သတင်း

စစ်တပ်ပိုင် အင်းဝဘဏ်နှင့် နိုင်ငံတကာဘဏ်များကြား ငွေလွှဲပြောင်းမှုပေါက်ကြား

အနောက်အုပ်စုနိုင်ငံများ၏ အရေးယူပိတ်ဆို့ခြင်းခံထားရသည့် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC) လက်အောက်ခံ အင်းဝဘဏ်နှင့် နိုင်ငံတကာဘဏ်သုံးခုကြား ငွေလွှဲပြောင်းမှု များရှိနေကြောင်း နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့တစ်ခု၏ ထုတ်ပြန်ချက်အရသိရသည်။ 

ဩစတေးလျအခြေစိုက် ANZ ဘဏ်၊ စင်ကာပူမှ United Overseas Bank(UOB) နှင့် ဗီယမ်နမ်နိုင်ငံပိုင် BIDV တို့က အင်းဝဘဏ်နှင့် မြန်မာကျပ်ငွေ လွှဲပြောင်းသည့်အထောက်အထားများကို Distributed Denial of Secrets ဆိုသောအဖွဲ့က ဖွင့်ချလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် အင်းဝဘဏ်၏ မိခင်ကုမ္ပဏီ MEC ကို အမေရိကန်၊ ဥရောပသမဂ္ဂ(အီးယူ)နှင့် ဗြိတိန်တို့က အရေးယူပိတ်ဆို့ထားသော်လည်း ထိုဘဏ်ကို ငွေလွှဲပြောင်းနေသော ဘဏ်များရှိရာ နိုင်ငံ များကမူ အရေးယူ ပိတ်ဆို့ခဲ့ခြင်း မရှိပေ။

ANZ နှင့် အင်းဝဘဏ်ကြား ငွေပေးချေလွှဲပြောင်းရာတွင် ဆက်သွယ်ရေးတာဝါတိုင်ကုမ္ပဏီ edotco နှင့် နိုင်ငံတကာအာမခံကုမ္ပဏီ AIA Myanmar ပါဝင်ပြီး အာဏာသိမ်းပြီးနောက် ငွေကျပ်ငါးသိန်းမှ နှစ်သန်းခွဲ အထိ လွှဲပြောင်းမှုများရှိသည်ဟု ထိုအဖွဲ့က ဆိုသည်။ 

စင်ကာပူဘဏ် UOB နှင့် အင်ဝဘဏ်တို့ကြားလွှဲပြောင်းမှုတွင် MEC နှင့် တရုတ်သင်္ဘောလိုင်းကုမ္ပဏီ COSCO တို့က ဇူလိုင်လအတွင်း ငွေလွှဲပြောင်းမှုနှစ်ခုရှိပြီး စုစုပေါင်းကျပ် ၇၆ သန်းကျော်ရှိသည်။ 

MEC လက်အောက်ခံ Star High ကုမ္ပဏီသည် ဗီယမ်နမ်ဘဏ် BIDV နှင့် အင်းဝဘဏ်ကိုအသုံးပြုကာ Mytel ဆက်သွယ်ရေးကုမ္ပဏီကို ငွေလွှဲပြောင်းခဲ့သည်။ Mytel ကို MEC, Viettel နှင့် Myanmar National Telecom Holdings တို့က ဖက်စပ်ပိုင်ဆိုင်သည်။ 

ဗီယမ်နမ်ဘဏ်ခွဲ BIDV တွင် ဖွင့်လှစ်ထားသော Mytel ဘဏ်အကောင့်မှာ အသက်ဝင်နေဆဲဖြစ်ပြီး ၂၀၂၁ ဩဂုတ်တွင် ငွေလွှဲပြောင်းမှု ၅ ကြိမ်ရှိကာ စုစုပေါင်းကျပ် ၄၃၅ သန်းရှိကြောင်း ထိုအဖွဲ့၏ မှတ်တမ်းက ဆိုသည်။ 

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်၍ လိုက်နာမှုအားနည်းသဖြင့် ကမ္ဘာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့(FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းပြီးနောက် ယခုနောက်ဆုံးပေါက်ကြားသည့်မှတ်တမ်းများကို ထုတ်ပြန်ခြင်းဖြစ်သည်။

အမေရိကန်၊ ယူကေနှင့် အီးယူတို့က အရေးယူထားသော လုပ်ငန်းများ၊ အထူးသဖြင့် ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည့် လူမဆန်‌သော စစ်တပ်နှင့် ဆက်နွှယ်သော လုပ်ငန်းများနှင့် စီးပွားရေးဆက်လုပ်နေသည့် ဘဏ္ဍာရေးအဖွဲ့များသည် ဂုဏ်သိက္ခာကြီးမားစွာ ထိခိုက်မည့် အန္တရာယ်ကို ရယူနေခြင်းပင်ဖြစ်ကြောင်း Justyna Gudzowska က Myanmar Now ကို ပြောသည်။

အမေရိကန်အ‌ခြေစိုက် အကျိုးအမြတ်အတွက် မဟုတ်သော အဖွဲ့အစည်း The Sentry ၏ Illicit Finance Policy ဒါရိုက်တာဖြစ်သူ ၎င်းက ယင်းလုပ်ရပ်များ ဆက်ရှိနေမည်ဆိုလျှင် မိတ်ဖက်ကြားခံဘဏ်များအတွက်ပါ ပြဿနာများ ဖြစ်လာစေနိုင်ကြောင်း ထောက်ပြသည်။

အမေရိကန်၊ ယူကေနှင့် အီးယူတို့၏ အရေးယူမှုများကို လိုက်နာရခြင်းသည် ကြားခံဘဏ်များလုပ်ဆောင်ရမည့် တင်ကြို အလေးထားစိစစ်မှုစံနှုန်း၏ အစိတ်အပိုင်းပင်ဖြစ်ကြောင်း Justyna Gudzowska က ဆက်ပြောသည်။

ဩစတေးလျ ANZ ဘဏ်၏ ပြောရေးဆိုခွင့်ရှိသူကမူ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများအပါဝင် လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသည့် သက်ဆိုင်ရာဥပဒေများကို လိုက်နာကြောင်း Myanmar Now ကို ပြောသည်။ 

“ဘဏ်ငွေလွှဲပြောင်းမှု သို့မဟုတ် ဆက်စပ်မှုတွေကို မှတ်ချက်ပေးလို့မရနိုင်ပေမယ့် ANZ ဘဏ်က သက်ဆိုက်ရာစည်းမျဉ်းတွေနဲ့ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေအားလုံးကိုက်ညီကြောင်းသေချာဖို့ ခိုင်မာတဲ့လုပ်ငန်းစဉ်တွေရှိပါတယ်။ ဒီလုပ်ငန်းတွေက  FATF အဖွဲ့ရဲ့အကြံပြုချက်တွေနဲ့အညီပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

အင်းဝဘဏ်နှင့် ဘဏ်လုပ်ငန်းဆက်စပ်လုပ်ကိုင်မှုနှင့်ပတ်သက်၍ စင်ကာပူ UOB ဘဏ်ကို Myanmar Now က ဆက်သွယ်သော်လည်း မှတ်ချက်ပြုပြောဆိုခြင်းမရှိပေး။ 

“FATF ရဲ့ အကြံပြုချက်တွေအတွက် UOB ဘဏ်က သက်ဆိုင်ရာမြန်မာအပါဝင် ငွေကြေးလွှဲပြောင်းမှုနဲ့ ဘဏ်သုံးသူ ဆက်ဆံရေးကို တင်ကြိုတာဝန်ယူစိစစ်မှုတွေတိုးမြင့်လုပ်ဆောင်သွားပါမယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းစည်းမျဉ်းဥပဒေတွေကို လိုက်နာဆောင်ရွက်ဖို့၊ တစ်ချိန်တည်းမှာ အခြေအနေကို အနီးကပ်စောင့်ကြည့်သွားပါမယ်” ဟု အမည်ပျက်စာရင်းသွင်းမှုအပေါ် မှတ်ချက်ပြုသည်။

BIDV ဘဏ်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်းတုန့်ပြန်ခြင်း မရှိပါ။

စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများကို ဖော်ထည်နေသည့် Justice For Myanmar အဖွဲ့ကမူ ANZ နှင့် UOB တိုက အင်းဝနှင့် ဘဏ်လုပ်ငန်းဆက်လုပ်သည့်အပေါ်  ဩစတေးလျနှင့် စင်ကာပူအစိုးရကို ပြစ်တင်ဝေဖန်သည်။ 

အင်းဝဘဏ်နှင့် စီးပွားရေးဆက်လုပ်နေခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကြီးလွန်းနေသည့် အာဏာသိမ်းစစ်တပ်ကို ထောက်ပံ့ကူညီခြင်းဖြစ်သည်ဟု ဆိုသည်။

“ဩစတေးလျနဲ့ စင်ကာပူအနေနဲ့ အင်းဝဘဏ်ကဒါရိုက်တာတွေ၊ MEC လုပ်ငန်းနဲ့ ဒါရိုက်တာတွေအပါဝင် စစ်ကောင်စီနဲ့ ၎င်းရဲ့စီးပွားရေးလုပ်ငန်းတွေကို ချက်ချင်းပိတ်ဆို့ဖို့တောင်းဆိုပါတယ်” ဟု သူကဆိုသည်။ 


 

 

 

Show More

Related Articles

Back to top button