စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၏ ဇနီး ဒေါက်တာဥမ္မာမေတင်လှိုင်သည် အတိုင်ပင်ခံကုမ္ပဏီ တည်ထောင်ထားပြီး ရေနံနှင့် သတ္တုတူးဖော်ရေးကုမ္ပဏီများထံမှ အကျိုးအမြတ်ရနေရာ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခဖြစ်နေသည်ဟု Justice For Myanmar (JFM) အဖွဲ့က ယနေ့ (မေ ၂၂) ထုတ်ပြန်သည်။
စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၏ ဇနီး ဒေါက်တာဥမ္မာမေတင်လှိုင်သည် သဘာဝပတ်ဝန်းကျင်အရည်အသွေး စီမံခန့်ခွဲမှုကုမ္ပဏီလီမိတက် (EQM) ကို တည်ထောင်ထားပြီး ၂၀၁၂ ခုနှစ်က မှတ်ပုံတင်သည့် ထိုကုမ္ပဏီမှာ ဖခင်ဖြစ်သူ ဦးတင်လှိုင်နှင့် ပူးတွဲပိုင်ဆိုင်ခြင်းဖြစ်သည်ဟု သိရသည်။
လုပ်ထုံးလုပ်နည်းအရ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ကိုင်သည့် ကုမ္ပဏီများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနိုင်ခြေနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများထံ မဖြစ်မနေ အစီရင်ခံစာတင်ပြရသည်။
ဒေါက်တာဥမ္မာမေတင်လှိုင်သည် ယောကျ်ားဖြစ်သူ စွမ်းအင်ဝန်ကြီးနှင့် ပတ်သက်နေသော လုပ်ငန်းနယ်ပယ်မှ ကုမ္ပဏီများကို ဝန်ဆောင်မှုပေးကာ အကျိုးအမြတ်ရနေခြင်းဖြစ်သည်။
ဦးမျိုးမြင့်ဦးမှာ ၂၀၁၄ ခုနှစ်တွင် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ခဲ့သည်။ နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အကြီးအကဲအဖြစ် ရှစ်နှစ် တာဝန်ထမ်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ၎င်းကို စစ်ကောင်စီက စွမ်းအင်ဝန်ကြီးအဖြစ် ခန့်ခဲ့ခြင်းဖြစ်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများကို ထိန်းချုပ်သည့် နိုင်ငံပိုင် MOGE သည် အာဏာသိမ်းစစ်တပ်အတွက် အဓိက ဝင်ငွေရပေါက်ရလမ်းကြီးဖြစ်နေပြီး ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူခြင်း ခံထားရသည်။
ဦးမျိုးမြင့်ဦးကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကနေဒါတို့က ပိတ်ဆို့အရေးယူထားသော်လည်း ဇနီးဖြစ်သူ ဒေါက်တာဥမ္မာမေတင်လှိုင်ကိုမူ မည်သည့်နိုင်ငံကမျှ ဒဏ်ခတ်အရေးယူထားခြင်း မရှိဟု JFM က ထောက်ပြသည်။
“နိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်းကာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများကို လမ်းဖွင့်ပေးကာ စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသူဖြစ်ကြောင်း၊ ထိုလုပ်ငန်းမှ ရရှိသော ဝင်ငွေများဖြင့် စစ်တပ်က အရပ်သားများကို ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း” ဟု ဦးမျိုးမြင့်ဦးကို ပိတ်ဆို့အရေးယူသည့် ဥရောပသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြသည်။
ဒေါက်တာဥမ္မာမေတင်လှိုင်ပိုင် EQM ကုမ္ပဏီဝက်ဆိုက်စာမျက်နှာအရ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်အစီရင်ခံစာ (EIA) လုပ်ငန်းနှင့် ပတ်သက်၍ စီမံကိန်း ၈၇ ခုကို ဝန်ဆောင်မှုပေးထားသည်။ EQM ကုမ္ပဏီက ဝန်ဆောင်မှုပေးထားသည့် နိုင်ငံတကာရေနံကုမ္ပဏီများမှာ Total, ONGC, Eni, Posco, PTTEP, Petronas, Shell နှင့် Petroleum Brunei တို့ ပါဝင်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတကာရေနံကုမ္ပဏီကြီးအချို့ ထွက်ခွာသွားသော်လည်း ONGC, Posco နှင့် PTTEP တို့မှာမူ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်။ ပြင်သစ်ရေနံကုမ္ပဏီကြီး Total သည် မြန်မာနိုင်ငံ၏အကြီးဆုံး ရတနာကမ်းလွန်စီမံကိန်းမှ နုတ်ထွက်ခဲ့သော်လည်း စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးမိသားစုနှင့် ပတ်သက်ဆက်နွှယ်နေသည်ဟု JFM က ဆိုသည်။
အာဏာသိမ်းပြီးနောက်၌ပင် ဒေါက်တာဥမ္မာမေတင်လှိုင်၏ EQM ကုမ္ပဏီသည် Total ရေနံကုမ္ပဏီအတွက် လေထုအရည်အသွေး စစ်ဆေးသည့်လုပ်ငန်းဝန်ဆောင်မှု ပေးအပ်ခဲ့သည်။ ထို့ပြင် ဦးမျိုးမြင့်ဦး၏ သမီးဖြစ်သူ လင်းဟေသီဦးကိုလည်း Total ၌ ငါးလကြာ အလုပ်သင်ဝန်ထမ်းအဖြစ် အခွင့်အရေးပေးခဲ့သည်။
စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၏ သမီးဖြစ်သူသည် လက်ရှိတွင် ဩစတြေးလျနိုင်ငံ၌ ပညာသင်ယူနေပြီး မိဘဖြစ်သူ၏ ရာထူးနှင့် စီးပွားရေးလုပ်ငန်းများထံမှ အကျိုးအမြတ်ရရှိနေသည်ကို ဩစတြေးလျအာဏာပိုင်များက စုံစမ်းစစ်ဆေးသင့်သည်ဟု JFM က ထောက်ပြသည်။
စစ်ကောင်စီစွမ်းအင်ဝန်ကြီးမိသားစုနှင့် ပတ်သက်ဆက်နွှယ်မှုအပေါ် ဆက်သွယ်မေးမြန်းရာ၌ Total နှင့် Petronas ကုမ္ပဏီတို့က တုံ့ပြန်ခြင်းမရှိဟုလည်း ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)