ဆောင်းပါး

နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်ပိတ်ဆို့မှု ဘယ်လိုရိုက်ခတ်နိုင်သလဲ

နိုင်ငံတကာ ငွေပေးချေမှုများအတွက် အခရာကျသည့် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပါအဝင် အာဏာသိမ်းစစ်တပ် လက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ယမန်နေ့ (ဇွန် ၂၁) တွင် ကြေညာခဲ့သည်။

ဖိနှိပ်ခံ မြန်မာပြည်သူများကို ထောက်ခံအားပေးရန်နှင့် လက်နက်အားကိုးဖြင့် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသော စစ်ကောင်စီကို ဆက်လက်ဖိအားပေးရန် နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုနှင့် ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်က ပစ်မှတ်ထားအရေးယူလိုက်ခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေကြေးနှင့် ပတ်သက်၍ အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့် ကျယ်ကျယ်ပြန့်ပြန့်ရရှိထားသည့် ထိုဘဏ်ကြီးနှစ်ခုမှတစ်ဆင့် နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ခွင့်ရနေသည့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကဲ့သို့သော အဖွဲ့အစည်းများကို အသုံးချကာ မြန်မာစစ်တပ်က စစ်လက်နက်ပစ္စည်းများ ဝယ်ယူရရှိနေသည်ဟု အမေရိကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ပြီးနောက် မည်သို့သော ရိုက်ခတ်မှုများ ရှိလာနိုင်သနည်း။

နိုင်ငံခြားငွေကြေးဖြင့် လည်ပတ်လုပ်ကိုင်ရသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အဓိကကျသည့် ဘဏ်များဖြစ်၍ အမေရိကန်၏ ပိတ်ဆို့မှုကြောင့် ထိုဘဏ်စနစ်အတွင်း စီးဆင်းသည့် နိုင်ငံတကာငွေပေးချေမှုများအားလုံး ခက်ခဲသွားနိုင်ကြောင်း MFTB ဘဏ်အရာရှိဟောင်းတစ်ဦးနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို စောင့်ကြည့်နေသည့် စီးပွားရေးပညာရှင်တို့က ဆိုသည်။

MFTB ဘဏ်သည် အမေရိကန်အခြေစိုက် Bank of America, ဗြိတိန်အခြေစိုက် Standard Chartered အပါအဝင် နိုင်ငံတကာနှင့် ချိတ်ဆက်၍ ဘဏ်စာရင်းဖွင့်ထားသည့် ကွန်ရက်အကြီးမားဆုံးဘဏ်ကြီးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး ငွေပေးချေမှုသာမက အစိုးရ၏ နိုင်ငံခြားငွေပေးချေမှုများကို ဝန်ဆောင်မှုပေးရသည်ဟု MFTB ဘဏ်အရာရှိဟောင်းက ပြောသည်။

“ဒီဟာက (နိုင်ငံခြားငွေဝင်ထွက်မှုအတွက်) Main Gateway (ပင်မဝင်ထွက်ပေါက်) ဖြစ်နေတာပေါ့။ တခြား ရှိနေရင်တောင် ဒီကောင်လောက် အရေးမပါဘူး။ တခြား MICB ဘဏ်ကိုပါ ပိတ်လိုက်တာကိုး။ ပုဂ္ဂလိကဘဏ်လေးတွေကနေ ပမာဏအသေးလေးတွေ လွှဲနိုင်တဲ့လမ်းကြောင်း ရှိကောင်းရှိမယ်။ ဒါပေမဲ့ ဒါတွေက မပြောပလောက်ဘူး” ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားငွေအဝင်အထွက်ကို ထိန်းကြောင်းရန် လိုအပ်သဖြင့် နိုင်ငံပိုင်ဘဏ်များဖြစ်သည့် MFTB နှင့် MICB တို့ကို လုပ်ပိုင်ခွင့် ကျယ်ကျယ်ပြန့်ပြန်ပေးကာ ပုဂ္ဂလိကနှင့် အခြားဘဏ်များကို ယခင်ကတည်းက ကန့်သတ်ထားပုံရသည်ဟုလည်း ဘဏ်အရာရှိဟောင်းက ထောက်ပြသည်။

အမေရိကန်အစိုးရအနေဖြင့် အာဏာသိမ်းစစ်တပ်ကို ပစ်မှတ်ထားအရေးယူနေပြီး ထိုဘဏ်နှစ်ခုကို ပိတ်ဆို့ခြင်းသည် စစ်ကောင်စီကိုသာမက ပြည်သူလူထုကိုပါ ထိခိုက်နိုင်သဖြင့် အရေးယူနိုင်ရေး ချင့်ချိန်နေခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“ပုဂ္ဂလိကလုပ်ငန်းရှင်တွေက ပုဂ္ဂလိကဘဏ်တွေမှာ FE အကောင့်တွေ ဖွင့်ထားတာ ရှိချင်ရှိမယ်။ ဒါတွေကို ငွေအပေးအယူလုပ်တဲ့အခါကျတော့ တချို့ ငွေများတဲ့အတိုင်းအတာဆိုလို့ရှိရင် ကျွန်တော်တို့ MFTB လမ်းကြောင်းက သွားကြတာလို့ ကျွန်တော်တော့ ယုံကြည်တယ်” ဟု MFTB ဘဏ်အရာရှိဟောင်းက ပြောသည်။

“ပုဂ္ဂလိကဘဏ်တွေအနေနဲ့ နိုင်ငံကြီးတွေမှာ လိုက်ပြီး အကောင့်တွေလိုက်ဖွင့်ဖို့ဆိုတာက သိပ်မလွယ်ဘူး။ မလွယ်တဲ့အခါကျတော့ အစိုးရကလည်း ဒါကို ဗဟိုဘဏ်ဥပဒေအရ ခွင့်ပြုချင်မှ ပြုမယ်။ ဘာဖြစ်လို့လဲ ဆိုတဲ့အခါကျတော့ FE အဝင်အထွက်ကိုလည်း ထိန်းချုပ်ဖို့လည်း ရှိသေးတာကိုး။ ဒီကနေ MFTB လမ်းကြောင်းက သွားဖို့များတယ်”

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း ဘဏ်များကို ဝိုင်းဝန်းသပိတ်မှောက်မှုကြောင့် ဘဏ်ငွေလွှဲမှုအားလုံး ရပ်တန့်သွားသလို အမေရိကန်၏ စီပွားရေးဒဏ်ခတ်မှုခံရသဖြင့် အကောင့်ထဲ ပိတ်မိနေသော ငွေကြေးများ ယနေ့တိုင် ပြန်တောင်း၍ မရခဲ့ကြောင်း ၎င်းက ထောက်ပြသည်။

ထိုအချိန်က နိုင်ငံခြားငွေအကျပ်အတည်း အကြီးအကျယ်ဖြစ်ပေါ်ခဲ့ဖူးပြီး တစ်ကျော့ပြန်စစ်အာဏာသိမ်းမှုကြောင့် ယခုတစ်ကြိမ် ထပ်မံအရေးယူခံလိုက်ရပြီဖြစ်ရာ အမေရိကန်နှင့် အနောက်နိုင်ငံများမှ ကုန်ပစ္စည်းများကို တိုက်ရိုက်ဝယ်မရသည်အထိ ဖြစ်လာနိုင်သည်။

အာဏာရှင်ဟောင်း ဦးနေဝင်း၏ မဆလအစိုးရလက်ထက်မှ ဦးသိန်းအစိုးရလက်ထက်အထိ ထိုအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရပြီး ထိုစဉ်က ဗဟိုစီးပွားရေးချုပ်ကိုင်မှုစနစ်ဖြစ်၍ ထိခိုက်မှုသက်သာသော်လည်း ယခုတစ်ကြိမ်၌မူ စီးပွားရေးတံခါးဖွင့်ပြီးမှ ကြုံကြိုက်ရခြင်းဖြစ်ရာ သက်ရောက်မှု ပို၍ ပြင်းထန်နိုင်ပေသည်။

စီးပွားရေးတံခါးဖွင့်အပြီး ဘဏ်လုပ်ငန်းအပါအဝင် နယ်ပယ်စုံ၌ စစ်တပ်နှင့် ဆက်နွှယ်သူများ၊ ခရိုနီများနှင့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ကြီးထွားလာပြီး အရေးယူပိတ်ဆို့မှုများကြောင့် အကျပ်အတည်းကြုံမည်ဖြစ်ရာ တိုင်းပြည်စီးပွားရေးအပေါ်လည်း သက်ရောက်မည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ကျဆင်းမှုကြောင့် စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားငွေ ရှားပါးနေပြီး တိုင်းပြည်အတွင်း ဝင်လာသည့် ဒေါ်လာများကို စစ်ကောင်စီက ပုံသဏ္ဍာန်မျိုးစုံဖြင့် ထိန်းချုပ်နေသည်။

MFTB နှင့် MICB ဘဏ်တို့နည်းတူ ပြည်တွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်းများမှတစ်ဆင့် ပေးချေမှုပြုလုပ်နိုင်သောကြောင့် ရွေးချယ်စရာရှိနေသေးကြောင်း အမည်မဖော်လိုသည့် ဘဏ်နဲ့နီးစပ်သူတစ်ဦးက ဆိုသည်။

ယခုနောက်ပိုင်း ဝင်ရောက်လာသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် MFTB နှင့် MICB ဘဏ်တို့ကို အသုံးပြမှုနည်းပြီး ပြည်တွင်း၌ လုပ်ကိုင်ခွင့်ပေးထားသည့် နိုင်ငံခြားဘဏ်များကို အသုံးပြုကြောင်း၊ ထို့ကြောင့် MFTB နှင့် MICB ဘဏ် အသုံးပြုနေသူများသာ အခက်တွေ့နိုင်ကြောင်း ၎င်းက ဆိုသည်။

“MEB (မြန်မာ့စီးပွားရေးဘဏ်) ကို ဆန်ရှင်ချလိုက်ရင် သက်ရောက်မှု အကြီးကြီးရှိသွားနိုင်တယ်။ ငွေကြေးစီးဆင်းမှုတွေ လုံးဝမဖြစ်နိုင်တော့ဘူး။ ODA တွေရှိတယ်။ Government to Government ချေးထားတဲ့ Loan ချေးငွေတွေရှိတယ်။ အကယ်၍ MEB ကို ဆန်ရှင်ချရင် သက်ရောက်မှုက အရမ်းကြီးသွားမယ်။ အခုလောလောဆယ် MFTB MICB ကို ချလိုက်တာက Customer တွေအပေါ် သွားပြီး အနည်းနဲ့အများ သက်ရောက်မှုရှိတယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီ၏ ငွေပေးချေမှုများအတွက် အခြားဘဏ်များကို စဉ်းစားနိုင်ကြောင်း၊ အမေရိကန်၏ စီပွားရေးပိတ်ဆို့မှုကို တန်ပြန်နိုင်ရန် ဒေါ်လာမဟုတ်သည့် တရုတ်ယွမ်၊ ရုရှားရူဘယ်နှင့် အိန္ဒိယ ရူပီးတို့ကို တိုက်ရိုက်ပေးချေနိုင်ရန် အာဏာသိမ်းပြီးချိန်မှစ၍ ကြိုးစားနေကြောင်းလည်း ၎င်းက ဆိုသည်။

ပေးချေမှုတစ်ခုခုအတွက် အမေရိကန်ဒေါ်လာ အသုံးပြုပါက အမေရိကန်ရှိ ဘဏ်တစ်ခုမဟုတ်တစ်ခုကို ဖြတ်သန်းပြီးမှသာ ပေးချေနိုင်ပြီး ထိုစနစ်ကို ကျော်လွှားရန် စစ်ကောင်စီက အသည်းအသန် ကြိုးစားနေခြင်းဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီတွင် ပဲရစ်အခြေစိုက် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့(FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ကြေညာမှုကြောင့် ငွေပေးချေမှုများ ကြန့်ကြာနေပြီး ယခုပိတ်ဆို့မှုမှာ ဒုတိယထိုးနှက်ချက်ဖြစ်ကြောင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။

ပိတ်ဆို့ခံရသည့် ဘဏ်နှစ်ခုသည် နိုင်ငံခြားဘဏ်လုပ်ငန်း အထူးပြုလုပ်ကိုင်သည့် ဘဏ်ကြီးများဖြစ်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဂျပန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီကဲ့သို့ အဖွဲ့အစည်းများကပင် ငွေစာရင်းများ ဖွင့်လှစ်ထားရသည်ဖြစ်၍ ထိုငွေကြေးစီးဆင်းမှုများလည်း အခက်တွေ့နိုင်သည်ဟု ၎င်းက ဆိုသည်။

“FATF ကြောင့် ငွေလွှဲရတာတွေက ပိုခက်လာတယ်။ အသွားအပြန်ပေါ့။ သူများဆီက လွှဲပေးလို့လဲ မရဘူး။ US က လုပ်တာဆိုတော့ US ဘက်ကို ငွေလွှဲတာအပါအဝင် အားလုံးကတော့ သတိထားမှာပေါ့။ ကြားခံဘဏ်တွေကလည်း ဂရုစိုက်တော့မှာပေါ့” ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်မဝင်သော်လည်း နိုင်ငံအတွင်းရှိ ရှိပြီးသား အမေရိကန်ကုမ္ပဏီများမှာ ငွေကြေးလွှဲပြောင်းမှုတွင် အကန့်သတ်ကြီးမားလာနိုင်ကြောင်း၊ ငွေလွှဲပြောင်းခြင်းနှင့် ပစ္စည်းဝယ်ယူမှုအတွက် စင်ကာပူကဲ့သို့သော နိုင်ငံများကို ကြားခံအသုံးပြုမှု ပိုမိုတွင်ကျယ်လာနိုင်သည်ဟု ဆိုသည်။

သို့သော် စစ်ကောင်စီသည် ၎င်းတို့ရရှိမည့် နိုင်ငံခြားဝင်ငွေများအတွက်မူ ပုံသဏ္ဍန်မျိုးစုံဖြင့် ကျော်လွှားနိုင်သည်ဟု အထက်ပါ စောင့်ကြည့်လေ့လာသူက ပြောသည်။

“ရေနံနဲ့ ဂက်စ်ဝင်ငွေတွေကတော့ သူတို့ဆီဝင်တာ မထိခိုက်သေးဘူး ထင်တယ်။ သူတို့လွှဲရင်သာ လက်နက်တို့ဘာတို့ ဝယ်လို့လွှဲရင်သာ ခက်သွားမယ်။ US နဲ့ ဆက်စပ်တဲ့ ကြားခံဆိုရင် မလွယ်တော့ဘူး။ အဲ့လိုတော့ ဖြစ်မယ်။ ရိုးရိုးကုန်သွယ်မှုအတွက် ထိုင်းကနေ ဂက်စ်အတွက် ပိုက်ဆံချေမယ်ဆိုရင်တော့ ရအုံးမယ် ထင်တယ်။ ကြာတာတော့ ရှိမှာပေါ့” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ ဘဏ်ကြီးနှစ်ခုကို အမေရိကန်အစိုးရက အရေးယူလိုက်မည်ဆိုပါက ထိုင်းစီးပွားရေးလုပ်ငန်းအပေါ် အကြီးအကျယ်သက်ရောက်လာမည်ဖြစ်ကြောင်း ထိုင်းမီဒီယာများက လွန်ခဲ့သည့် သုံးရက်ခန့်ကတည်းက ရေးသားနေကြသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အဆိုပါသတင်းကို ကြိုတင်သိရှိထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လျှို့ဝှက်ဆွေးနွေးတိုင်ပင်ပြီး အဖြေရှာရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သည့် တနင်္လာနေ့က ထိုင်းအိမ်စောင့်အစိုးရက ဦးဆောင်ပြုလုပ်ခဲ့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ အလွတ်သဘောတွေ့ဆုံပွဲတွင် ထိုဘဏ်များကိစ္စ ထည့်သွင်းဆွေးနွေးခြင်း ရှိမရှိ မသိရပေ။

အမေရိကန်အစိုးရ၏ ဘဏ်နှစ်ခုအပေါ် အရေးယူပိတ်ဆို့မှုသည် ထိုင်းနိုင်ငံစီးပွားရေးအတွက် တစ်နှစ်လျှင် ဘတ်ငွေ ၁၅၀ ဘီလျံအထိ ထိခိုက်နိုင်ပြီး အာဆီယံနိုင်ငံများအားလုံးအတွက် နှစ်စဉ် ၁ ထရီလျံအထိ ထိခိုက်နိုင်သည်ဟု ထိုင်းမီဒီယာများက ရေးသားဖော်ပြသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဓာတ်ဆီ (ဒီဇယ်ဆီ)၊ ပလတ်စတစ်အစေ့နှင့် မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ အဓိကတင်ပို့ပြီး ထိုင်းနိုင်ငံပိုင် PTTEP ၏ ရေနံတင်ပို့မှုများအတွက် ကြီးမားသည့် သက်ရောက်မှုများ ဖြစ်လာနိုင်မည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အမေရိကန်အစိုးရက စစ်ကောင်စီနှင့် ဆက်နွှယ်သည့် လူပုဂ္ဂိုလ် ၈၀ ၊ ဌာနအဖွဲ့အစည်းနှင့် ကုမ္ပဏီပေါင်း ၃၃ ခုကို ပစ်မှတ်ထား အရေးယူခဲ့သော်လည်း ထိရောက်မှုမရှိဟု အရပ်ဘက်အဖွဲ့အစည်းများက ဆိုထားသည်။

သို့သော် ယခုတစ်ကြိမ် ဘဏ်နှစ်ခုအပေါ် အရေးယူဒဏ်ခတ်မှုသည် ယခင်အရေးယူမှုများထက် ကျယ်ပြန့်ပြီး စစ်ကောင်စီ၏ ငွေကြေးလွှဲပြောင်းမှုသာမက ပြည်သူများ၏ ကုန်သွယ်မှုကိုပါ ထိခိုက်လာနိုင်သော အခြေအနေဖြစ်သည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ပိတ်ဆို့ခံရသည့် ဘဏ်နှစ်ခုမှာ အမေရိကန်တွင် ဘဏ်စာရင်းဖွင့်လှစ်ထားခြင်းမရှိ၍ ငွေကြေးဆုံးရှုံးမှုမရှိသလို စိုးရိမ်စရာမရှိကြောင်း ဇွန် ၂၀ တွင် ထုတ်ဖော်ပြောဆိုထားသည်။

ယခင်ကလည်း အလားတူ ပိတ်ဆို့ခံရဖူးပြီး ယခုအခါ ဘဏ်တစ်ခုတည်းက နိုင်ငံခြားဘဏ်လုပ်ငန်းကို ဆောင်ရွက်ခြင်းမဟုတ်၍ ငွေပေးချေမှုများကို ဆက်လက်ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။

“သူတို့ ဘာကြောင့်ဆိုလည်း လေ့လာကြည့်တဲ့အခါမှာ သူတို့ရဲ့ စွပ်စွဲချက်ပေါ့ဗျာ၊ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားငွေဝင်ရောက်မှု ကန့်သတ်ဖို့ ဒီအတွက်ရည်ရွယ်ပြီး လုပ်တယ်လို့ ပြောတာဖြစ်ပါတယ်” ဟု စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

မြန်မာနိုင်ငံတွင် MFTB နှင့် MICB အပါအဝင် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဟူ၍ နိုင်ငံပိုင်ဘဏ်ကြီး ၄ ခုရှိသည်။

၁၉၈၈ ရှစ်လေးလုံးလူထုအရေးတော်ပုံတွင် စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများက အဆက်သွယ်ဖြတ်တောက်ကာ အရေးယူပိတ်ဆို့မှုချမှတ်ခြင်းကို ကျင့်သုံးခဲ့ရာတွင် နိုင်ငံပိုင်ဘဏ်များလည်း ပါဝင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button