
အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ လှုပ်ရှားမှု၊ ပိုင်ဆိုင်မှု၊ မတရားအသင်းကြေညာခံထားရသည့် အဖွဲ့များနှင့် ဆက်စပ်မှုရှိ၊မရှိ လိုက်လံစစ်ဆေးနေပြီဟု ပါတီအချို့က အတည်ပြုသည်။
ရန်ကုန်ရှိ ၎င်း၏ပါတီရုံးချုပ်ကို ဇွန် ၁၀ရက်က ထိုသို့လာရောက်စစ်ဆေးခဲ့သည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
“ပါတီရန်ပုံငွေတွေ ဘယ်လိုရတုန်း။ ဘာအဆက်အသွယ်တွေရှိတုန်း။ ပါတီက ဘယ်မြို့နယ်တွေမှာရှိတုန်း။ မြို့နယ်တွေမှာ ဆိုင်းဘုတ်ဘယ်လောက်ရှိတုန်း။ ပါတီရန်ပုံငွေတွေ ဘယ်လိုကောက်ခံတုန်း။ ဘယ်လိုသုံးတုန်း အကုန်မေးတာပဲဗျာ။ သူတို့ဘာလုပ်ချင်လို့လဲ မသိဘူးဗျာ”ဟု ၎င်းက ပြောပြသည်။
အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ‘နိုင်ငံရေးပါတီများကို စိစစ်ပေးရန်’ မေ၂၄ တွင် ပြည်ထဲရေးကို အကြောင်းကြားခဲ့ပြီးနောက် ထိုသို့စစ်ဆေးနေခြင်းဖြစ်သည်။
ပြည်ထဲရေးထံ UEC ၏ အကြောင်းကြားစာတွင် တရားမဝင်၊ မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် တိုက်ရိုက်၊ သွယ်ဝိုက်၊ ဆက်သွယ်၊ အားပေးကူညီနေသည့် နိုင်ငံရေးပါတီများကို စိစစ်ပေးရန်ဟု ပါရှိသည်။
သို့သော် ပြည်ထဲရေး၏ တစ်နာရီကျော်ကြာစစ်ဆေးမှုအတွင်း အာဏာသိမ်းစစ်ကောင်စီက တရားမဝင်ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်းမရှိကြောင်း ဦးသုဝေက ပြောသည်။
နိုင်ငံရေးပါတီများကို ပြည်ထဲရေးက ထိုသို့စစ်ဆေးရာတွင် ကြိုတင်ချိန်းဆိုခံရသည့် ပါတီများရှိသလို အချို့ကိုမူ ရှောင်တခင်ဝင်ရောက်စစ်ဆေးသည့် ပုံစံမျိုးပြုမူခဲ့ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်အချို့ထံမှ သိရသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)သည် ရှောင်တခင်စစ်ဆေးခံရသည့် စာရင်းတွင် ပါဝင်ခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောသည်။
“ကျွန်တော်တို့လည်း ချိန်းထားတာမရှိဘူး။ မသိလိုက်ဘူး။ ကျွန်တော်တို့ရုံးအောက် ဆင်းလာတယ်။ သူတို့လည်း ရောက်ချလာတယ်။ Surprise (ရုတ်တရက်)ပဲ” ဟု ၎င်းက ဆိုသည်။
SNLD ရုံးကို လာရောက်စစ်ဆေးသည့် အဖွဲ့တွင် မှုခင်းရဲတပ်ဖွဲ့(CID)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ပါဝင်ကြောင်း သိရသည်။
ပါတီဝင်များအနက် မတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ ဖြင့် ဝရမ်းထုတ်ခံထားရသူများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်နေသူများရှိမရှိ မေးမြန်းခံရပြီး CRPH, NUG တို့နှင့် ဆက်စပ်မှုရှိမရှိ အလေးထားစစ်ဆေးခံရသည်ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။
“ပါတီဗဟိုအလုပ်အမှုဆောင်စာရင်းတွေပါ တောင်းသွားတယ်” ဟု ၎င်းက ပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် SNLD၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်သူ့ပါတီတို့အပြင် စစ်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဦးသိန်းညွန့်ဦးဆောင်သော အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဦးခင်မောင်ဆွေ ဥက္ကဋ္ဌတာဝန်ယူထားသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့ကိုပါ ဝင်ရောက်စစ်ဆေးခဲ့သည်ဟု BBC သတင်းတစ်ရပ်က ဆိုသည်။
အလားတူပင် စစ်ကောင်စီ၏ အစိုးရအဖွဲ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးတာဝန်ယူထားသူ ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီကိုလည်း ဇွန် ၁၄ ရက်တွင် လာရောက်စစ်ဆေးရန် ပြည်ထဲရေးက အကြောင်းကြားထားသည်ဟု သတင်းရရှိထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဝါရင့်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကမူ စစ်ကောင်စီ၏ UEC နှင့် ပြည်ထဲရေးတို့၏ ခြေလှမ်းသည် နှစ်ပေါင်းများစွာ ပြည်သူ့ထောက်ခံမှု မြင့်မားစွာရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ဖယ်ရှား၍ နောင်လာမည့်ရွေးကောက်ပွဲများတွင် ၎င်းတို့ထောက်ခံသူများအောင်ပွဲခံနိုင်ရေးကို ရည်ရွယ်သည်ဟု သုံးသပ်သည်။
“NLD ကို ဖယ်ရှားပြီးတဲ့အခြေအနေအောက်မှာ သူတို့ဘာသာ ရွေးကောက်ပွဲပြန်လုပ်မယ်။ ဒီဖွဲ့စည်းပုံ (၂၀၀၈)အတိုင်း သွားမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတဖြစ်အောင်လုပ်ရေး ရည်ရွယ်ချက်နဲ့ လုပ်နေတာ။ ဒါက အရမ်းရိုးရှင်းတယ်။ အဲဒီအတွက်ကို NLD ကို တရားမဝင်ပါတီဖြစ်အောင်လုပ်ဖို့ သူ့ဟာသူ အကြောင်းအချက်တွေအများကြီးရှာနေတာ”ဟု ဦးစည်သူအောင်မြင့်က ပြောသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက UEC ကို ၎င်းတို့စိတ်ကြိုက်ပြန်ဖွဲ့ကာ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးကို ဥက္ကဋ္ဌတာဝန်ပေးအပ်ထားသည်။
ထို့နောက် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက NLD ပါတီကို ဖျက်သိမ်းမည်ဟု တောက်လျှောက်လေသံပစ်နေသလို စစ်ကောင်စီကလည်း ပါတီခေါင်းဆောင်များနှင့် ပါတီဝင်အများအပြားကို ဖမ်းဆီးခြင်း၊ ပုဒ်မများစွာဖြင့် အမှုဖွင့်ခြင်းများတောက်လျှောက်ဆောင်ရွက်နေသည်။
ပြည်ထဲရေး၏ ယခုစစ်ဆေးမှုအတွင်း NLD ကို မည်သည့်နေ့ရက်တွင် စစ်ဆေးရန်ရှိသည်ကိုမူ အတည်မပြုနိုင်သေးပေ။ ထို့အတူ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကို Myanmar Now က ဆက်သွယ်မေးမြန်းနေသော်လည်း ယနေ့(ဇွန်၁၂)မွန်းလွဲပိုင်းအထိ လက်ခံဖြေကြားခြင်းမရှိသေးပေ။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်းကို စစ်ကောင်စီက စွဲဆိုထားသည့် အမှုခြောက်ခုနှင့် စပ်လျဉ်း၍ နေပြည်တော်တွင် မေ ၂၄ရက်ကပြုလုပ်သည့် ရုံးချိန်းတွင် ပြည်သူရှိသရွေ့ NLD ရှိမည်ဟု ရှေ့နေများမှတစ်ဆင့် သတင်းစကားပါးထားသည်။