
စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံံဖြိုးရေးပါတီ(USDP)၏ နှစ်ရက်ကြာ ညီလာခံအပြီး ထွက်ပေါ်လာသည့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် စိတ်တိုင်းကျ ရွေးထားသူများ ပါတီထိပ်တန်းနေရာများ ရရှိသွားသည်။
နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်တွင် အောက်တိုဘာ ၄၊ ၅ ရက်က ပြုလုပ်သည့် ညီလာခံ၌ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဟောင်း၊ ရဲချုပ်နှင့် ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီကို ဥက္ကဋ္ဌသစ်အဖြစ် အတည်ပြုပေးလိုက်သည်။
အသက် ၇၀ အရွယ် ဦးခင်ရီကို မင်းအောင်လှိုင်က ညီလာခံမတိုင်မီ နှစ်လခန့်အလိုတွင် စစ်ကောင်စီရာထူးမှ နုတ်ထွက်စေ၍ ပါတီသို့ ပြန်လွှတ်ထားခြင်းဖြစ်သည်။ ပါတီသို့ ပြန်ရောက်သည့် ကာလမှစ၍ ဦးခင်ရီက ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူဖြစ်သည်။
ယနေ့ (အောက်တိုဘာ ၅) ပြီးစီးသည့် တတိယအကြိမ် ပါတီညီလာခံတွင် လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း မြတ်ဟိန်း၊ သမ္မတရုံး ဝန်ကြီးဟောင်း ဗိုလ်ချုပ်ဟောင်းလှထွန်းတို့ကို မူလအတိုင်း ဒုဥက္ကဋ္ဌများအဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်သည်။
သို့သော် အထွေထွေအတွင်းရေးမှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်နိုင်ဝင်းကို ဗဟိုအတိုင်ပင်ခံအဖြစ် တာဝန်လွှဲပြောင်းပေးလိုက်သည်။ ထိုနေရာသို့ တပ်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ရောက်လာရန်ရှိသည်။
မင်းအောင်လှိုင်က တပ်ဘက်မှ ပါတီသို့ ကူးပြောင်း ပို့လွှတ်မည့် စာရင်းတွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး) ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ ဗိုလ်ချုပ်မျိုးမြင့်၊ ဗိုလ်မှူးချုပ်တင်မိုးနိုင်၊ ဒုတိယဗိုလ်မှူးကြီးမြခိုင်တို့ ရေပန်းစားနေသည်။
ထိုသူများအနက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးက အထွေထွေအတွင်းရေးမှူးဖြစ်လာလိမ့်မည်ဟု ပါတီနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက အခိုင်အမာပြောကြသည်။ ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူးနေရာကိုမူ ယခင်ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်က တာဝန်ယူမည်ဖြစ်သည်။
အောက်တိုဘာ ၅ ရက် ကြံ့ခိုင်ရေးညီလာခံအပြီး ထွက်ပေါ်လာသည့် ပါတီထိပ်တန်းတာဝန်ရှိသူများ စာရင်းကို Myanmar Now က ရရှိထားသည်။ ထိုအထဲတွင် ပါတီဒုဥက္ကဋ္ဌ တစ်နေရာနှင့် အထွေထွေအတွင်းရေးမှူးနေရာကို လစ်လပ်ထားကြောင်း တွေ့ရသည်။
တတိယအကြိမ် ညီလာခံက ရွေးချယ်လိုက်သည့် CEC စာရင်းတွင် လူဟောင်း အားလုံးနီးပါး ပြန်လည်ပါဝင်ပြီး ၄၄ နေရာအနက် ၆ နေရာ လစ်လပ်ထားသည်ကိုလည်း တွေ့ရသည်။
ကြံ့ခိုင်ရေးပါတီ CEC စာရင်းတွင် မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိတာဝန်ယူခဲ့သည့် ဗိုလ်မှူးဟောင်းလင်းဇော်ထွန်း ဆက်လက်ပါဝင်နေသည်။

ထိုအခင်းအကျင်းမှာ စစ်ကောင်စီက လေသံပစ်ထားသည့် လာမည့်နှစ် ရွေးကောက်ပွဲ ကျင်းပဖြစ်သည်ဆိုလျှင် သမ္မတအိပ်မက်ကို လူသိထင်ရှား ထုတ်ပြောထားသည့် မင်းအောင်လှိုင်က ၎င်း၏ နိုင်ငံရေးရာထူးအတွက် ကြံ့ခိုင်ရေးပါတီကို ထိန်းချုပ်ရန် စီမံမည်ဆိုသော ယူဆချက်များကို ပို၍ သေချာသွားစေသည်။
“အခု ဖြစ်စဉ်ဖြစ်ရပ်တွေက USDP ကို နိုင်ငံရေးသေတွင်းထဲ ပို့လိုက်သလိုပါပဲ။ ပါတီဥက္ကဋ္ဌနဲ့ CEC မှာ ဘယ်သူတွေပဲပါပါ အရေးကြီးတဲ့ ကိစ္စရပ်နဲ့ မူဝါဒတွေကို သူတို့ ဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့် မရှိဘဲ မင်းအောင်လှိုင်ကို တင်ပြ အတည်ပြုချက်ယူနေရတာ” ဟု ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သည့် စစ်တပ်အရာရှိဟောင်းတစ်ဦးက ပြောသည်။
“အခု တပ်ကလူတွေကို ထည့်တာက အရွယ်ပေါ့။ ပါတီက လက်ရှိလူတွေက အသက် ၆၅ ကနေ ၇၀ ကျော် အရွယ်တွေဖြစ်နေလို့ ၅၅ နဲ့ ၆၀ ကြား အရွယ်တွေကို ထပ်ဖြည့်တာ။ သူတို့တွေက တပ်မှာ အရာရှိကြီးတွေဆိုပေမဲ့ ရွေးကျတွေပါ” ဟု ၎င်းက ဆက်ပြောသည်။
ကြံ့ခိုင်ရေးပါတီ၏ ဒုက္ကဋ္ဌတစ်ဦး ဖြစ်လာရန်ရှိသည့် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းမှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၈ တက်ရောက်ခဲ့သူဖြစ်သည်။ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်မှ နေပြည်တော်သို့ အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး နောက်ပိုင်းတွင် စစ်ရေးချုပ်ဖြစ်လာခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးသည် စစ်က္ကသိုလ် အပတ်စဉ် ၂၆ မှဖြစ်ပြီး တပ်မ ၃၃ တပ်မမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ယူပြီးနောက် ကြံ့ခိုင်ရေးပါတီက တင်မြှောက်သည့် သမ္မတ ဦးသိန်းစိန်နှင့် စစ်တပ်က အာဏာသိမ်းကာ ဖြုတ်ချခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လက်ထက်တွင် ပြည်ထဲရေးဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
မင်းအောင်လှိုင်က NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်အတွင်း ပြည်ထဲရေးဒုဝန်ကြီးတာဝန်မှ အနားပေးကာ စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုးတာဝန် ပေးအပ်ခံရသူဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် အောင်စိုးတို့ နှစ်ဦးစလုံးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လူရင်းများဖြစ်ကြပြီး ယနေ့ကျင်းပသည့် ကြံ့ခိုင်ရေးပါတီ ညီလာခံတွင် ၎င်းတို့နှစ်ဦးအတွက် ထိုင်ခုံနေရာ လစ်လပ်ထားသည်ကို တွေ့ရသည်။
“(မင်းအောင်လှိုင်က) သူ့လူတွေကို ထိုးထည့်တဲ့သဘောပဲ။ ပါတီကို ထိန်းချုပ်ချင်လို့ နေမှာပေါ့” ဟု ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူ နောက်တစ်ဦးက ပြောကြားသည်။
ကြံ့ခိုင်ရေးပါတီ တတိယအကြိမ်ညီလာခံသို့ လူဦးရေ ၆၀၀ ကျော် တက်ရောက်သည်။ ဦးသိန်းစိန်၊ ဦးဌေးဦးကဲ့သို့ ပါတီတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် ခေါင်းဆောင်ဟောင်းများမှာ ညီလာခံသို့ တက်ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။
စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းဌေးသည် ခေါင်းဆောင်မှုညံ့ဖျင်းခြင်း၊ ပါတီရန်ပုံငွေ ကျပ်သိန်းသောင်းနှင့်ချီကာ ပါတီတွင်း အလွန်းသင့်သူများကို ချေးငှားထားခြင်းနှင့် ၎င်း၏ဥက္ကဋ္ဌသက်တမ်းသည် ယမန်နှစ်ကတည်းက ကုန်ဆုံးသွားပြီဖြစ်၍ ငါးနှစ်တစ်ကြိမ် ကျင်းပရသည့် ပါတီညီလာခံ ခေါ်ယူကာ ခေါင်းဆောင်သစ်ပြန်ရွေးရန် မင်းကင်းမောင်မြင့်၊ ဘူးလက်လှဆွေတို့က ပေါ်တင် ဝေဖန်ပြီးနောက် ယခုကဲ့သို့ ညီလာခံခေါ်ယူခြင်းလည်း ဖြစ်သည်။
မင်းကင်းမောင်မြင့်၊ ဘူးလက်လှဆွေ အပါအဝင် လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်နှင့် လွှတ်တော်အမတ်ဟောင်း ဦးသောင်းအေးတို့မှာ မင်းအောင်လှိုင်အလိုကျ ဦးသန်းဌေးကို ဖယ်ရှားလိုသည့်အုပ်စုတွင် ပါဝင်သည်။
၂၀၁၆ ကစပြီး ၇နှစ်ကြာ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် ဦးသန်းဌေးသည် အချက်သုံးချက်ကို အကြောင်းပြကာ ၎င်းအနေဖြင့် ပါတီမှ အနားယူတော့မည်ဟု အောက်တိုဘာ ၄ ရက် ညီလာခံအဖွင့်မိန့်ခွန်းတွင် တရားဝင် အသိပေးခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင် မစွမ်းဆောင်နိုင်ခြင်း၊ ပါတီဝင်များ သတ်ဖြတ်ခံရမှုကို အကာအကွယ်မပေးနိုင်ခြင်းနှင့် ခါးရိုးကျန်းမာရေးအခြေအနေကြောင့် အနားယူခြင်းဖြစ်သည်ဟု ဦးသန်းဌေးက ဆိုသည်။
အမှန်တကယ်မှာ အသက် ၆၈ နှစ်အရွယ် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး အနားယူခြင်းသည် ထင်သလောက် မရိုးရှင်းဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိအားပေးမှုကြောင့် နုတ်ထွက်သွားခြင်း ဖြစ်သည်ဟု ပါတီနှင့် နီးစပ်သူများထံမှ သိရသည်။

ယခုနှစ် ဩဂုတ်လ တတိယပတ်အတွင်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ်မှ ဦးခင်ရီ အနားယူကာ ပါတီသို့ ပြန်ရောက်လာပြီးနောက် ကျန်းမာရေးအရ ခွင့်ယူထားသည့် ဦးသန်းဌေးကို ပါတီမှ အပြီးတိုင် အနားယူရန် ဦးမြတ်ဟိန်းနှင့် ခေါင်းဆောင်အချို့က ဦးသန်းဌေးနေအိမ်သို့ သွားပြောခဲ့သည်ဟု အမည်မဖော်လိုသည့် ပါတီနှင့် နီးစပ်သူက ပြောသည်။
မင်းအောင်လှိုင်အနေဖြင့် ဦးခင်ရီကို ကြံ့ခိုင်ရေးပါတီတွင် ဦးဆောင်စေပြီး သမ္မတအိပ်မက်ရှိသည့် ဦးသန်းဌေးကို နိုင်ငံရေးအရ ရှင်းထုတ်ခြင်းဖြစ်သည်ဟုလည်း ပါတီနှင့် အတွင်းကျကျ နီးစပ်သူများက ဆိုသည်။
“ပါတီဥက္ကဋ္ဌဆိုတာ စည်းရုံးရေးနဲ့ သက်ဆိုင်တဲ့အတွက် ဂုဏ်သိက္ခာပိုင်းနဲ့ ပတ်သက်ရင် ဦးခင်ရီက ပုံရိပ်ကောင်းတာမှ မရှိတာ။ တစ်ခုတော့ ရှိတာပေါ့။ မင်းအောင်လှိုင်ကနေ ရွေးကောက်ပွဲနိုင်အောင် ငါလုပ်မယ်။ ပါတီကို မင်းသွားဦးဆောင်ဆိုပြီး ပြောသလားပဲ”
ပါတီဥက္ကဋ္ဌသစ်အဖြစ် မင်းအောင်လှိုင် ရွေးချယ်လိုက်သည့် ရဲချုပ်ဟောင်း ခင်ရီသည် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်ခေတ်နှင့် စစ်ကောင်စီလက်ထက်တို့တွင် လဝကဝန်ကြီးရာထူးယူခဲ့သူဖြစ်ပြီး တပ်ထောက်ခံပွဲများကို စီစဉ်သူဟု သတင်းကြီးသူ ဖြစ်သည်။
ကြံ့ခိုင်ရေးပါတီမှာ NLD ဝင်မပြိုင်သည့် ၂၀၁၀ မှလွဲ၍ မည်သည့်ရွေးကောက်ပွဲတွင်မှ အနိုင်ရလေ့မရှိသည့် ပါတီဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)