သတင်း

စစ်တပ်ပိုင်ကုမ္ပဏီများ ပိတ်ဆို့အရေးယူမှုကို အမည်ပြောင်းရှောင်ရှားနေ 

အာဏာသိမ်းပြီးနောက် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်းများသာမက ပြည်သူများ၏ ဆန့်ကျင် သပိတ်မှောက်များကိုပါ ရင်ဆိုင်နေရသည့် စစ်တပ်ပိုင်ကုမ္ပဏီများသည် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် အခြားအမည်ပြောင်းကာ လှုပ်ရှားလျက်ရှိသည်။

စစ်တပ်ပိုင်ကုမ္ပဏီများသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကို ရှောင်ရှားနေကြောင်း ယခုလအတွင်း ထုတ်ပြန်ခဲ့သည့် ဗြိတိန်အခြေစိုက် Global Witness နှင့် Earthrights International အဖွဲ့တို့၏ ပူးပေါင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပိတ်ဆို့အရေးယူခံထားရသည့် စစ်တပ်ပိုင် မြဝတီကုန်သွယ်ရေးကုမ္ပဏီသည် ဘုန်းမင်းမြတ်ဟူသော အမည်ဖြင့် ကုမ္ပဏီသစ်ထူထောင်ကာ ပြည်ပမှ စက်သုံးဆီနှင့် စားအုန်းဆီများ တင်သွင်းနေပြီး စစ်တပ်၏ ဦးပိုင်ကုမ္ပဏီ (MEHL) သည်လည်း မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သော Ever Meter မှတစ်ဆင့် ပြည်ပမှ ငွေလွှဲပြောင်းရယူရန် ဆောင်ရွက်နေသည်။

နိုင်ငံပိုင် မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းကို လွှဲပြောင်းရယူထားသည့် ဦးပိုင်ကုမ္ပဏီသည် ကိုကိုးကျွန်းအမည်ရ သင်္ဘောကို ပြည်ပကုမ္ပဏီတစ်ခုကို ရောင်းချရာတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်း ရရှိခဲ့သည်။ ထိုငွေကို Ever Meter ကုမ္ပဏီမှတစ်ဆင့် လွှဲပြောင်းနိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်။

အကြောင်းမှာ ဦးပိုင်၏မိတ်ဖက်ဖြစ်သော Ever Meter ကုမ္ပဏီသည် လျှပ်စစ်ဝန်ကြီးဌာနသို့ တင်သွင်းရန် စင်ကာပူနိုင်ငံမှ မီတာအလုံးရေ ၈ သိန်းကျော် မှာယူထားပြီး ကျသင့်ငွေကို အမေရိကန်ဒေါ်လာဖြင့် ပေးချေရမည်ဖြစ်ရာ ဦးပိုင်ကုမ္ပဏီ၏ သင်္ဘောရောင်းရငွေဖြင့် ချေမည်ဖြစ်သည်။

Ever Meter ကုမ္ပဏီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် လျှပ်စစ်ဝန်ကြီးဌာနသို့ စျေးကြီးသည့်လျှပ်စစ်မီတာ တင်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း တင်ဒါမအောင်သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ဖူးသည်။

နိုင်ငံတကာပိတ်ဆို့အရေးယူမှုကို စစ်တပ်ပိုင်ကုမ္ပဏီများက ထိုသို့ကျော်လွှားနေကြောင်း အထက်ပါအစီရင်ခံစာအပြင် စစ်တပ်ပိုင် အင်းဝဘဏ်နှင့် နိုင်ငံတကာဘဏ်သုံးခုအကြား ငွေကြေးလွှဲပြောင်းမှုမှတ်တမ်းများလည်း လွန်ခဲ့သည့် နိုဝင်ဘာလအတွင်းက ပေါ်ပေါက်ခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလက်အောက်ရှိ အင်းဝဘဏ်နှင့် ဩစတြေးလျအခြေစိုက် ANZ ဘဏ်၊ စင်ကာပူရှိ United Overseas Bank (UOB) ဘဏ်၊ ဗီယက်နမ်နိုင်ငံပိုင် BIDV ဘဏ်တို့အကြား ငွေကြေးလွှဲပြောင်းမှုမှတ်တမ်းများကို Distributed Denial of Secrets ဆိုသောအဖွဲ့က ဖွင့်ချခဲ့ခြင်းဖြစ်သည်။​

စစ်တပ်၏ ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့တွင် လက်ခွဲကုမ္ပဏီများစွာ ရှိနေပြီး အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် မှတ်ပုံတင်ကြေး ကျပ်တစ်သိန်းခွဲ အကုန်အကျခံပြီး ကုမ္ပဏီသစ် အလွယ်တကူ တည်ထောင်နိုင်သည်။

ယခင်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဌာန၏ ဝက်ဆိုက်တွင် အခကြေးငွေပေး၍ ဖတ်ရှုလေ့လာနိုင်သော်လည်း ၂၀၂၂  စက်တင်ဘာလမှစ၍ စစ်ကောင်စီက ပိတ်ပင်ခဲ့သည်။

စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သော စီးပွားရေးသမားများ၊ ကုမ္ပဏီများကို နိုင်ငံတကာအသိုင်းအဝိုင်းက လေ့လာစုံစမ်းပြီး ပစ်မှတ်ထား ပိတ်ဆို့အရေးယူလာပြီးနောက် ထိုသို့ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ပေါက်ကြားလာသည့် ဦးပိုင်ကုမ္ပဏီ၏ အစည်းအဝေးမှတ်တမ်းအရ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ပို့ကုန်လုပ်ငန်းများ ထိခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ စစ်တပ်ပိုင်ကုမ္ပဏီများ၏ နာယကဖြစ်သော အာဏာသိမ်းခေါင်းဆောင်က ၂၀၂၂  ဇွန်လအတွင်းက ထိုအစည်းအဝေးတွင် လုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

အာဏာသိမ်းစစ်တပ်နှင့် ဆက်နွှယ်သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ဒဏ်ခတ်အရေးယူရာတွင် ထိရောက်မှုရှိစေရန် နိုင်ငံအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကာ အားလုံးခြုံငုံသည့် ပြစ်ဒဏ်မျိုး ချမှတ်သင့်ကြောင်း Global Witness နှင့် Earthright International အဖွဲ့၏ ပူးပေါင်းအစီရင်ခံစာတွင် နိုင်ငံတကာကို အကြံပြုထားသည်။

အာဏာသိမ်းပြီးနောက် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ၁၆၅ ခုသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ပိတ်ဆို့အရေးယူခဲ့သည်ဆိုသော်လည်း ထိုပမာဏမှာ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ဆင်နွှဲသည့် ရုရှားနှင့် ပတ်သက်၍ ပိတ်ဆို့အရေးယူမှုပေါင်း ၃၁၀၀ ကျော် လုပ်ဆောင်ခဲ့သည်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မျှသာဖြစ်ကြောင်း Global Witness နှင့် Earthrights International အဖွဲ့တို့က ဆိုသည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စစ်ဗိုလ်ချုပ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ အပါအဝင် နိုင်ငံပိုင်လုပ်ငန်းများ၊ ကုမ္ပဏီများကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူထားရာ ထိုအထဲတွင် စစ်တပ်ပိုင် MEC နှင့် MEHL တို့လည်း ပါဝင်နေသည်။

နိုင်ငံတကာအစိုးရများအနေဖြင့် စစ်ကောင်စီအတွက် အဓိကဝင်ငွေရလမ်းဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် စစ်တပ်လက်အောက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့အရေးယူနိုင်ခြင်း မရှိသေးကြောင်းလည်း အထက်ပါ အစီရင်ခံစာတွင် ထောက်ပြသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကြာလာသည်အထိ နိုင်ငံပိုင် MOGE ကို ဥရောပသမဂ္ဂကသာ ဒဏ်ခတ်အရေးယူထားသေးသည်။​ အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ဇန်နဝါရီလတွင် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်ခဲ့ရာတွင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုဦးဆောင်ညွှန်ကြားရေးမှူးတို့သာ ပါဝင်ခဲ့ပြီး MOGE ကို အရေးယူခဲ့ခြင်း မရှိပေ။

ထိုင်းအစိုးရ၏ အပြင်းအထန်ကန့်ကွက်မှုကြောင့် နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို အရေးမယူနိုင်ခြင်းဖြစ်သည်ဟုလည်း Global Witness နှင့် Earthrights International အဖွဲ့တို့၏ အစီရင်ခံစာက ဆိုသည်။ ဒေသတွင်း စွမ်းအင်ကူးသန်းရောင်းဝယ်မှု ထိခိုက်လာသည်ဟု အကြောင်းပြကာ MOGE ကို ပိတ်ဆို့အရေးယူခြင်း မပြုရန် အိမ်နီးချင်း ထိုင်းနိုင်ငံက တောင်းဆိုသည်ဟု သိရသည်။

အစိုးရအတွက် ဘဏ္ဍာငွေ ၅၀ ရာခိုင်နှုန်းကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ရရှိနေခြင်းဖြစ်ပြီး နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့သည် စစ်ကောင်စီအတွက် နိုင်ငံခြားငွေ စီးဆင်းအောင် ဆောင်ရွက်ပေးနေရာ အမေရိကန်နှင့် ဗြိတိန်အစိုးရများအနေဖြင့် ထိုဘဏ်များကို အရေးယူရန် လိုအပ်သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သက်၍ အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု။

အနောက်နိုင်ငံအစိုးရများက စစ်ကောင်စီတာဝန်ရှိသူများ အပါအဝင် ၎င်းတို့နှင့် နီးစပ်သူများကိုပါ ဒဏ်ခတ်အရေးယူနေသော်လည်း မြန်မာနိုင်ငံရှိ ဗြိတိန်နှင့် ဥရောပကုန်သည်ကြီးများအသင်းတို့သည် ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်း ဂျာမနီသတင်းဌာန DW ၏ မကြာသေးမီက သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ဒဏ်ခတ်ပိတ်ဆို့မှုများကို ရံဖန်ရံခါ တုံ့ပြန်တတ်သည်။ စစ်ကောင်စီ၏ ဖေဖော်ဝါရီ ၅ ထုတ်ပြန်ချက်တစ်စောင်တွင် နိုင်ငံတကာက မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကျူးလွန်သူကို ထုတ်ဖော်ပြောကြားခြင်း မပြုဘဲ ရင်ဆိုင်ဖြေရှင်းနေသည့် စစ်ကောင်စီကိုသာ အပြစ်တင်နေသည်၊ အမှန်တကယ်တွင်မူ ၎င်းတို့က အကြမ်းဖက်ခြင်းမဟုတ်ဘဲ လက်နက်ကိုင်ခုခံသူတို့ကသာ အကြမ်းဖက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button