အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမေရိကန်လုပ်ငန်းရှင်ကို  ရန်ကုန်လေဆိပ်တွင် ဖမ်းပြီးနောက် ဒေါ်လာသုံးသိန်းတန်စာချုပ်အမှုကို စီအိုင်ဒီ စစ်ဆေးနေ

အမေရိကန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်း အဒမ် ကက်စတယ်လိုကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ပြီးနောက်၊ ၎င်းဦးဆောင်စဉ်က ချုပ်ဆိုခဲ့သည့် အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ တန် ဝါရှင်တန်လော်ဘီစာချုပ်နှင့် ပတ်သက်သည့် အငြင်းပွားမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

စစ်တပ်အာဏာပိုင်များသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း (AMCHAM Myanmar) ၏ ဥက္ကဋ္ဌဟောင်း အဒမ်ကက်စတယ်လို (Adam Castillo) ကို ဖမ်းဆီးထားပြီး   အသင်း နှင့် ဝါရှင်တန်အခြေစိုက် လော်ဘီကုမ္ပဏီ Mercury Public Affairs တို့အကြားချုပ်ဆိုထားသော  ဒေါ်လာသုံးသိန်းနီးပါး တန်ကြေးရှိသည့် စာချုပ်နှင့် ဆက်စပ်သော တရားစွဲဆိုထားမှုကို စစ်ဆေး နေသည်ဟု သိရှိရသည်။

၂၀၂၄ နှောင်းပိုင်း ဒေါ်နယ်ထရမ့် သမ္မတရွေးကောက်ပွဲ ဒုတိယအကြိမ်အောင်ပွဲခံသည့် အချိန်တွင် အဒမ်ကက်စတယ်လိုက မြန်မာနိိုင်ငံရှိ ဘဏ်လုပ်ငန်းရှင်များအား စီးပွားရေးပိတ်ဆို့မှု ကိစ္စရပ်များတားဆီးရန်၊ အမေရိကန်အစိုးရသစ်နှင့် ဆက်ဆံရေးကောင်းမွန်စေရန်ဆိုကာ ၎င်းတို့ထံမှ ငွေကြေးများကောက်ခံခဲ့သည်ဟု Myanmar Now ၏ သတင်းရင်းမြစ်များက ဆိုသည်။ ထို့နောက် ၎င်းသည် AMCHAM Myanmar အသင်းကို ကိုယ်စားပြု၍  ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ထိုစာချုပ် ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်အရ ၎င်းက ကနဦးတွင် ဒေါ်လာ နှစ်သိန်း ပေးချေခဲ့ပြီး ထိုစာချုပ် မရပ်ဆိုင်းသရွေ့  ၂၀၂၅ ခုနှစ် ဇွန်လမှစ၍  လစဉ်   ၃၃,၃၃၃ ဒေါ်လာ   ပေးချေရမည်ဖြစ်သည်။

သို့သော် အသင်းသား ကုမ္ပဏီအချို့ထံက ငွေကြေး တရားမဝင်ကောက်ခံခဲ့သည် ဆိုသည့် စွပ်စွဲချက်ကို အဒမ်က  ငြင်းဆိုထားသည်ဟု Myanmar Now ၏ ရဲသတင်းရင်းမြစ်က ဆိုသည်။ စုံစမ်းစစ်ဆေးနေသည့် ငွေပမာဏသည်  ဒေါ်လာ ငါးသိန်းခန့်ရှိသည်ဟုလည်း ၎င်းကဆိုသည်။

သို့ရာတွင် ယမန်နှစ်က   အသင်းတွင် ဥက္ကဋ္ဌအပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။ အမေရိကန် စက်ယန္တရား ကုမ္ပဏီ ကက်တာပီလာ (Caterpillar) ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ထိုအချိန်မှစကာ   စာချုပ်ဆိုင်ရာ  အကြောင်းအရာများကို စစ်ဆေးခဲ့ပြီးနောက်  အဒမ်ကက်စတယ်လိုသည် အသင်း၏ ခွင့်ပြုချက်မရှိဘဲ ထိုစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း၊ ထိုစာချုပ်ကြောင့် အသင်းကြီးသည် လော်ဘီကုမ္ပဏီကို လစဥ် ဒေါ်လာသောင်းချီပေးချေရမည့် အခြေအနေဖြစ်ပေါ်နေခြင်းတို့ကြောင့် အဒမ်ကက်စတယ်လိုကို  အရေးယူပေးရန် ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်ဟု သတင်းရင်းမြစ်များကဆိုသည်။

၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ရန်ကုန်မြို့တွင် အခြေချနေထိုင်သည့် အဒမ်ကက်စတယ်လိုကို  ဇွန်လ ၁၁ ရက်နေ့က မလေးရှားနိုင်ငံမှအပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရဲများကဖမ်းဆီးခဲ့သည်။ ၎င်းနှင့်အတူ အခြားနှစ်ဦးလည်း လေဆိပ်တွင်တပြိုင်တည်းဖမ်းခံခဲ့ရသည်ဟု Myanmar Now က စုံစမ်းသိရှိရသော်လည်း ထိုနှစ်ဦး၏ အသေးစိတ်အကြောင်းကို မသိရပါ။

ကက်စတယ်လိုကို ပန်းဘဲတန်းရဲစခန်းတွင် အမှုဖွင့်ထားပြီး အမှုကို မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ) က ကိုင်တွယ်စစ်ဆေးနေကြောင်း Myanmar Now ၏ ရဲသတင်းအရင်းအမြစ်ကဆိုသည်။

ထိုနေ့က သူ့ကို ရန်ကုန်မြို့ရှိ   စီအိုင်ဒီ၏စခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းခဲ့သည်ဟု   ထိုသတင်းအရင်းအမြစ်က ဆိုသည်။

 ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ယာယီရဲမှူးချုပ်စိုးလင်းအောင်က  အဒမ် ကက်စတယ်လိုသည် ရာဇဝတ်မှုတစ်ခုဖြင့် တရားစွဲခံရသဖြင့် သူ့ကိုဖမ်းဆီးထားပြီး အမှုမှာ ဥပဒေကြောင်းအရ စစ်ဆေးဆဲဖြစ်သဖြင့် အသေးစိတ်ရှင်းပြ၍ မရသေးကြောင်း ပြောကြားသည်။

နောက်ခံအခြေအနေများ

မစ္စတာကက်စတယ်လို ဖမ်းဆီးခံရသည့် အချိန်သည် အသင်းဥက္ကဋ္ဌအဖြစ် ၎င်းဆောင်ရွက်စဉ်က တည်ထောင်ခဲ့သော ‘အမေရိကန်-မြန်မာ စီးပွားရေးဖိုရမ်’ (US-Burma Economic Forum) နှင့်ပတ်သက်၍ အကြီးအကျယ် အငြင်းပွားနေချိန်လည်း ဖြစ်သည်။ အဆိုပါအဖွဲ့သည် ဝါရှင်တန်အခြေစိုက် စီးပွားရေးမူဝါဒ ညှိနှိုင်းဆောင်ရွက်ပေးသည့် အဖွဲ့တစ်ခု ဖြစ်သည်။

ထိုပွဲစားအဖွဲ့ကို အသုံးချ၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ထွက်ရှိသည့် မြေရှားသတ္တုနှင့် ပတ်သက်၍ အမေရိကန် စိတ်ဝင်စားမှု မြင့်တက်လာရန်  ကက်စတယ်လိုက တွန်းအားပေးလုပ်ဆောင်ခဲ့သည်။ ကက်စတယ်လိုသည် အမေရိကန် ဒုသမ္မတ ဂျေ ဒီ ဗန့်စ်၏ ရုံးခန်း၌ ပြုလုပ်ခဲ့သည့် အာရှရေးရာနှင့် ကုန်သွယ်ရေးဆိုင်ရာ အကြံပေးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ယမန်နှစ်တွင် သတင်းရေးခဲ့သည်။ ယင်းတွေ့ဆုံပွဲ၌ မြေရှားသတ္တုအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှု လျှော့ချနိုင်ရေးအတွက် မြန်မာ့မြေရှားသတ္တု အရင်းအမြစ်များကို အမေရိကန်က ရယူနိုင်မည့်နည်းလမ်း အဆိုပြုချက်များကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အသင်း၏ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်ချုပ်အစီရင်ခံစာအရ ကက်စတယ်လို တည်ထောင်ခဲ့သည့် အဆိုပါဖိုရမ်၏ ရန်ပုံငွေရှာဖွေမှု၊ ပြင်ပဆက်ဆံရေးများနှင့်ပတ်သက်၍ သို့လော သို့လော မေးခွန်းများ ထွက်ပေါ်လာပြီးနောက် ဖိုရမ်၏ ဖွဲ့စည်းပုံ၊ လှုပ်ရှားမှုနှင့် ကြီးကြပ်မှုအစီအမံများကို ပြန်လည်သုံးသပ်ရန်အတွက် အသင်းဘုတ်အဖွဲ့က ၂၀၂၅ ခုနှစ် ဇွန်လတွင် စီမံအုပ်ချုပ်မှုဆိုင်ရာ ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

ဘုတ်အဖွဲ့သည် ဖိုရမ်၏ လုပ်ငန်းလည်ပတ်မှုနှင့် ပတ်သက်၍ အချက်အလက် ပြည့်ပြည့်စုံစုံ မရခဲ့ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့နောက် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဖိုရမ်ဥက္ကဋ္ဌဖြစ်သူ ကတ်စတယ်လိုရာထူးမှ နုတ်ထွက်ခဲ့သည်။

မြန်မာနိုင်ငံရှိ ဘဏ်များကို နိုင်ငံတကာက ပိုမိုတင်းကျပ်လာချိန်၊ ဒဏ်ခတ်အရေးယူမှုနှင့် ဆက်စပ်၍ တွေးတောပူပန်စရာများ ရှိလာနေချိန်တွင် အဆိုပါ ဖိုရမ်ကို တည်ထောင်ခဲ့ခြင်းသည် မြန်မာနိုင်ငံရှိ ဘဏ်များနှင့် အမေရိကန်အစိုးရတို့အကြား ဆက်ဆံရေးအဆင်ပြေရန် တံတားခင်းပေးခြင်းဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။

အဆိုပါဖိုရမ်သည် ဝါရှင်တန်အခြေစိုက် လော်ဘီကုမ္ပဏီ Mercury Public Affairs ကို ငှားရမ်းခဲ့ပြီး ဒဏ်ခတ်အရေးယူမှုကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သည့် ပီတာ ကူဆစ် (Peter Kucik) က ဦးဆောင်ခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်တွင် ပါဝင်နေသည့် မြန်မာ့ဘဏ်များက ရန်ပုံငွေ စိုက်ထုတ်ခဲ့ကြသော်လည်း ဘဏ်တစ်ခုချင်းစီက ထည့်ဝင်သည့် ပမာဏအတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထိုကိစ္စနှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်နေသည့် ဘဏ်များနှင့် Mercury ကုမ္ပဏီဘက်ကပါ တတ်နိုင်သမျှ တိုးတိုးတိတ်တိတ် ဆောင်ရွက်လိုကြပြီး ဝန်ဆောင်ခမည်မျှပေးရသည်၊ မည်သို့မည်ပုံပေးချေသည် စသည်တို့နှင့် ပတ်သက်၍ နှစ်ဖက်လုံးလျှို့ဝှက်ထားခဲ့ကြသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ကက်စတယ်လို ဖိုရမ်မှ နုတ်ထွက်သွားပြီးနောက်တွင် အသင်းဘုတ်အဖွဲ့ဝင်ဟောင်း နှစ်ဦးသည် အသင်းကိုယ်စားပြုဟု ဆိုကာ Mercury Public Affairs ကုမ္ပဏီနှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်စွဲဖြင့် စာချုပ်တစ်ခု ချုပ်ဆိုခဲ့ကြောင်း ဘုတ်အဖွဲ့က သိရှိခဲ့ရသည်ဟု နှစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းကြောင့် အသင်းသည် အဆိုပါ ကိစ္စကို စုံစမ်းစစ်ဆေးရန် ရန်ကုန်တွင် ရုံးဖွင့်ထားသည့် လူသာ နိုင်ငံခြား ဥပဒေအကျိုးဆောင်လုပ်ငန်း (Luther Law Firm) ကို ငှားရမ်းခဲ့သည်။

နှစ်ချုပ်အစီရင်ခံစာတွင် ထည့်သွင်းထားသည့် လူသာကုမ္ပဏီ၏ လေ့လာတွေ့ရှိချက် အနှစ်ချုပ်အရ အဆိုပါစာချုပ်သည် ၂၀၂၅ ခုနှစ် သြဂုတ်လအထိ သက်တမ်းရှိပြီး စာချုပ်ပါ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ အထိ ရှိသည်။ သို့သော် ယင်းအတွက် “ဘုတ်အဖွဲ့က တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း”နှင့် ဆက်စပ်သုံးစွဲငွေများကိုလည်း “AMCHAM Myanmar ၏ ငွေစာရင်းကိုမသုံးဘဲ ပေးချေခဲ့ပုံရကြောင်း” ဖော်ပြထားသည်။

ထို့အပြင် အဆိုပါစာချုပ်ကို ယခင်ဘုတ်အဖွဲ့ သို့မဟုတ် လက်ရှိဘုတ်အဖွဲ့ထံ တင်ပြခြင်း သို့မဟုတ် အတည်ပြုချက် ရယူခြင်းမျိုး မရှိခဲ့ကြောင်း၊ AMCHAM Myanmar ကိုယ်စား ယင်းစာချုပ်ကို ချုပ်ဆိုရန် မည်သည့်ခွင့်ပြုချက်မျှ ပေးအပ်ထားခြင်းမရှိကြောင်းနှင့် သဘောတူညီချက်တွင်ပါရှိသည့် ငွေပေးငွေယူများသည် အသင်း၏ ဘဏ္ဍာရေးမှတ်တမ်းများ တွင် မပေါ်ပေါက်ကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချခဲ့သည်ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ စာချုပ်ကို အသင်းဘက်က တရားဝင် အတည်ပြုပေးမထားဟု လူသာ ကုမ္ပဏီက ထောက်ပြခဲ့ပြီး၊ ယင်းကို အတည်ပြုပေးလိုက်ပါက ကုမ္ပဏီဥပဒေ၊ အခွန်ဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေများနှင့် ငြိစွန်းနိုင်ကြောင်း သတိပေးခဲ့သည်။ လူသာ၏ တွေ့ရှိချက်များထဲတွင် “ရာဇဝတ်ဥပဒေနှင့် ငြိစွန်းနိုင်ခြေ အပါအဝင် ဥပဒေဆိုင်ရာ၊ ဥပဒေလိုက်နာမှုဆိုင်ရာ အလွန်စိုးရိမ်မကင်း ဖြစ်ဖွယ်များ” ဟု ဖော်ပြထားသည့် အချက်များလည်း ပါဝင်သည်။

အဆိုပါဖိုရမ်ကို တည်ထောင်ပြီး လအနည်းငယ်အကြာတွင် စီးပွားရေးလုပ်ငန်းရှင် ဦခင်မောင်ဝင်း AMCHAM Myanmar ၏ ဥက္ကဋ္ဌတာဝန် ပြန်လည်ယူခဲ့ပြီးနောက် ပဋိပက္ခ ပိုမိုပြင်းထန်လာခဲ့ကြောင်း နီးစပ်သူများက ပြောသည်။ ထို့နောက်တွင် ဖိုရမ်၏ လှုပ်ရှားမှုများ၊ ဘဏ္ဍာရေးနှင့် စီမံအုပ်ချုပ်မှု အစီအမံများနှင့် ပတ်သက်၍ ဆင့်ခေါ်မေးမြန်းသော်လည်း ဘုတ်အဖွဲ့အနေဖြင့် ရရှိသည့် ဖြေကြားရှင်းလင်းချက်များကို ကျေနပ်မှုမရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါ အငြင်းပွားစရာဖြစ်ရပ်ကြောင့် AMCHAM Myanmar အတွင်း ပို၍လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့သည်။ AMCHAM Myanmar သည် အသင်း အမှုဆောင်ဒါရိုက်တာ ဦးရဲခေါင်ကျော် (ခေါ် ) ဒန်နီကျော်ကို ရာထူးမှထုတ်ပယ်ပစ်လိုက်ပြီး ကက်စတယ်လိုကိုယ်တိုင် လုပ်ကိုင်နေသည့် လုံခြုံရေးအခြေအနေအစီရင်ခံမှုလုပ်ငန်းစဉ်ကိုလည်း ရပ်ဆိုင်းပစ်ခဲ့သည်။

၂၀၂၆ ခုနှစ် မတ်လတွင် AMCHAM Myanmar သည် ကက်စတယ်လို နှင့် အခြား ကုမ္ပဏီတစ်ခုတို့ကို အသင်းဝင်သက်တမ်းတိုးပေးရန် ငြင်းဆန်ခဲ့သည်။ ထိုကုမ္ပဏီသည် အငြင်းပွားဖွယ် ဖိုရမ်လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

အဆိုပါ နှစ်ချုပ်အစီရင်ခံစာတွင် ကက်စတယ်လို အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားခြင်းမရှိသလို ကက်စတယ်လိုကို ဖမ်းဆီးရသည့် နောက်ကွယ်အကြောင်းရင်းနှင့် တိုက်ရိုက် ဆက်စပ်မှု ရှိမရှိကို အတိအလင်း မဖော်ပြထားပါ။

သို့သော်လည်း ခွင့်ပြုချက်မရှိဘဲ စာချုပ်များ ချုပ်ဆိုခြင်းတွင် ၎င်းတို့၏ ကိုယ်စားလှယ်များ ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရပြီး ဘုတ်အဖွဲ့၏ စီမံအုပ်ချုပ်မှုဆိုင်ရာ ပြန်လည်သုံးသပ်မှုကို ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့် ကော်ပိုရိတ်အသင်းဝင် နှစ်ခု၏ အသင်းဝင်သက်တမ်းကို တိုးမြှင့်ပေးရန် ငြင်းဆန်ခဲ့ကြောင်း အစီရင်ခံစာတွင် မှတ်ချက်ပြုထားသည်။

အဆိုပါ အငြင်းပွားမှုဖြစ်ပွားပြီးနောက် ကက်စတယ်လိုသည် လက်ရှိ AMCHAM Myanmar ဘုတ်အဖွဲ့ဝင် အချို့ကို တရားမကြောင်းအရ အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး Myanmar Now က မေးမြန်းသည့်အခါ Luther (လူသာ) ဥပဒေအကျိုးဆောင်လုပ်ငန်းက အသေးစိတ် အချက်အလက်များကို ပြောကြားရန် ငြင်းဆန်ခဲ့ပြီး အမှုသည်၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရမည်ဟု တာဝန်ရှိသူတစ်ဦးဖြစ်သူ အဲလက်စ်ဘိုဟာရှ်က အီးမေးလ်ဖြင့် ဖြေကြားသည်။

AMCHAM Myanmar ၏ အမှုအတွက် ငှားရမ်းခဲ့မှုကို လက်ခံခဲ့ရာတွင် ၎င်းတို့အနေဖြင့် ကိုယ်ကျိုးစီးပွားပဋိပက္ခနှင့် လွတ်လွတ်ကင်းကင်းရှိသည်ဟု ဘိုဟာရှ်က ပြောသည်။ လူသာသည် အမှုအပ်ခံရစဉ်က AMCHAM Myanmar ၏ အသင်းဝင် မဟုတ်ကြောင်းနှင့် လက်ရှိ AMCHAM Myanmar ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းဖြစ်စေ ၎င်း၏ ကုမ္ပဏီဖြစ်စေ Luther Law Firm ၏ အမှုသည် မဟုတ်ကြောင်း ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ်ကို ကက်စတယ်လိုနှင့် AMCHAM Myanmar တို့ဘက်က တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

အဒမ်ကက်စတယ်လိုကမူ လူသာအဖွဲ့၏ စုံစမ်းအစီရင်ခံစာသည် လီဆယ်လုပ်ဆောင်ထားခြင်းဖြစ်ကြောင်းနှင့် ဦးခင်မောင်ဝင်း AMCHAM Myanmar ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် ၎င်း၏ AGS ကုမ္ပဏီနှင့် ၎င်း၏ မိတ်ဖက်နည်းပညာ ကုမ္ပဏီ Misfit Techonologies ကုမ္ပဏီ တို့ကို အသင်းဝင်အဖြစ်သက်တမ်းတိုးခွင့်မပေးခြင်းတို့ကြောင့် ဦးခင်မောင်ဝင်းကို ဥက္ကဋ္ဌ နေရာမှ ဖယ်ရှားပေးရန် အသင်းကို အဆိုပြုခဲ့ကြောင်း သိရှိရသည်။

ကက်စတယ်လို၏နောက်ကြောင်း ရာဇဝင်

ကက်စတယ်လိုသည် အမေရိကန် စစ်တပ်၏ မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ကာ လုပ်ငန်းလုံခြုံရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်။

နောက်ပိုင်းတွင် မြန်မာနိုင်ငံရောက် ပြည်ပစီးပွားရေး အသိုင်းအဝိုင်းကြား ထင်ရှားလာခဲ့ကာ မြန်မာနိုင်ငံ အမေရိကန်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌပါ ဖြစ်လာခဲ့သည်။

ကက်စတယ်လို၏ ဝက်ဘ်ဆိုက်ပါ ဖော်ပြချက်များအရ ၎င်းသည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် နိုင်ငံတကာ ကုမ္ပဏီများကို အကြံဉာဏ်ပေးခြင်း၊ စီးပွားရေးအခွင့်အလမ်းများရစေရန် ကူညီချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ မူဝါဒရေးရာ ချဉ်းကပ်ဆောင်ရွက်ပေးခြင်းများကို ဆယ်စုနှစ်တစ်ခုကျော် ဆောင်ရွက်ခဲ့သူဟု သိရသည်။

ပြီးခဲ့သည့်သီတင်းပတ် ရန်ကုန်သို့မပြန်မီ ကက်စတယ်လိုသည် ၎င်းရေးသားသည့် “Finding Our Voice” (မိမိတို့အသံကိုရှာဖွေဖော်ထုတ်ခြင်း) စာအုပ်အတွက် မလေးရှားနိုင်ငံတွင် အရောင်းမြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါစာအုပ်တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းများတည်ထောင်မှုဆိုင်ရာ အတွေ့အကြုံများ၊ နိုင်ငံရေးနှင့် စီးပွားရေး ခေတ်ပျက်ကာလကြီး အတွင်း ဆက်လက်ရပ်တည်နိုင်ရန် ကြိုးပမ်းခြင်းများဆိုင်ရာ အမှတ်တရများကို ပြန်လည်ဖောက်သည်ချထားသည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ကာလတွင် ရင်ဆိုင်ဖြတ်ကျော်ပုံများ ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button