင့် ဝန်ကြီးဟောင်းစိုးထွဋ်ကို နေပြည်တော် စစ်ထောင်တွင်သာ ထားရှိမည်ဖြစ်ကြောင်း စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။
ရာထူးနှင့် လုပ်ပိုင်ခွင့် မလျော်သြဇာသုံးသူ စစ်ဗိုလ်ချုပ် အများအပြားရှိသော်လည်း ထိပ်တန်းဗိုလ်ချုပ်တချို့သာ ထိုသို့ စွပ်စွဲ အရေးယူခံနေရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၁၉၈၈ ခုနှစ်မှ ၂၀၁၀ အထိ နိုင်ငံကို ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့သော နအဖ စစ်အစိုးရလက်ထက်တွင် လာဘ်စားမှုဖြင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို နေအိမ်အကျယ်ချုပ် ၄၄ နှစ် ချမှတ်ခဲ့သည်။
ယခု အာဏာရှင်လက်သစ် မင်းအောင်လှိုင်လက်ထက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် နိုဝင်ဘာလအထိ ၂ နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအဆင့် စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို လာဘ်စားမှုဖြင့် ထောင်တစ်သက်ချမှတ်ထားပြီး၊ နိုင်ငံအဆင့် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကိုလည်း ထောင်ဒဏ် ၅ နှစ် ချမှတ်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)