သတင်း

စစ်ကောင်စီအတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်လာသည့် သံတွဲလေဆိပ်ကျဆုံးမှု

နာမည်ကျော် ငပလီကမ်းခြေ၏ တစ်ခုတည်းသော လေကြောင်းဝင်ပေါက်ဖြစ်သည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲလေဆိပ်ကို ယမန်နေ့ (ဇွန် ၂၃) ညနေ ၄ နာရီခန့်တွင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့သည်။

နာမည်ကျော် ငပလီကမ်းခြေ၏ တစ်ခုတည်းသောလေကြောင်းဝင်ပေါက်ဖြစ်သည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲလေဆိပ်ကို ယမန်နေ့ (ဇွန် ၂၃) ညနေ ၄ နာရီခန့်တွင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့သည်။

သံတွဲလေဆိပ်နှင့် ငပလီကမ်းခြေတစ်လျှောက် AA တပ်များဖြန့်ကြက်ထားကြောင်း ဒေသခံများက ဆိုပြီး ယင်းနေရာများတစ်ဝိုက် တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်နေသည်ဟု AA နှင့် နီးစပ်သူများကလည်း အတည်ပြုသည်။

“ငပလီကမ်းခြေတစ်လျှောက်လုံး တိုက်ပွဲပြင်းထန်နေတယ်။ ဗမာစစ်သားတွေလည်း ဆုပ်ခွာထွက်ပြေးနေတာလည်းရှိတယ်။ ခုခံနေကြတဲ့သူတွေလည်းရှိတယ်” ဟု AA နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

AA သည် လေဆိပ်အနီးရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၅၆၆) နှင့် ခြေလျင်တပ်ရင်း ခလရ-၅၅ တို့ကို ဆက်လက်ထိုးစစ်ဆင်နေပြီး သံတွဲမြို့နှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။

“(ခမရ ၅၆၆) လည်း မကြာလောက်ပါဘူး။ လေဆိပ်ကျသွားတော့ ထောက်ပံ့ရေးပစ္စည်းမလာနိုင်ဘူးပေါ့” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး မြို့တွင်းလမ်းမမျာ ခြောက်ကပ်တိတ်ဆိတ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လော‌လောဆယ် AA က Amazing Hotel နားအထိ ရောက်နေပြီလို့ ပြောပါတယ်။ စစ်တပ်က ဒီမနက် ၁၀ နာရီ ၅၅ တပ်နားက ငပလီမီးပွိုင့်မှာ လမ်းတွေပိတ်လိုက်ပါတယ်။ မနက် ၄ ည ၉ ညမထွက်ရအမိန့်ထုတ်ထားပါတယ်။ လောလောဆယ် ငပလီမှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်” ဟု အခြားဒေသခံတစ်ဦးကလည်း ဆိုသည်။

စစ်ကောင်စီတပ်သည် သံတွဲနှင့် ငပလီမကျစေရန်အတွက် ကြည်း၊ ရေ၊ လေ စစ်ကြောင်းများဖြင့် တန်ပြန်တိုက်ခိုက်နေပြီး ပင်လယ်ဘက်ကမှ ရေတပ်စစ်သင်္ဘောများ၏ ပစ်ခတ်သံများကိုလည်း ကြားနေရသည်ဟု ဒေသခံတို့က ဆိုသည်။

သံတွဲလေဆိပ်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များထိန်းချုပ်နိုင်သည့် ပထမဆုံးသောလေဆိပ်ဖြစ်လာပြီး ထိုလေဆိပ်သိမ်းပိုက်ခံရမှုက စစ်ကောင်စီအတွက်ကြီးမားသည့် ဆုံးရှုံးမှုလည်းဖြစ်လာသည်။

ငပလီကမ်းခြေတွင် စစ်ဗိုလ်ချုပ်များနှင့် စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ခရိုနီများပိုင်ဆိုင်သော ဟိုတယ်အများအပြားရှိပြီး စစ်ကောင်စီတပ်သားများအတွက် အပန်းဖြေရာနေရာတစ်ခုလည်း ဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းကပင် နိုင်ငံအနှံ့ရှိ ရှေ့တန်းစစ်မျက်နှာတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် တပ်ဖွဲ့ဝင်များကို ငပလီကမ်းခြေသို့ အပန်းဖြေရန်အတွက် သံတွဲလေဆိပ်မှတစ်ဆင့် ပို့ဆောင်ခဲ့သည်။

AA သည် ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဟု ကြေငြာထားကာ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

လက်ရှိတွင် အမ်း၊ မောင်တော၊ သံတွဲရှိ စစ်စခန်းများကို ထပ်မံတိုက်နေသည်။

မောင်တောမြို့ရှိ လက်ကျန်တပ်စခန်းများကို တိုက် ခိုက်တော့မည်ဖြစ်၍ အသက်အန္တရာယ်ကျရောက်နိုင်သဖြင့် ဒေသခံများ အနေဖြင့် ဇွန် ၁၆ ညပိုင်းမှ စတင်ထွက်ခွာရန် AA က အသိပေးထားသည်။

Show More

Related Articles

Back to top button