စစ်တပ်က ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းတွင် ယခင်ကထက် အကျင့်ပျက်ခြစားမှုများရှိလာပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိသားစုအပါအဝင် စစ်တပ်၏ ဘဏ္ဍာတိုက်သဖွယ်ဖြစ်လာသည်ဟု Global Witness အဖွဲ့က ထုတ်ပြန်လိုက်သည်။
၂၀၁၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အစိုးရက ကျောက်စိမ်းတူးဖော်ခွင့် ရပ်ဆိုင်းကာ ထိုသဘာဝသယံဇာတူးဖော်ရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း စစ်တပ်အရာရှိများ၊ စစ်တပ်ကုမ္ပဏီများနှင့် ၎င်းတို့၏ စီးပွားဖက်များက ထိုကြိုးပမ်းမှုကို လျစ်လျူရှုခဲ့သည်ဟု ဆိုသည်။
တရားမဝင်ကျောက်စိမ်းတူးဖော်ခွင့်နှင့် ကျောက်စိမ်းတူးဖော်ရာတွင် အသုံးပြုသည့် ဒိုင်းနမိုက်များတင်သွင်းခွင့်ပါမစ်များမှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည်စုံက အကျိုးအမြတ်များခွဲဝေရရှိနေသည်ဟု ဇွန် ၂၉ ရက်တွင် ထုတ်ပြန်သည့် Global Witness အဖွဲ့၏ ‘ကျောက်စိမ်းနှင့် ပဋိပက္ခ၊ မြန်မာ့အဆိုးသံသရာ’ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ကျောက်စိမ်းကဏ္ဍမှာ သူ့မိသားစုပါဝင်ပတ်သက်နေမှုတွေက တချို့သူတွေအတွက် အံ့ဩစရာဖြစ်ချင်ဖြစ်နေပေမဲ့ အခွင့်ထူးခံ စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာနဲ့ လွှမ်းမိုးမှုအတွက် ဒီလိုအကျိုးအမြတ်များလှတဲ့ လုပ်ငန်းက အထောက်အကူဖြစ်ခဲ့ပါတယ်” ဟု Global Witness အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒအကြံပေး ကီးလ်ဒိုင်ရက်ဇ်က ပြောသည်။
“မင်းအောင်လှိုင်က လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံးရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့သူပါ။ အခု သူက မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေး၏ အမှောင်မိုက်ဆုံးနေ့ရက်တွေဆီ ပြန်ရောက်စေမယ့် ကပ်ဆိုက်စေမယ့် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တယ်” ဟုလည်း ၎င်းက ပြောသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသရှိ တရားမဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများမှနေ၍ အာဏာသိမ်းခေါင်းဆောင်၏ သားဖြစ်သူက အကျိုးအမြတ်ရရှိခဲ့ကြောင်း Global Witness အဖွဲ့က ဆိုသည်။
ထို့အတူ အစိုးရအရာရှိကြီးများသည် ကျောက်စိမ်းလုပ်ငန်းမှနေ၍ လာဘ်ငွေအများအပြားရနိုင်ပြီး ၎င်းတို့နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများကို လိုင်စင်များခွဲပေးနိုင်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဖားကန့်နယ်မြေရှိ တပ်မ (၁၀၁) တပ်မှူးများကို ငွေကြေးအမြောက်အမြားပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနမှူးထံမှ ဒိုင်းနမိုက်များတင်သွင်းခွင့်ပါမစ်ရရှိရန် ကုန်သည်များသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သား အောင်ပြည့်စုံနှင့် ဆက်စပ်ကာ လာဘ်ငွေများပေးခဲ့ရကြောင်းလည်း စစ်တပ်အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် Global Witness အဖွဲ့က ဆိုသည်။
ကုန်သည်များအနေဖြင့် ဒိုင်းနမိုက်များဝယ်ယူတင်သွင်းပြီးနောက် မြစ်ကြီးနားမှ ဖားကန့်မိုင်းတွင်းများသို့ သယ်ယူရောင်းချရာတွင်လည်း ရရှိသောအကျိုးအမြတ်များထဲမှ စစ်တပ်ကို ခွဲဝေပေးရသည်ဟု အစီရင်ခံစာက ဆိုသည်။
သက်တမ်းမတိုးပေးသည့် ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို လာဘ်ငွေယူကာ ဆက်လက်တူးဖော်ခွင့်ပြုခဲ့သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့သူ ဗိုလ်ချုပ်ညီညီဆွေနှင့် တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ်မောင်မောင်ဇံတို့ကို စစ်တပ်က ၂၀၁၈ ခုနှစ်တွင် တာဝန်မှ ရပ်စဲခဲ့သည်။
ဗိုလ်ချုပ်ညီညီဆွေသည် လာဘ်ငွေများစုဆောင်းရယူရာတွင် ၎င်းအတွက် ငွေကြေးကို ထပ်ဆောင်ရယူခြင်းကြောင့် တပ်မတော်အနေဖြင့် လျစ်လျူရှုရန် ခက်ခဲခြင်းဖြစ်နိုင်ကြောင်း ထိုဖြစ်စဉ်ကိုလေ့လာသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ Global Witness က ရေးသားထားသည်။
မြန်မာ့စစ်တပ်သည် ကျောက်စိမ်းတူးဖော်မှုများကို ပိုမိုချုပ်ကိုင်ကြောင်း၊ လိုင်စင်ရပ်ဆိုင်းခဲ့ချိန်တွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ကျောက်စိမ်း၊ ကျောက်မျက်လိုင်စင်များကို အများဆုံးရရှိနေကြောင်း Global Witness အဖွဲ့က ဆိုသည်။
လိုင်စင်အများစုသည် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၆ ပထမသုံးလအတွင်း မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ(MEHL) လက်အောက်ခံကုမ္ပဏီများကို ခွင့်ပြုပေးခြင်းဖြစ်ပြီး NLD အစိုးရမတက်မီ တပ်မတော်အတွက် ကြီးမားသည့်အကျိုးအမြတ်တစ်ခုဖြစ်ခဲ့သည်။
ကျောက်စိမ်းလုပ်ငန်းမှ အကျင့်ပျက်ခြစားမှုများသည် ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းချိန်အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မိသားစုအပါအဝင် တပ်မတော်ခေါင်းဆောင်များအထိ ပျံ့နှံ့ခဲ့ပြီး အာဏာသိမ်းပြီးနောက်တွင်လည်း စစ်အုပ်ချုပ်ရေးကို ငွေကြေးအထောက်အပံ့ဖြစ်စေသည့် အန္တရာယ်ရှိနေကြောင်း Global Witness က ဆိုသည်။

စစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် ကျောက်စိမ်းတူးဖော်မှုကို ထိန်းချုပ်ခွင့်ရှိလာပြီး ကျောက်စိမ်းထုတ်လုပ်ခွင့်လိုင်စင်များထုတ်ပေးကာ ရန်ပုံငွေ ရှာဖွေလာနိုင်ကြောင်းလည်း ဆိုသည်။
“တန်ဖိုးရှိတဲ့ တိုင်းပြည်ရဲ့စီးပွားရေးကဏ္ဍတွေမှာ တပ်မတော်က ကျယ်ကျယ်ပြန့်ပြန့်နေရာယူတတ်တယ်ဆိုတာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ကြေးရှိတဲ့ ကျောက်စိမ်းကုန်သွယ်ရေးက သက်သေပါပဲ။ ဒီအကျိုးအမြတ်တွေက လတ်တလောဖြစ်ခဲ့တဲ့ တရားမဝင်အာဏာရယူမှုမျိုးကို အထောက်အပံ့ဖြစ်ခဲ့တယ်” ဟု ကီးလ်ဒိုင်ရက်ဇ်က ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမေရိကန်နှင့် ဗြိတိန်အပါအဝင် အနောက်နိုင်ငံများက ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ခဲ့ပြီး ၎င်းက သားသမီးများဖြစ်ကြသည့် အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့ကိုလည်း အမေရိကန်က အရေးယူပိတ်ဆိုခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးများဖြစ်ကြသော အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့ပိုင်ဆိုင်သော A & M မဟာကုမ္ပဏီ၊ Sky One ဆောက်လုပ်ရေးကုမ္ပဏီ၊ The Yangon Restaurant၊ Yangon Gallery ပန်းချီပြခန်း၊ Everfit ကုမ္ပဏီ (ပြည်လမ်း City Mall ဈေးဝယ်စင်တာအပေါ်ထပ်ရှိ GymFitness ကာယလေ့ကျင့်ခန်း)၊ Seventh Sense ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းကုမ္ပဏီတို့ကိုလည်း အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူခဲ့သည်။
တပ်ချုပ်၏ သားသမီးများဖြစ်ကြသည့် အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့သည် ကုမ္ပဏီအမြောက်အမြားထူထောင်ထားကာ ဆောက်လုပ်ရေး၊ အာမခံလုပ်ငန်း၊ ဆေးရုံမှသည် ရုပ်ရှင်ထုတ်လုပ်ရေးအထိ လုပ်ငန်းများပေါင်းများစွာ လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ Myanmar Now က သတင်းဆောင်းပါးများ ရေးသားခဲ့ပြီးဖြစ်သည်။
တပ်ချုပ်သား အောင်ပြည့်စုံသည် ကိုယ်ကျိုးစီးပွားအတွက် တပ်မတော်နှင့်ဆက်စပ်နေသည့် အောက်ခြေလုပ်ငန်းများအထိ ထွေးရောယှက်တင်ပါဝင်နေပြီး အကျိုးအမြတ်ကြီးမားလှသည့် ကျောက်စိမ်းတူးဖော်ရေးတွင် ပါဝင်နေသည်မှာ ထူးဆန်းသည့်ကိစ္စဟုပင် မဆိုနိုင်ကြောင်း အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကိုပြောသည်။
“တပ်ချုပ်သားကတော့ အဲ့လိုနေရာ(တန်ဖိုးနည်းလုပ်ငန်းများ) ကအစ စီးပွားရေးတွေအကုန်လုပ်တယ်ဗျ။ ပိုက်ဆံရတဲ့ကိစ္စမှန်သမျှ အကုန်လုပ်တယ်။ အဲ့ဒါလေးလောက်တော့ သူမလုပ်ဘူးလို့ ကျွန်တော်ထင်မိတာပေါ့။ သိန်းတစ်သောင်း၊ နှစ်သောင်းလုပ်ငန်းလောက်ကို လက်ရှောင်လိမ့်မယ်ထင်တာ။ ဘယ်ဟုတ်မလဲ။ သူလုပ်တယ် ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူများမှာ ဦးတေဇ၊ ဦးရုံးမူ၊ ဦးလပိုင်ခွန်ဆာ စသည့်ကျောက်စိမ်းဘုရင်များဖြစ်ပြီး ဦးအောင်ပြည့်စုံနှင့် ဆက်နွှယ်မှုများရှိကာ ကချင်ပြည်နယ်ရှိ ကျောက်စိမ်းလုပ်ကွက်များ၊ ပါမစ်များနှင့် ပတ်သက်၍ အဆက်စပ်များရှိနိုင်ကြောင်း လည်း အဆိုပါလုပ်ငန်းရှင်က ဆိုသည်။
Global Witness အဖွဲ့၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သား ဦးအောင်ပြည့်စုံကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။
NLD အစိုးရလက်ထက်တွင် ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်မှုကို ပြုပြင်ပြောင်းလဲရန် ရည်ရွယ်သော်လည်း လိုင်စင်ရပ်ဆိုင်းခြင်းကြောင့် အကျင့်ပျက်ခြစားမှုများပိုမိုများပြားလာပြီး လက်နက်ကိုင်များ အတူပူးတွဲကာ ကျောက်စိမ်းအလျင်အမြန်တူးဖော်ခြင်းနှင့် အန္တရာယ်ရှိသောတူးဖော်မှုများပြုလုပ်ရန် အခွင့်အလမ်းများပေါ်ခဲ့သည်။
စစ်ကောင်စီက ဆောင်ရွက်သည့် သတ္တုစမ်းသပ်တိုင်းတာရေးခွင့်ပြုမိန့်၊ ကျောက်မျက်နှင့် သတ္တုတူးဖော်ရေးခွင့်ပြုမိန့်နှင့် ကျောက်မျက်ဆိုင်လိုင်စင်များ အသစ်ခွင့်ပြုခြင်း သက်တမ်းတိုးခြင်းတွင် ပါဝင်ခြင်းမပြုရန် ရွေးကောက်ခံအမတ်များနှင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးဆောင်ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်ကာ တားမြစ်ထားသည်။
လက်ရှိတွင် စစ်ကောင်စီသည် နိုင်ငံသားလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပြုသည့် သက်တမ်းကုန်ခါးနီးဖြစ်သော ကျောက်မျက်နှင့် ကျောက်စိမ်းလုပ်ကွက်၊ သတ္တုအသေးစားနှင့် အလတ်စားလုပ်ကွက်များကို အသစ်ချပေးရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။



